Sunday, August 15, 2010

ရွက်နုတွေ ဝေစေချင်လို့

အောင်သင်း


ဆရာ ဦးအောင်းသင်း လူငယ်တွေအတွက် ရည်ရွယ်ပြီး ရေးသားထားတဲ့ ရွက်နုတွေ ဝေစေချင်လို့ဆိုတဲ့ ဆောင်းပါးလေးကို မျှဝေလိုက်ပါတယ်။ ဒီဆောင်းပါးလေးတင်ထားပေးတဲ့ စာပေလောက ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ ဆရာဦးအောင်သင်းရေးသားတဲ့စာတွေဟာ ကျွန်တော်တို့ လူငယ်၊ လူလတ်ပိုင်းတွေကို တိုးတက်ရာ တိုးတက်ကြောင်း အထောက်အပံ့ကောင်းဖြစ်တယ်ဆိုတာ ငြင်းဖွယ်ရာမရှိပါဘူး။ ခံစားပြီး ဆင်ခြင်ကြည့်ကြပါစို့။

ကျွန်တော်အသက် ၈၃ နှစ်ထဲ ရောက်နေပါပြီ။ ရွက်ဟောင်းကြီး ဆိုပါစို့။ ရွက်ဟောင်းကြီးဆိုတော့ ကြွေရက်ကလည်း နီးလာပြီပေါ့။ ရွက်ဟောင်းတွေ ကြွေရင် ရွက်သစ်တွေဝေမှ သင့်ပါလိမ့်မည်။ ရွက်ဟောင်းကြွေလျက် ရွက်သစ်မဝေလျှင် ထိုသစ်ပင်မှာ ခြောက်သယောင်းသွားရပေ လိမ့်မည်။ သို့သော် လူ့လောကတည်းဟူသော သစ်ပင်ကြီးက ဘယ်တော့မှ အသေခံ ခြောက်သယောင်း မသွားပါ။ ရွက်သစ်တွေ တဝေဝေ ဖြစ်နေတတ်မြဲ ဖြစ်ပါသည်။ လောင်းရိပ်မိသော၊ အပူလောင်သော ရွက်နုတွေသာလျှင် နုလျက်နှင့်မဝေနိုင်ဘဲ ကြွေသွားရ တတ်မြဲ ဖြစ်သည်။ “ရွက်နုကြွေ” ပေါ့။
ထိုကဲ့သို့ ရွက်နုကြွေမဖြစ်ဘဲ ရွက်နုတွေဝေစေချင်သောကြောင့် မျိုးဆက်သစ် အတွက် ခွန်အားသစ် စာပေတွေကို ကျွန်တော် ကြိုးစားပမ်းစား ရေးနေမိသည်။ သို့သော် ကျွန်တော့်စာတွေကို လူငယ် ၁၀၀ လျှင် တစ်ယောက်မျှပင် ဖတ်မိပါလေစဟု ကျွန်တော် မကြာခဏ တွေးမိတတ်သည်။ လူငယ် ၁၀၀ မှာ တစ်ယောက်ဆိုလျှင် တစ်ထောင်မှာ ဆယ်ယောက်၊ တစ်သောင်းမှာ တစ်ရာ၊ တစ်သိန်းမှာ တစ်ထောင်၊ တစ်သန်းမှာ တစ်သောင်း၊ နည်းပါရောလား။ စင်စစ်အားဖြင့် ကျွန်တော့်စာကို ဖတ်မိသူ လူငယ်မှာ တစ်ပြည်လုံးတွင် လေး ငါး ခြောက်ထောင် လောက်သာ ရှိမည်ထင် မိသည်။

