Heart Attacks And Drinking Warm Water
(ရေနွေးကြမ်း နှင့် နှလုံးခုန်ရုတ်တရက် ရပ်တန့်ခြင်း)
( ဒီဆောင်းပါးလေး ဟာ အလွန်ကောင်းမွန်တဲ့ ကျန်းမာရေး နဲ့ ပက်သက်တဲ့ ဆောင်းပါးလေးပါ။) ထမင်းစားပြီးတိုင်း ရေနွေးသောက်ဖို့  သတိပေးတာ တခုတည်းမဟုတ်ပဲ နှလုံးခုန် ရုတ်တရက် ရပ်တန့် စေတဲ့  ရောဂါကိုလဲ သတိပေးရာရောက်ပါတယ်။ တရုတ်လူမျိုး နဲ့  ဂျပန်လူမျိုး တွေ ဟာ ထမင်းစားနေစဉ် မှာ ရေနွေး သောက်သုံးတဲ့  အလေ့ ရှိကြပါတယ်။ ရေအေး ( ရေခဲ ရေ သောက်သုံးလေ့ ) မရှိကြပါဘူး။ ခုချိန်မှာ တော့ သူတို့ ဆီက ထမင်းစား စဉ် ရေနွေးသောက်သုံး တဲ့  အလေ့ အထ ကို ပြောင်းလဲ ကျင့်သုံးသင့်ပါတယ်။
( ခုဆောင်းပါးလေး က တော့ ထမင်းစား ပြီး တော့ ရေခဲရေသောက်သုံးသူတွေ အတွက် တော့ သက်ရောက်မှု့  ရှိပါတယ်။ (ကျွန်တော် ပေါ့ဗျာ။) တကယ်တော့ ထမင်းစားပြီးတော့ ရေခဲ ရေ ဒါမှမဟုတ် အအေး တခုခု သောက်သုံးလိုက်ခြင်း ဟာ အတော် လေး အရသာရှိပါတယ်။ ဒါပေမယ့်လည်း ရေခဲရေ ကနေပြီးတော့ မကြာခင်က မှ စားသုံးထားတဲ့  အစာတွေ ကို ဆီခဲ တွေ လို အစိုင်အခဲ အဖြစ် ကို ရောက်စေပါတယ်။ ပြီးတော့ အဖတ်တွေ ကလဲ အက်စစ် အဖြစ် တုန့်ပြန်ပြီးတော့ အဲတာတွေ ကို ဖြိုခွဲ ပြီးတော့ အူနံရံ တွေ က နေပြီး အခဲအစာတွေထက် ပိုမို လျှင်မြန်စွာ စုပ်ယူပါလိမ့်မယ်။ အဲတာ တွေ ဟာ အူထဲ မှာသွားပြီးတော့ စီတန်းနေပါပြီ။ မကြာခင်ပဲ အဲတာ တွေ ဟာ အဆီခဲ အဖြစ် ပြောင်းလဲ သွားပြီးတော့ ကင်ဆာ ရောဂါ ကို ဖြစ်စေ ဖို့  ဦးတည်နိုင်ပါတယ်။
အကောင်းဆုံး ကတော့ အစာ စားပြီးတိုင်းမှာ စွပ်ပြုပ် ပူပူလေး ဖြစ်ဖြစ် ရေနွေးကြမ်းဖြစ်ဖြစ် သောက်သုံးတာ ဖြစ်ပါတယ်။
.