ထိုသို့ စဉ်းစားလိုက်သောအခါ ကလောင်စိတ်အားငယ်မိသည်မှာ အမှန်ဖြစ်သည်။ သို့သော်လည်း ထိုဖတ်မိသမျှသော လူငယ်လေးများက ကျွန်တော့်ထံ ကျေးဇူးတင်ကြောင်းလှမ်းပြီး စာရေးတတ်ကြသည်။ တစ်ခါတစ်ရံ အိမ်တိုင်ရာရောက်လာပြီး ဆွေးနွေး မေးမြန်းကြသည်။ တစ်ခါတစ်ရံ ရပ်ဝေးဒေသမှ တကူးတက လာရောက်ကြပြီး သူတို့နယ်မြေ လယ်မြေထွက် သီးနှံ၊ ဆီ၊ ဆားလေးများပင် ကန်တော့တက်ကြသေးသည်။ သည်လိုဆိုပြန်တော့လည်း ကလောင်အားတက် မိပြန်သည်။ သူတို့က ကျွန်တော့်စာကို ဖတ်ပြီး အားတက်မိကြောင်းလည်း ပြောပြတတ်ကြသည်။ ခေတ်အလိုက် သူတို့ပင်ပန်းကြီးစွာ ရုန်းကန်ရပုံ၊ စိတ်ထင်တိုင်း မပေါက်နိုင်ကြပုံ တို့ကိုလည်း ရင်ဖွင့်တတ် ကြသည်။ ကျွန်တော်က ခေတ်ကြီးကို ပြောင်းနိုင်သူမဟုတ်၊ သူတို့၏ စိတ်အားသတ္တိ အစရှိသည်တို့ ဖွံ့ဖြိုး တိုးတက်လာအောင် အားပေးနိုင်သူသာ ဖြစ်သည်။ အထူးသဖြင့် သတိပေးမိသည်ကတော့အသက်အရွယ်- ဘဝ စသည်တို့မှာ အချိန်ဖြင့်ဖွဲ့စည်းထားသည်ဖြစ်သောကြောင့် အချိန်ကို တန်ဖိုးထားမှ ဘဝကို တန်ဖိုးထားရာ ရောက်ကြောင်း၊ ထို့ကြောင့် အချိန်ကို အကျိုးမဲ့ ဖြုန်းတီးခြင်းမှာ ဘဝကိုဖြုန်းတီးခြင်းပင် ဖြစ်ကြောင်း စသည်တို့ကိုသာ ပြောပြမိပါသည်။ တစ်စုံတစ်ခုသော အသိပညာ၊ အတတ်ပညာကို စူးစမ်း လေ့လာနေခြင်းသည် တစ်နေ့သောအခါတွင် အကျိုးပေးခွင့်ပေါ်လာတတ်မြဲ ဖြစ်ကြောင်းကို ပြောပြလေ့ ရှိပါသည်။

လွန်ခဲ့သော တစ်ပတ်လောက်က အညာဒေသက လူငယ်လေးတစ်ယောက် ကျွန်တော့်ဆီ ပေါက်လာပါသည်။ သူနှင့် စကားပြောရင်းဆိုရင်းပင် ဘွဲ့ရပြီးဖြစ်ပါလျက် ဓာတ်ပုံဆရာယောင်ယောင်၊ ကွန်ပျူတာယောင်ယောင်နှင့်ပင် အလုပ်ဟူ၍ မည်မည်ရရမရှိ၊ ယောင်ပေပေ ဖြစ်နေရကြောင်း ပြောမိ ကြပါသည်။ ကျွန်တော်ကလည်း အလိုက်သင့်စကားဆိုရင်း ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားကြီး ဘဝက “ဉာဏ်ကြီးရှင်ဖြေဆိုပွဲ” တစ်ခုတွင် သွားလေသူ ဆရာမောင်ထင်၏ အဖြေကို သတိရမိလာသော ကြောင့် ပြောလိုက်မိပါသေးသည်။

ထိုပွဲတွင် ကျောင်းသားတစ်ယောက်၏ မေးခွန်းကို ဆရာကြီး မောင်ထင်က ဖတ်ပြလိုက်တော့ ဝေါခနဲ ပွဲကျသွားသည်။ မေးခွန်းက “ဆရာခင်ဗျား ကျွန်တော်တို့ ဘွဲ့ရကျောင်းသားများ ဘယ်တော့လောက် ဆီမှာ ဆိုက်ကားနင်းရမည် ထင်ပါသလဲ” ဆိုကိုး။
ဆရာ မောင်ထင်က