(အရေးကြီးတဲ့  နှလုံးခုန်ရုတ်တရက် ရပ်တာမျိုး- သင်သိသင့်တာ ကတော့ နှလုံးခုန်ရုတ်တရက် ရပ်တန့် တဲ့  လက္ခာတွေ အားလုံးမှာ ဘယ်ဖက်လက်မောင်းကိုက်ခြင်းမျိုးမဟုတ်ပါ။ မေးရိုးတလျှောက် နာကျင်လာခြင်းဟာလဲ သတိထားသင့်ပါတယ်။)
(နှလုံးခုန်ရုတ်တရက် ရပ်တန့် စဉ်အတွင်းမှာ တော့ သင်ဟာ ဘယ်တော့မှ ပထမ ရင်ဘတ်နာခြင်း ကိုခံစားရမယ်မဟုတ်ပါ။ဖျားနာခြင်း နဲ့ ချွေးထွက်လွန်ခြင်းတွေဟာလည်း အများဆုံးလက္ခဏာတွေ ပါပဲ။ ၆၀ ရာနှုန်းသော နှလုံးခုန်ရုတ်တရက် ရပ်တန့် ကြတဲ့  သူတွေ ဟာ အိပ်ပျော်နေယင်းကနေ ပြီး ပြန်လည် နိုးထလာခြင်း မရှိတော့ ပါဘူး။ မေးရိုးနာကျင်မှု က သင့် ကို နိုးထအောင်လုပ်နိုင်ပါတယ်။ ကျွန်တော် တို့ တစ်တွေ ဂရုပြုပြီး တော့ သတိထားရမှာပါ။ အဲတာ က ကျွန်တော် တို့  ဆက်လက် အသက်ရှင်ရပ်တည်ဖို့  အခွင့်အရေးကောင်းဖြစ်ပါတယ်။
( နှလုံးရောဂါအထူးကု တစ်ယောက် က ပြောတာ က ဒီစာ ကိုဖတ်မိသူတစ်ယောက် က နေ
ပြီးတော့ နောက်ထပ် ၁၀ ယောက် ကို ဆက်ပေးပို့ မယ်ဆိုယင် သင် နဲ့  ကျွန်ုပ်တို့  ဟာ အနဲ ဆုံး အသက်တစ်ချောင်း ကို ကယ်ဆယ်နိုင်မယ်ဖြစ်ပါတယ်။ ဒီဆောင်းပါးလေး ကို ဖတ်ပါ။ပြီးတော့ မိတ်ဆွေတစ်ယောက်ဆီ ကို ပို့ ပေးလိုက်ပါ။ ဒီလုပ်လုပ်ခြင်းဟာ အသက်တစ်ချောင်း ကို ကယ်ဆယ်ခြင်းမျိုးဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေကောင်း အဖြစ် နဲ့ သင့်သူငယ်ချင်းများ၊ မိတ်ဆွေများကို ဒီဆောင်းပါးလေး နဲ့ အတူ ဂရုတစိုက်ရှိဖို့  ပေးပို့ ဖြစ်အောင် ပို့ပေးလိုက်ပါဗျာ။
(ဆီလျှော် အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါတယ်။) မူရင်း အဓိပ္ပါယ် နဲ့ အနီးဆုံး ဖြစ်အောင်ပါ။
မူရင်း ကို ကြိုက်ယင် လဲ ဘာသာပြန်ကို ဖြုတ်ထားပြီး ဆက်လက် ဖြန့်ဝေသွားစေချင်ပါတယ်။
ဘာသာပြန်ဆောင်းပါး
Tshwe04
ဆက်ဖတ်ရန် . . . .
Thursday, September 2, 2010
ရေနွေးကြမ်းနဲ့ ကျန်းမာရေး
How to Stop Drooling During Sleep အိပ်ပျော်ရင် သွားရည်ကျတာ
ဒေါက်တာခင်ဗျာ ...
အိပ်နေတဲ့ အချိန်မှာ သွားရည်ကျတာက ကျန်းမာရေးနဲ့ ဆိုင်ပါသလားခင်ဗျာ။ ဒါမှမဟုတ် ဘာချို့ယွင်းမှုများ ရှိလို့ ကျတာပါလဲ။ သွားခေါတာနဲ့ ဆိုင်ပါသလား။ အသက် ၂၃ နှစ်လဲရှိပါပြီ။ ဒီအရွယ်ထိ အိပ်ရင် သွားရည်ကျနေတာ သတိ မရှိလို့လား။ အဲဒါနဲ့ ပတ်သက်ပြီး ဖော်ပြထားတာလဲ တစ်ခါမှ မတွေ့ဖူးဘူး ဖြစ်နေပါတယ် ခင်ဗျာ။ သွားရည်ကျတာနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို သိမ်ငယ်သလို ခံစားရလို့ပါ။ အကောင်းဆုံး နည်းလမ်းလေးရှိရင် မျှဝေစေချင်ပါတယ် ခင်ဗျာ။
လူတိုင်းမှာ သွားရည်ထွက်ပေးတဲ့ Glands အိပ်တွေက အကြီး ၃ ခုနဲ့ အသေးလေးတွေ ရှိကြတယ်။ သွားရည်ဆိုတာ အစာထဲမှာ အများဆုံးပါတတ်တဲ့ ထမင်းထဲက Starch (ကော်) ကို ချေဖျက်ပေးနိုင်စွမ်းရှိတဲ့ Enzyme (အင်ဇိုင်း) ဖြစ်တယ်။ ပိုးစာကောင်တွေရဲ့တံတွေးက လူ့သွားရည်ထက် အဖိုးတန်တယ် Silk ပိုးထုတ်ပေးတာကိုး။
ပါးစပ်ဟပြီးအိပ်ရင် သွားရည်ကျစေတာတော့ အမှန်ဘဲ။ ဒီတော့ ပါးစပ် ပလာစတာကပ် အိပ်ပေတော့။ ရီစရာသဘော ပြောတာပါ။ “ရှက်စရာ” ဆိုတာ သူများမြင်မှ ရှက်တာနဲ့ ကိုယ့်ကိုယ်ကို ရှက်တာ မတူပါ။ ကိုယ်တိုင်သိသူက ပညာ ပိုရှိတယ်။
ယေဘူယျပြောရရင် အိပ်နေတုံး ပါးစပ်ဟ အသက်ရှူလို့ပါ။ ပါးစပ်ဟနေချိန်မှာ သွားရည် (တံတွေး)ထွက်တဲ့ အိတ်တွေ အလုပ်လုပ်တယ်။ များများလာတော့ ပါးစပ်ကနေ လျှံကျလာတာပေါ့။ လူဆိုတာ နှာခေါင်းနဲ့သာ အသက်ရှူပြီး၊ ပါးစပ်နဲ့ အသက်ရှူတာကို မဖြစ်လှမှ လုပ်ကြတယ်။ ဒီတော့ မဖြစ်လှတာက ဘာလဲ။ အသက်ရှူလမ်းမှာ တခုခုဖြစ်နေလို့။ နှာခေါင်း၊ နား၊ လေပြွန်၊ အဆုပ်တွေ စစ်ရလိမ့်မယ်။ နှာစေး၊ အအေးမိ၊ (ဆိုင်းနပ်စ်) ဖြစ်၊ နှာခေါင်းထဲမှာ အလုံးဖြစ်၊ ပန်းနာ၊ အသက်ရှူကြပ်၊ လည်ချောင်းနာ၊ ဆုံဆို့နာ၊ အာသီးရောင် စတာတွေ ပါတယ်။ စစ်ပါ၊ ကုပါ။
ရုပ်ပိုင်းဝေဒနာ မရှိဘဲ စိတ်ရှုတ်ချိန်မှာမို့ ပါးစပ်နဲ့ အသက်ရှူနေတာလား ဆန်းစစ်ပါ။ နေ့ခင်းမှာ အသက်ရှူတာ ကိုယ်ကိုယ်ကို သတိထား ကြည့်ပါ။ ပါးစပ်နဲ့ ရှူနေတာကို ပြင်ဘို့ ကြိုးစားပါ။ လေ့ကျင့်နည်း တခုက နှာခေါင်းနဲ့ အသက် ပြင်းပြင်း-ရှည်ရှည် ရှူပါ။ ရုပ်ရှင်တွေ ကြည့်ဘူးမှာပါ။ တခုခု ထိခိုက်-ကျေကွဲ-ကြောက်လန့်စရာရှိရင် မင်းသားကနေ မင်းသမီးကို “Take a deep breath အသက်ပြင်းပြင်းရှူ” လို့ ပြောလေ့ရှိတယ်။ မှန်တယ်ဗျ။ စိတ်ငြိမ်လာစေတယ်။