“ခင်ဗျားတို့ ဘွဲ့ရတွေ မကြာခင် ဆိုက်ကားနင်းရတော့မယ် ထင်ပါတယ်။ အဲဒီခေတ်ကိုလည်း မြန်မြန်ရောက်စေချင်လှပါပြီ။ ခင်ဗျားတို့က ပညာတတ်တွေဆိုတော့ ဆိုက်ကား နင်ရင်လည်း သက်သာ လွယ်ကူအောင် ဘယ်လိုလုပ်မလဲဆိုတာ ကြံဆလာကြလိမ့်မယ်။ ဒီတော့ စီးရသူမှာလည်း လူသက်သာ၊ အချိန်ကုန်သက်သာ ဖြစ်လာကြလိမ့်မယ်။ အစစ ပိုကောင်းလာတော့မှာပေါ့။ ခုတလောဖြင့် ကျွန်တော့မှာ ဆိုက်ကားစီးရတာ ခါးအောင့်လွန်းလို့ ခင်ဗျားတို့ခေတ်ကို မြန်မြန်ရောက်ပါစေလို့ ဆုတောင်းနေရတော့တာ ပါပဲ”တဲ့။ ကျောင်းသားတွေဆိုတာ တအုံးအုံးပွဲကျနေပါတော့သည်။ တက္ကသိုလ်ပညာဆိုသည်မှာ လုပ်ကိုင် စားသောက်ဖို့ သင်ပေးလိုက်သည်ဖြစ်စေဦး၊ ပဓာန ဦးတည်ချက်မှာ စူးစမ်းကြံဆ တီထွင်လုပ်ကိုင် နိုင်ကြ စေရန် ဖြစ်သည်။ ဓာတ်ပုံဆရာဖြစ်လျှင်လည်း စူးစမ်းကြံဆပေါ့။ ထို့နောက် တီထွင်ပေါ့။ ဒီလိုပဲ ကျွန်တော်က ပြောလိုက်တော့ သူက “ဆရာတို့က ခေတ်ကောင်းကို မီလိုက်တာကိုး”တဲ့။
သည်အခါမှာတော့ ကျွန်တော်က မနေနိုင်တော့ပြီ။

“ဘာကွယ့်၊ ခေတ်ကောင်းဟုတ်လား၊ ခေတ်ပျက်တာကို မင်တွေ့ဖူး ကြုံဖူးလား၊ ငါပြောပြမယ် ၊ သေချာနားထောင်၊ ဒုတိယကမ္ဘာစစ်ကြီး ဆိုတာကို မင်းတို့က သမိုင်းစာအုပ်ထဲမှာသာ တွေ့ဖူးတာ။ ငါတို့က ကလေးစိတ်မပျောက်တပျောက် ၊ လူပျိုမပေါက်တပေါက် ဆယ့်လေးငါးနှစ်အရွယ်မှာ ကြုံခဲ့ရတာ၊ ခေတ်ပျက်တာမဟုတ်ဘူး။ မြို့တွေ ရွာတွေပါ ပျက်သွားရုံမက အသက်ကိုလုပြီး ပြေးခဲ့လွှားခဲ့ရတာ။ ဂျပန် ဝင်လာတော့ ဗုံးကြဲ၊ စက်သေနတ်ပစ်၊ အင်္ဂလိပ်ဝင်လာတော့လည်း ဗုံးကြဲ၊ စက်သေနတ်ပစ်၊ မြို့ပေါ်မှာ မနေနိုင်လို့ တောကြိအုံကြားမှာ ပြေးလွှားနေခဲ့ရတာ။ လေကြောင်းရန်အေးလို့ မြို့ထဲပြန်ဝင်လာလိုက်တော့ ကိုယ့်အိမ် ကိုယ့်ရာကိုတွေ့ဖို့ မဆိုထားနဲ့၊ အိမ်နေရာ မြေကွက်ကိုတောင် မမှတ်မိတော့ဘူး။ တစ်မြို့လုံးပြာပုံ ဟင်းလင်းကြီး ဒိုးယိုပေါက် လင်းနေလေတော့ ကိုယ်မြေကွက်ကိုတောင် မနည်းကြီးမှန်းပြီး ရှာယူရတယ်။ ဗုံးကျင်းပေါ်တည့်တည့် ဗုံးကျလို့ သင်္ဂြီုလ်စရာ အလောင်းတောင် မတွေ့ရတာမျိုးတွေ၊ မိသားစုဝင်တွေ အကုန်နီးပါး ဗုံးစာမိသွားလို့ ကြောင်တက်တက် ကျန်နေရစ်သူတွေဟာ သာမန်အချိန်ဆိုရင် သွက်သွက်လည်အောင် ရူးသွားနိုင်တာပေါ့။ သူသူကိုယ်ကိုယ် ဒီလိုပဲ ကြုံကြရတာတွေကို ကြည့်ပြီး ဖြေနိုင် ကြလို့သာ ခေတ်ပျက်ခြင်းဒဏ်ကို ကြိတ်မှိတ်ပြီး ခံနိုင်ခဲ့ကြတာပါ။ မင်းတို့ အဲ့ဒါမျိုးကို မကြုံခဲ့ဖူးပါဘူး။