မိဘတွေက ကိုယ့်ကလေးကို ပါးစပ်ကို အမြဲပိတ်ထားစေတဲ့အကျင့် သင်ပေးတတ်တယ်။ ကောင်းတယ်။ လူတယောက်ကို ကြည့်ပါ။ သူ့ပါးစပ် ဟနေရင် အဲဒီလူဟာ သူ့ကိုယ်သူ ယုံကြည်မှု နည်းနေချိန်ဖြစ်တယ်။ ပါးစပ်ဟောင်းလောင်း ဖြစ်နေတာက အံ့သြနေတာ၊ ကြောက်လန့်နေတာ၊ တနည်းပြောရရင် သူများအတွက် လိုက်တုံ့ပြန်နေရတာမျိုး။ ကိုယ်က ဦးဆောင်၊ ပြဋ္ဌာန်းနေချိန် မဟုတ်ဘူး။
သွားရည် များစေတတ်တဲ့ ရောဂါတွေလည်း ရှိတယ်။ အစာလမ်းမှာ Acid reflux အက်စစ်များတာမျိုးလည်း ပါတယ်။ ဆေးလိုလိမ့်မယ်။ အစာစားတာပြင်ဘို့လိုမယ်။
အိပ်တဲ့ပုံစံကို ပြောင်းကြည့်ပါ။ ပက်လက် စန့်စန့် အိပ်ကြည့်ပါ။ စောင်းအိပ်ရတာလောက်တော့ ဇိမ်မကျဘူးပေါ့။ ပက်လက် ဆိုရင် ပါးစပ်ဟဘို့ အခွင့်အလမ်းနည်းတယ်။ ပါးစပ် ကောင်းကောင်း မပိတ်အုံးတော့ သွားရည်တွေ ခေါင်းအုံးအထိ ကျလာမှာကို တားရာရောက်မယ်။ ပက်လက်အိပ်ရတာ ကျင့်ဘို့ wedge pillows စပါယ်ရှယ်ခေါင်းအုံး သုံးနိုင်တယ်။
အိပ်ရင် သွားရည်ကျတာ ကြာတော့ အလေ့အထလို ဖြစ်လာတယ်။ ဒီအကျင့်က ဖျောက်ဘို့ ခက်တာမို့ အလွယ်နဲ့ စိတ်မပျက်ပါနဲ့။ “ခက်တာကို ရအောင်လုပ်မယ်” လို့ သန္နိဋ္ဌာန်ချ လုပ်ကြည့်ပါ။ ဒီအရေးမှာ တိုးတက်၊ အောင်မြင်ရင် သင်ဟာ အရာရာအတွက်ပါ စိတ်တန်းခိုး တိုးလာပါလိမ့်မယ်။
Dr. တင့်ဆွေ
ဆက်ဖတ်ရန် . . . .
အမျိုးသားများ ဆံပင်ကျွတ်ခြင်းအကြောင်းသိကောင်းစရာများ

၁ ။ ဆံပင်ကျွတ်ခြင်းဆိုတာ အဖြစ်များတဲ့ပြဿနာ တစ်ခုပါ ။
American Hair Loss Association ရဲ့အဆိုအရ ယောင်္ကျားတွေရဲ့ ၈၅ ရာခိုင်နှုန်းဟာ အသက်ငါး ဆယ်အနား ချဉ်းကပ်လာပြီဆိုတာနဲ့ ဆံပင်ပါးခြင်းဆိုတဲ့ အရာကို ရင်ဆိုင်ကြုံတွေ့ရပါပြီ ။ အချို့သော ယောင်္ကျားတွေမှာ အ သက် ၂၁ နှစ်မတိုင်ခင်မှာပဲ ဆံပင်ကျွတ်ခြင်းကို စတင်ကြုံတွေ့ရလေ့ ရှိပါတယ် ။
၂ ။ ဆံပင်ကျွတ်ခြင်းအကြောင်းကို လေ့လာဆန်းစစ်ခြင်း
ဘေ့စ်ဘောရိုက်တဲ့အခါဆောင်းတဲ့ဦးထုပ်ကို ဆောင်းခြင်းဖြင့် ဆံပင်ကျွတ်ခြင်းကိုဖြစ်ပေါ်စေပါသလား ?