“ကဲ ထားလိုက်ပါတော့ကွာ၊ ငါပြောချင်တာက ဘယ်လို အခက်အခဲတွေကိုပဲ ကြုံရသည်ဖြစ်စေ၊ လူငယ်တွေဟာ အရွယ်ရှိခိုက်၊ ခွန်အားရှိခိုက် ဘဝတိုးတက်မှုအတွက် ကြိုးစားရုန်းကန်နေရမှာဘဲ၊ မင်းတို့ခေတ်က ငါတို့လူငယ်ဘဝခေတ်ထက် ပိုပြီးကံကောင်းပါတယ်။ စာအုပ်စာတမ်းတွေ အလွယ်တကူ ရတယ်။ အင်တာနက်တို့ ဘာတို့ကနေပြီး ပညာဆည်းပူးမလား၊ ပညာပေး စီဒီတွေ ဝယ်ကြည့်မလား၊ သင်တန်းတွေ တက်မလား၊ အားလုံးအလွယ်တကူ ရနိုင်တာချည်းပါပဲ၊ ငါတို့ငယ်ဘဝနဲ့ ယှဉ်လိုက်ရင် ဘယ်လို အသိပညာ၊ ဘယ်လို အတတ်ပညာမျိုးကိုမဆို လွယ်လင့်တကူ ဆည်းပူးသင်ယူနိုင်တယ်။ အဲ သင်ယူ ဆည်းပူးချင်တဲ့စိတ်ရှိရင် ပေါ့။

“အဲဒီလို စိတ်မျိုးမထက်သန်ရင်တော့ဖြင့် ဟိုဟာကြောင့် ဒီဟာကြောင့်နဲ့ ဘာမှ မလုပ်ဖြစ်ဘဲ အချိန်ကုန် အရွယ်လွန်နဲ့ အောက်တန်းကျသွားမှာပဲ၊ အောက်တန်းကျဖို့ဆိုတာမျိုးက လက်သီးလက်မောင်း တန်းပြီး ကြုံးဝါး ကြိုးပမ်းနေဖို့ လိုတာမှမဟုတ်ဘဲ၊ ဒီလိုပဲ နေရင်းထိုင်ရင်း အလိုလိုကျသွားတာပါပဲ၊ လူငယ် အများစုဟာ ဒီလိုပဲ ဖြစ်သွားကြမှာပဲ၊ ဘယ်ခေတ်မဆို ဒီလိုပါပဲ၊ ဒီခေတ်မှ မဟုတ်ပါဘူး။ ငါ့အသက် ရှစ်ဆယ်ကျော်ပြီ၊ ကိုလိုနီခေတ်၊ ဂျပန်ခေတ်၊ အင်္ဂလိပ်ခေတ်၊ လွတ်လပ်ရေးခေတ်၊ ဖဆပလခေတ် စသည် အားဖြင့် ခေတ်ပေါင်းများစွာ ကြုံခဲ့ရဖူးပါပြီ၊ နောင်လည်း ခေတ်တွေ ကြုံရဦးမှာပဲ၊ ဘယ်တတ်နိုင်မလဲ၊ ငါ တတ်နိုင်တာက ငါ့ကိုယ် ငါပဲ ထိန်းရကျောင်းရတာပဲ။