မဟုတ်ပါဘူး ။ တစ်စုံတစ်ယောက်က သူ့လက်ချောင်းတွေနဲ့ သင့်ဦးပေါင်းကို ပွတ်သတ်ခြင်းဟာလည်း ဆံပင် ကျွတ်ခြင်းကိုမဖြစ်ပေါ်စေနိုင်ပါဘူး ။ ဘီးဖီးခြင်း ၊ ဘရပ်ခ်ျနဲ့ပွတ်ခြင်း၊ ဆံပင်ကိုလိမ်ကောက်ခြင်း နှင့်ပုံသွင်းခြင်း စသည် တို့ကလည်း မဖြစ်စေနိုင်ပါဘူး ။ ဒါပေမယ့် ဆံပင်သားတွေ မပျက်ဆီးအောင်တော့ အထက်ပါ အကြောင်းအရာတွေကို ကြမ်းကြမ်းတမ်းတမ်းမပြုမိလုပ်ဖို့တော့လိုပါတယ် ။
၃ ။ ဆေးလိပ်ဖြတ်ခြင်းက သင့်ဆံပင်ကျွတ်ခြင်းကို ကာကွယ်နိုင်သလား ။
လေ့လာမှုတွေအမျိုးအမျိုးအရ ဆေးလိပ်သောက်ခြင်းဟာ ယောင်္ကျားလေးတွေမှာ ဆံပင်ကျွတ်ခြင်းကို ပိုမိုဆိုး ရွားတာ မြန်စေတယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ် ။ ဒါကြောင့် သင့်ဆေးလိပ်ဖြတ်ဖို့ အကြောင်းအရင်းတွေထဲမှာ ဆံပင် ကျွတ်ခြင်းကိုပါ ထည့်သွင်းလိုက်ပါ ။
၎ ။ ဆံပင်ကျွတ်ခြင်းဟာ သင့်ရဲ့ကျန်းမာရေးအခြေအနေကို ဘယ်လိုပြောပြသလဲ ။
ကံကောင်းထောက်မစွာနဲ့ Alopecia လို့ခေါ်တဲ့ ဆံပင်ကျွတ်ခြင်း( ဦးခေါင်းပြောင်ခြင်း) ရဲ့ ဖြစ်စဉ် အများစုမှာ တော့ ရောဂါ တစ်ခုခုနဲ့ ဆက်နွယ်မှုမရှိဘူးဆိုတာသိရပါတယ် ။ ပြီးတော့ ဒါဟာ ကျန်းမာရေး ချို့တဲ့မှုကိုလည်း မဖြစ်စေ နိုင်ပါဘူး ။ ဒါပေမယ့် လည်း ပထမဆုံးအနေနဲ့ ဆံပင်တွေကျွတ်ပြီဆိုတာနဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးလာပါတယ် ဒါမှမဟုတ် ဆံပင်ကျွတ်တာကြောင့် လက်ရှိအသက်အရွယ်အစားထက် ပိုမိုအိုမင်း သ ယောင် ကိုယ့်ကိုယ်ကိုယ် ထင်လာတတ်ပါတယ် ။
၅ ။ ဘယ်အရာတွေက ဆံပင်ကျွတ်ခြင်းကို ဖြစ်ပေါ်စေသလဲ ။
အမျိုးသားတွေရဲ့ ဆံပင်ကျွတ်ခြင်းရဲ့ ၉၅% ဟာ အမှန်တော့ မျိုးရိုးဗီဇ ( Genetic trait ) ကြောင့်သာ လျှင်ဖြစ်ပါတယ် ။ မျိုးဗီဇ (gene) ဟာ မိဘတစ်ဦးချင်းစီကနေ ဆင်းသက်လာပါတယ် ။ တချို့ ဆံပင်ကျွတ်ခြင်း တွေမှာတော့ ရောဂါတစ်ခုခုကို ကုသနေတဲ့ဆေးဝါးတွေကြောင့် ၊ ဗီတာမင်အေဓါတ်တွေ အလွန်အမင်း များပြား နေတဲ့အတွက်ကြောင့် ဒါမှမဟုတ် ပရိုတိန်းဓါတ်တွေကို လုံလောက်စွာ မရှိလို့ ဆံပင်တွေကျွတ်တာကို ဖြစ်ပေါ်စေ နိုင်ပါတယ် ။ Telogen effluvium လို့ခေါ်တဲ့ ပုံပြင်ဆန်ဆန် ဆံပင်တွေကျွတ်ကျခြင်းကတော့ ဖျားနာခြင်း သို့မ ဟုတ် စိတ်ဖိစီးမှုကြောင့်လည်း ဖြစ်နိုင်ပါတယ် ။