“ခုလည်း ငါတွေ့နေရတာပဲ၊ ကွန်ပျူတာတွေ၊ အင်တာနက်တွေ သုံးနိုင်နေကြတာပဲ၊ သို့သော် ဘယ်နေရာမှာ သုံးကြသလဲ၊ အသိပညာ၊ အတတ်ပညာအတွက်သုံးတဲ့၊ သုံးရကောင်းမှန်း သတိရတဲ့ လူငယ်တွေက ခေတ်ကိုရိုးမယ်ဖွဲ့နေဘူး။ မိမိကိုယ် မိမိ မမေ့မလျော့သော စိတ်နဲ့ထိန်းကျောင်း မောင်းနှင် သွားကြတာပဲ၊ ဒီတော့ ဘယ်လိုခေတ်ကိုပဲရောက်သည်ဖြစ်စေ သူတို့က အမြဲရှေ့မှာ ရောက်နေကြ လိမ့်မယ်။

“ငါဟာ ကွန်ပျူတာကို အစောဆုံးကိုင်ခဲ့တဲ့ သူပါ။ ဒီတုန်းက “ဟာ့ဒစ်”ဆိုတာတောင် မပေါ်သေး ဘူး။ အက္ခရာစာလုံးတွေက မင်းတို့ခေတ်လို မဟုတ်ဘူး၊ အစက် အစက်လေးတွေနဲ့ ပေါ်တာ။ ခုထက်ထိ ငါ့မှာ ရှေးဟောင်းပစ္စည်းအဖြစ် သိမ်းထား ရတယ်။ ဒါပေမဲ့ ခုတော့ ငါ့မှာ ကွန်ပျူတာ မကိုင်နိုင်တော့ဘူး။ အရွယ်က စကားပြောလာပြီ၊ မင်းတို့ရဲ့ အင်တာနက်တွေ၊ ဝက်ဘ်ဆိုက်တွေ၊ ဘလော့ဂ် ဆိုတာတွေကို အာရုံဖြတ်လိုက်ရပြီ၊ ငုံ့လို့တောင် မကြည့်မိတော့ဘူး။ ငါ့အရွယ်က အသစ်အသစ် ဆည်းပူးချိန် မဟုတ် တော့ဘူး။ ကိုယ်ဆည်းပူးခဲ့သမျှကို အနုလုံ ပဋိလုံသုံးသပ်ပြီး တွေးမိသမျှလေးကို ရေးရမယ့် အချိန်ပဲလို့ ဆည်းပူးမှု အငြိမ်းစားယူလိုက်ရပြီ။

“မင်းတို့ကို ငါက အားပေးရုံလောက်ပဲ တတ်နိုင်တော့တယ်။ မင်းတို့ ပွဲထဲမှာ ငါမဝင်နိုင်တော့ ဘူး။ ကွင်းဘေးက လက်ခုပ်တီးရုံပဲ တတ်နိုင်တယ်။ အဲ မင်းတို့လူငယ်တွေ အချင်းချင်းမှာ ပညာချင်းဖလှယ် လို့ လက်တွဲခေါ်ငင် ရှေ့ကိုတွင်တွင် လှမ်းကြဖို့သာ တိုက်တွန်းချင်တော့တာပါပဲ။ ဒါမျိုးဆိုတာ လူငယ်ထု တစ်ရပ်လုံး အူသေးအူမွှားမကျန် ပါလာအောင် စည်းရုံးလို့ ရစကောင်းတဲ့ အလုပ်မဟုတ်ဘူး၊ ဘဝသတိ၊ အရွယ် သတိ၊ အချိန် သတိရှိတဲ့ လူငယ်မျိုးကိုသာ တိုက်တွန်းလို့ ရတာ။ အဲဒီလို လူငယ်မျိုးတွေဟာ ခေတ်တွေ ဘယ်လိုပြောင်း ပြောင်း၊ အသက် မသေသေးရင် ရှေ့တန်းမှာ ရောက်နေမှာပဲ၊ ခေတ်တွေ အခြေအနေတွေကို လွှဲချမနေဘဲ တွေ့သမျှ ခေတ်၊ ကြုံသမျှအခြေအနေမှာ အရွယ်လေးရှိခိုက် ကြိုးစားလိုက်ဟယ် ဆိုတဲ့ သံန္နိဋ္ဌာန် ချကြရမှာပဲ။