၆ ။ သင့်ဆံပင်တွေကို ဘယ်လိုထိမ်းသိမ်းမလဲ ။
ဆံပင်မကျွတ်အောင်ကာကွယ်ခြင်းက ဆံပင်တုတွေ ထပ်စိုက်ခြင်းထက်ပိုမိုလွယ်ကူပါတယ် ။ အကယ်၍ သင်နည်း လမ်း ရှာချင်တယ်ဆိုရင်တော့ အဲဒီနည်းလမ်းက သင့်ကို ထောက်ပံ့ပေးမှာပါ ။ တိတိကျကျသာ လိုက်နာ ပါ ။ ဒါပေမယ့် ဂရုစိုက်ဖို့တော့လိုပါတယ် ။ အံ့သြဖွယ်ရာ ထုတ်ကုန်တွေနဲ့ ကုသမှုတွေဟာ သိပ်ပြီး ယုံကြည်ဖွယ်တော့မကောင်းပါဘူး ။ အတုအယောင်တွေများပါတယ် ။ သင်သံသယရှိမယ်ဆိုရင်တော့ သင့်ရဲ့ ဆရာဝန်သို့မဟုတ် အရေပြားဆရာဝန်က သင့်ကို ကူညီနိုင်ပါလိမ့်မယ် ။
၇ ။ ဆံပင်ကျွတ်ခြင်းအတွက် ဆေးတစ်လက် - Minoxidil
မျိုးရိုးဗီဇကြောင့် ဖြစ်တဲ့ ဆံပင်ကျွတ်ခြင်းကို ကုသဖို့နည်းလမ်းမရှိပေမယ့်လည်း အချို့သောဆေးဝါးတွေနဲ့ ဆံပင် ကျွတ်တာကို နှေးအောင်တော့ပြုလုပ်လို့ရပါတယ် ။ Minoxidil ဆိုတာ ဆံပင်ကျွတ်ခြင်းအတွက် သင့်ရဲ့ဦး ရေပြားအတွက် FDA က ထောက်ခံပေးထားတဲ့ ဆေးဝါးတစ်လက်ဖြစ်ပါတယ် ။ အဲဒီဆေးဟာ ယောင်္ကျားတွေမှာ ဆံပင်ကျွတ်ခြင်းကို နှေးစေပြီး အချို့ယောင်္ကျားတွေမှာ ဆံပင်အသစ်တွေကိုတောင်ပြန်ပေါက်စေပါတယ် ။ ဒါပေမယ့် သင်ဆေးသုံးတာကို ရပ်လိုက်တာနဲ့ သင့်ဆံပင်ကျွတ်ခြင်းဟာ နဂိုအတိုင်းပြန်ဖြစ်နေမှာပါပဲ ။
၈ ။ မျိုးရိုးဗီဇအရ ဆံပင်ကျွတ်ခြင်းကို ဘာတွေမျှော်လင့်မလဲ ။
မျိုးရိုး ဗီဇအရ ဆံပင်ကျွတ်ခြင်း (Male-pattern baldness) ရဲ့လက္ခဏာတွေတော့ M ပုံသဏ္ဍာန် လမ်း ကြောင်းဖြစ်ပေါ်ခြင်းပါ ။ ပြီးတော့ သင့်ဦးခေါင်းထိပ်ကဆံပင်ဟာ စတင်ပြီး ပါးလာပါလိမ့်မယ် နောက်ပြီးတော့ အကွက် လိုက် ထိပ်ပြောင်လာပါလိမ့်မယ် ။ အဲဒီလို တပြိုင်နက် လမ်းကြောင်းနှစ်ခု ဆုံတွေပြီဆိုရင် မြင်းခွာပုံ သဏ္ဍာန် လမ်းကြောင်းတွေ ဘေးဖက်မှာ ဖြစ်ပေါ်လာပါလိမ့်မယ် ။ ဒီ Male-pattern baldness ကို ပုံဖော်ထားတဲ့ ဟာကို Norwood scale လို့ခေါ်ပါတယ် ။
၉ ။ Male-Pattern Baldness - ဟော်မုန်းတွေကြောင့်လား ။
ဒီ မျိုးရိုးဗီဇကြောင့်ဆံပင်ကျွတ်ခြင်းမှာ DHT လို့ခေါ်တဲ့ဟော်မုန်းတစ်မျိုးဟာ ဆံပင် ဆံပင်ချောင်း ( Hair Follicles) တွေကို သေးသိမ်ပိန်လှီသွားစေပါတယ်။တပြိုင်နက်ထဲမှာပဲ ဒီဆံပင်ချောင်းတွေအရမ်းကို သေးငယ်ပါး လွှာလာတနဲ့တပြိုင်နက် အဲဒီနေရာမှာ ဆံပင်တွေဆက်လက် မကြီးထွားတော့ပါဘူး ။
၁၀ ။ ဆံပင်ကျွတ်ခြင်းအတွက် Finasteride
ဆရာဝန်ညွှန်ကြားချက်ပါမှ သောက်လို့ရတဲ့ ဆေးကို Prescription pill လို့ခေါ်ပါတယ် ။ အဲဒီလိုဆေး တွေထဲမှာတော့ Finasteride ဟာ ခန္ဓာကိုယ်က DHT ဟော်မုန်းထွက်တာကို နှေးကွေးစေခြင်းအားဖြင့် ဆံပင် ကျွတ်ခြင်းကို လည်း နှေးကွေးစေပါတယ် ။ အဲဒီဆေးကို သောက်ခြင်းဖြင့်လည်း တချို့ယောင်္ကျားတွေမှာ ဆံပင်အ သစ်ပြန်ပေါက်လာတာတွေ့ရပါသေးတယ် ။ ယေဘူယျအားဖြင့် Minoxidil ထက် စာရင်ပို ကောင်း ပါတယ် ။ ကိုယ်ဝန်ဆောင်မိခင်တွေတော့ ဒီဆေးကို မသုံးသင့်ပါဘူး ။ ဒီဆေးဟာ သန္ဓေသား ယောင်္ကျား လေးကို မွေးရာပါချို့ယွင်းချက်တွေ ပါလာနိုင်စေတဲ့အတွက်ဖြစ်ပါတယ် ။ Minoxidil လိုပဲ သူကလည်း သုံးတဲ့ အချိန်ကာ လအလျောက်ပဲ အစွမ်းရှိတာဖြစ်ပါတယ် ။
၁၁ ။ ဆံပင်တု တပ်သင့်လား ။
ဆံပင်တုတွေဟာလည်း ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ရှိပါတယ် ။ အချိန်ပေးပြီးလေ့လာခြင်းအားဖြင့် သင်နဲ့ ကိုက်ညီတဲ့ တစ်ခုကို မှန်ကန်စွာရွေးချယ်နိုင်ပါတယ် ။ အရည်အသွေးနဲ့ ဈေးနှုန်းတွေပေါ်မှုတည်ပြီး အမျိုးမျိုး ကွဲပြားခြား နားမှုရှိ ပါတယ် ။ ဒါ့အပြင် ဆံပင်တုတွေဟာ ပုံမှန်ထိမ်းသိမ်းဖို့လိုပြီး အဲဒီအတွက် တစ်လကို $60 မှ $300 အတွင်း ကုန်ကျပါတယ် ။ သင်ဈေးဝယ်ထွက်တဲ့အခါ သင့်ရဲ့မူလဆံပင်အရောင် ၊ အထူ နဲ့ အကောက် အကွေး တွေနဲ့ ဆင်တူတဲ့ဆံပင်တုကို ရွေးချယ်ဖို့အရေးကြီးပါတယ် ။
၁၂ ။ ဆံပင်ပြန်စိုက်ရင် ဘာဖြစ်မလဲ ။
ဆရာဝန်တစ်ယောက်ဟာ ကျန်းမာသံစွမ်းတဲ့နောက်ပိုင်းကဆံပင်ကိုယူပြီး သင့်ဦးခေါင်းရဲ့ ထိပ်ပိုင်းနဲ့ ဘေးဖက် တွေကို သဘာဝအတိုင်းကြည့်ကောင်းအောင် ပြန်စိုက်ပေးပါလိမ့်မယ် ။ ဆံပင်ပြန်စိုက်ခြင်းဟာ အကုန်အကျ များပြီး သင့်မှာ လုပ်ဆောင်ရမယ့်အချက်တွေအများကြီးရှိပါတယ် ။ ၂ လလောက်ကြာပြီးတဲ့အခါ စိုက်ထားတဲ့ ဆံပင် အများစုဟာ ကျွတ်ထွက်သွားပါတယ် ။ ဒါပေမယ့် အဲဒီနေရာမှာ ဆံပင်အသစ်တွေပြန်ပေါက်လာပါတယ် ။ ၆ လအတွင်း မှာပဲ ဆံပင်ဟာ မူလအတိုင်း ပြန်ဖြစ်သွားပါတယ် ။
၁၃ ။ သင့်မှာရှိတဲ့ဆံပင်ကိုအကောင်းဆုံး ထိမ်းသိမ်းပါ ။