“ဟိုလိုလို ဒီလိုလို အချိန်ဖြုန်းနေရင်တော့ ဘဝပြုန်းသွားမှာ သေချာတာပဲ၊ ငါက လူငယ်ထု တစ်ရပ်လုံး ကယ်တင်ဖို့ ကြိုးစားနေတာ မဟုတ်ဘူး။ ကြိုးစားလို့လည်း ရနိုင်တာမျိုးမဟုတ်ဘူး၊ သတိပေး ရုံသာ ပေးနိုင်တာ။”

“ကဲ ထားလိုက်ပါတော့ကွယ်၊ မင်းက ငါတို့ကို ခေတ်ကောင်းကြုံခဲ့တယ်လို့ ဆိုလိုက်တာကြောင့် လျှောက်ပြောနေမိတာပါ။ အဲဒါ စဉ်းစားကြည့်ကြပေါ့ကွယ်”

ကျွန်တော်က ထိုကဲ့သို့သော လေရှည်ကြီးနှင့် ရှင်းပြလိုက်သောအခါ ထိုလူငယ်က
“ဆရာ ပြောတာလည်း ဟုတ်တော့ဟုတ်နေတာပါပဲ၊ တချို့လူတွေက ခေတ်ကိုယိုးမယ်ဖွဲ့၊ ဟိုလိုလို ဒီလိုလိုနဲ့ အချိန်ကုန်နေသလို ဖြစ်နေတာပဲ၊ အင်တာနက်ဆိုတာတွေ ဘာတွေကိုသုံးနိုင်ပြန်တော့ လည်း “ချက်တင်း” စကားစမြည်ပြောကြ၊ ဘာဘာညာညာကို အဟုတ်ကြီးလုပ်ပြီးနေတာနဲ့ အချိန်ကုန်နေ ကြတာပဲ”

“အေး အဲဒါက စားရေးသောက်ရေး မပူရတဲ့လူငယ်တွေကွယ့်၊ အရွယ်ရောက်လို့ ကိုယ့်ထမင်း ကိုယ်ရှာမစားရင် ငတ်သေမယ့်ဘဝမျိုးကို ကိုယ်ရှာမစားရင် ငတ်သေမယ့် ဘဝမျိုးကို ကြုံနေတဲ့လူငယ် တွေကတော့ လက်တွေ့ဘဝထဲ ပစ်ချတာခံလိုက်ရသလို ရုန်းရ ကန်ရ တော့တာပဲ၊ အဲဒီလိုဘဝမှာ တက်လာ တော့တာပဲ၊ တချို့ကျတော့လည်း ပျက် သွားတတ်ပြန်တာပဲ၊ တက်လူ နဲ့ ပျက်လူ ဆိုပါတော့ ကွယ်၊ တက်လူကို ငါက ဘာမှ သတိပေးနေဖို့ မလိုဘူး၊ သူ့ဘာသာသူ တက်သွားမှာပဲ၊ ပျက်လူကိုလည်း ငါက မကယ်နိုင်ဘူး၊ အဲယောင်ပေပေ လူငယ်လေးတွေကိုသာ ငါတတ်စွမ်းသမျှ သတိရအောင် အားပေး နှိုးဆော်မှု ပြုနိုင်တာကိုးကွယ့်၊ တစ်ယောက်ရလည်း အမြတ်၊ နှစ်ယောက်ရလည်း အမြတ်လို့ သဘောထား ရတာ၊ အဲ ငါ့မှာ ရည်မှန်းချက်တစ်ခု အသစ်ရှိနေတာက တက်လူချင်း စည်းလုံးပြီးမေတ္တာနဲ့ အသိပညာ အတတ်ပညာနဲ့ စည်းစည်းလုံးလုံး ဖြစ်ကြစေချင်တာပါပဲ။ မင်းတို့ရွက်နုတွေ အချင်းချင်းပေးကြ ဝေကြဖို့ ဆိုပါစို့”

ကျွန်တော်က ထိုစကားများကို ပြောလိုက်သောအခါ ထိုလူငယ်လည်း ငိုင်ပြီးလေးစားစွာ နားထောင်သွားပါသည်။

သူကတော့ ဘာတွေကို ဘယ်လိုဆက်တွေးနေမည် မသိ၊ ကျွန်တော်ကတော့ဖြင့် လူငယ်အချင်း ချင်း ပညာစည်းလုံးမှု ဖြစ်လာစေချင်သည်။ ကိုယ်သိသမျှ တတ်သမျှကို အချင်းချင်း ဝေမျှဖွံ့ဖြိုးကြ စေချင်သည်။

ထိုအခိုက်တွင် ရွက်နုဝေ မဂ္ဂဇင်း အဖွဲ့သားများက ကျွန်တော်စိတ်ကူးပေါက်သမျှ ကဏ္ဍသစ် တစ်ခုကို တီထွင်လုပ်ဆောင်ပေးပါရန် မေတ္တာရပ်ခံလာတော့သည်။ ဤ“ရွက်နုတွေဝေစေချင်လို့”ဟူသော

ကဏ္ဍသစ်ကိုကောက်ကာငင်ကာပင်အဆိုပြုလိုက်ပါသည်။သူတို့ကလည်းစမ်းသပ်လိုဟန် လက်ခံ ကြပါသည်။ ပရိသတ်ကိုလည်းဝိုင်းဝန်း ကူညီကြပါရန်မေတ္တာရပ်ခံ လိုက်ရပါသည်။

ဤသည်မှာ ရင့်ကျက်ပြီးသော စာဖတ်ပရိတ်သတ်အား စကားဆိုခဲ့ခြင်း ဖြစ်ပါသည်။ ရှေ့ဆက်ပြီး လူငယ်ပညာရှင်များအား စကားဆိုပါတော့မည်။ ကျွန်တော်၏ ရေးဟန် လေသံပြောင်းသွား ပါလိမ့်မည်။

* ရွက်နု လူငယ်များသို့ *

အထက်မှာ ပြောခဲ့တဲ့အတိုင်း ငါ့အသက်ဟာ ရှစ်ဆယ်ကျော်ခဲ့ပြီ။ အသက်ရင့်တဲ့အားလျော်စွာ ခေတ် အဆက်ဆက် အတွေ့အကြုံကိုလည်း ရခဲ့ပြီ။ မင်းတို့ထက် စာပေ ဖတ်ရှုမှတ်သား ဗဟုသုတလည်း များခဲ့ပြီ။ ဒါပေမဲ့ မင်းတို့ခေတ်ကို ငါမလိုက်နိုင်တော့ပြီ။ ငါ့မှာ ကွန်ပျူတာ၊ လက်ပ်တော့-ပရင်တာ အစုံရှိတယ်။ မကိုင် နိုင် မကြည့်နိုင်တော့ဘူး။ ငါ့ မြေးလေး တစ်ယောက်က ကွန်ပျူတာတက္ကသိုလ် ဘွဲ့ရတဲ့အပြင် ဘီလ်ဂိတ် အောင်လက်မှတ်တွေ ဘာဘာညာညာ ရခဲ့ပြီးပြီ။ သူပြောတာတွေကိုတောင် ငါမလိုက်နိုင်တော့ဘူး။ မင်းတို့လည်း အသိပညာအရပ်ရပ်၊ အတတ်ပညာ အမျိုးမျိုးကို ဆည်းပူးနေကြမှာပဲ။ အသီးသီးတိုးတက် နေကြမှာပဲ၊ မင်းတို့လို တက်လူချင်း ပညာဝေငှ အမျှမပေးချင်ကြဘူးလား။ နှီးနေစှာ ဖလှယ်မှု မလုပ်ချင်ကြ ဘူးလား။ လူငယ်အချင်းချင်း စည်းလုံးမေတ္တာ သဒ္ဓါတရားရှိကြမယ်ဆိုရင် ဒီဏ္ဍမှာ ပညာအမျှ ဝေငှပေးကြစေချင်တယ်။

ငါလည်း မြေစမ်းခရမ်းပျိုးဆိုသလို ဖွင့်ရတဲ့ကဏ္ဍ ဖြစ်တာမို့ ကစမ်းကပါးပျိုးခင်းချရမှာပါ။ နောက်မှ မုဆိုးစိုင်သင်ဖြစ်ကောင်းပါရဲ့လို့ အောက်မေ့ရတာပဲ။

ဒီတော့ အောက်မှာဖော်ပြ အကြမ်းရေး ထားတဲ့ မှတ်ကျောက်နဲ့ မင်းရဲ့ အတတ်ပညာ၊ အသိပညာကို ရေးပို့ပေးစေချင် ပါတယ်။

၁။ မင်းရဲ့ စူးစမ်းမှုကြောင့် ဘယ်လိုပညာကို တိုးတက်တွေ့ရှိထားသလဲ။
၂။ ဘယ်လို အကျိုးကျေးဇူး ရရှိနိုင်သလဲ။
၃။ မင်းကိုယ်တိုင် ဘယ်လိုအသုံးချနေသလဲ။
၎။ မင်းလိုလုပ်ဆောင်နိုင်အောင် ဘာတွေ၊ ဘယ်လိုလုပ်ရမလဲ။
၅။ ရွက်နုဝေက တဆင့် မင်းရဲ့ အကူအညီအကြံဉာဏ် တောင်းခံရင် ကူညီနိုင်မလား။
အဲဒီအချက်တွေကို အခြေခံစဉ်းစားပြီး စာတစ်ပုဒ်လောက် ရေးပို့စမ်းကွာ။ စာမရေးဖူးတာ ကြောင့် လက်မတွန့်ပါနဲ့။ စာတည်းအဖွဲ့ ရှိတယ်။ သူတို့က ကူညီနိုင်တယ်။ သို့မဟုတ် တိုင်ပင်စရာ ပုဂ္ဂိုလ်တွေ ရှိတယ်။

အင်တာနက်တွေ၊ ကွန်ပျူတာတွေစတဲ့ ပညာရပ်ကြီးတွေမှ မဟုတ်ဘူး။ ယုတ်စွဆုံး သီးစုံပဲကုလားဟင်းအတွက် အကောင်းဆုံး မဆလာစီရင်နည်း ဆိုရင်တောင် မင့်ကျေးဇူးကြောင့် တစ်စုံ တစ်ယောက်မှာ စီးပွားငွေရှာ ဖြစ်ကောင်းလေရာ၏ဆိုတဲ့ မေတ္တာထားလို့ ပညာအမျှဝေလိုက်ပါ။

မင်းရဲ့ အမည်နာမ အတိအကျကို မဖော်ချင်ရင်လည်း ကလောင်နာမည်နဲ့ ရေးပေါ့။ သို့သော် မဂ္ဂဇင်းတိုက်ကိုတော့ လိပ်စာ၊ ဖုန်းနံပါတ်က စလို့ တိကျမှန်ကန်စွာ ပေးထားရပါလိမ့်မယ်။ ဒါပါပဲ။
လူငယ်အချင်းချင်း ရိုင်းပင်းကြ။
ရွက်နုဝေအောင် စွမ်းဆောင်ကြ။
အောင်သင်း
၁၀၊ ၁၂၊ ၂၀၀၉

ဆရာကြီး ဦးအောင်သင်း၏ ” ရွက်နုတွေ ဝေစေချင်လို့” အစီအစဉ်သို့

ပညာဖလှယ်ပွဲတွင် ပါဝင်၍ ဝေမျှ - ရယူလိုသူများ အနေနှင့်၊ မိမိ အသိပညာ အတတ်ပညာ ရှာမှီးခဲ့ပုံအကြောင်း တင်ပြသည့် ဆောင်းပါး / စာတိုများ ဖြစ်စေ၊ သိ-တတ် ပညာ ရှာဖွေမှုနှင့် စပ်လျင်းသည့် မိမိ၏ အခက်အခဲ သို့မဟုတ် မိမိသိလိုသည့် အချက်များ ကို တိတိကျကျ ဖေါ်ပြမေးမြန်းသည့် စာများဖြစ်စေ ရေးသား ပေးပို့ နိုင်ကြပါသည်။

အယ်ဒီတာအဖွဲ့ - ရွက်နုဝေမဂ္ဂဇင်း၊ အမှတ် ၁၇၃၊ ၃၃လမ်း (အထက်)

0 comments:

Post a Comment