သင့်ရဲ့ဆံပင်ကျွတ်ခြင်းကို လူတွေ သတိမထားမိအောင် ပြုပြင်နိုင်တဲ့ ဆံပင်ပြုပြင်နည်းအချို့ရှိပါတယ် ။ ပါးနေတဲ့ ဆံပင်တွေကို ညှပ်ထုတ်ခြင်းက သင့်ကို သိသာထင်ရှားတဲ့ ဘီးဖီးခြင်းကနေ လွတ်ကင်းစေမှာပါ ။ ဆံပင် ထိမ်းသိမ်း ခြင်းနဲ့ ပြုပြင်တဲ့ ထုတ်ကုန်တွေက သင့်ဆံပင်ရဲ့ အုံကို ထူစေမှာပါ ။ မျှတဲ့အာဟာရကိုစားသောက်ခြင်း နဲ့ ဆံ ပင်ကို ဖြေးညှင်းစွာ ကိုင်တွယ်ခြင်းကလည်း ကူညီပေးနိုင်ပါတယ် ။
၁၄ ။ အကောင်းဖက်ကိုပဲ တွေးပါ ။
ဆံပင်တစ်ခုတည်းနဲ့ လူသားတစ်ယောက်ကို မဖန်တီးနိုင်ပါဘူး ။ သင့်မှာ ဒီထက် အရေးကြီး တဲ့အရာတွေ ရှိသေးတယ်ဆိုတာ သတိရပါ ။ သင် ပြုလုပ်နိုင်တဲ့အရာတွေကို ဂရုတစိုက်ပြုလုပ်ပါ ။ ဥပမာ အပူထဲသိပ်မထွက်ပဲ နေရိပ် ထဲမှာ နေခြင်းမျိုးပေါ့ ။ ဒါတွေဟာလည်း သင့်ကို အထောက်အကူပေးပါတယ် ။ အကယ်၍သင့်စိတ်ကို မြှင့် တင်ဖို့ လိုအပ်မယ်ဆိုရင်တော့ Ed Harris, Patrick Stewart နဲ့ Michael Jordan ကဲ့သို့ ကိုယ်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိတဲ့ ထိပ်ပြောင်လူသားတွေကို အတုယူပါ ။ ပြီးတဲ့နောက်မှာတော့ အရာအား လုံးကိုအ ကောင်းမြင်နိုင်အောင်ကြိုးစားပါ ။
Ref : WebMD
သက်တန့်ချို
ဆက်ဖတ်ရန် . . . .
Friday, August 27, 2010
ဆန်းသစ်လာသော မျိုးဗီဇ နည်းပညာများ
မိုးက တဖွဲဖွဲရွာနေ၏။
ရန်ကုန်-အင်းစိန် လမ်းမကြီးပေါ်၌ ယာဉ်မျိုးစုံ ဥဒဟိုသွားလာ နေကြ၏။
ဦးရွှေနုလမ်းထိပ်နှင့် ဓားလွယ် ခုတ်အရပ်တွင်ရှိသော ငွေတောင် လက်ဖက်ရည်ဆိုင်တွင် လူစည်ကားနေ၏။ လက်ဖက်ရည် အရသာ ကောင်းသဖြင့် ထိုဆိုင်သည် နာမည် ကြီးလျက်ရှိသည်။
ဓာတ်ခွဲခန်းမှူး ဦးဥာဏ်အုန်းသည် ဧည့်သည်များအား ထိုဆိုင်တွင် ဧည့်ခံလေ့ရှိ၏။ လက်ဖက်ရည်အပြင် ဒေါ်ပြုံးဆိုင်မှ ဝက်သားဟင်းနှင့် ထမင်းကြော်ကိုလည်း မှာယူကျွေးမွေးသေး၏။
ဘာသာပြန်ဆရာ မောင်သိန်းငှက် (ကယားပြည်)နှင့် ကဗျာဆရာမောင် တိုင်ပြာတို့သည် ထမင်းကြော်ကို အားရပါးရစားနေကြ၏။ စာပေလောကတွင် ဝါစဉ်ကြီးသော မောင်သိန်း ငှက်အား ကယားကြီးဟု အဖျား ဆွတ်ကာခေါ်ကြ၏။ ထိုသို့ချစ်စနိုး ခေါ်သည်ကို မောင်သိန်းငှက်က လည်းသဘောကျနေ၏။
ဦးဥာဏ်အုန်းက ပျူငှာစွာဖိတ် ခေါ်လိုက်၏။
''ကယားကြီး လိုက်ပွဲယူပါဦး၊ ကိုတိုင်ပြာလဲထည့်စားလေ''
''ဝပြီ ဦးဥာဏ်အုန်း၊ သုံးပန်း ကန်ရှိသွားပြီ''
''ဒါဆို လက်ဖက်ရည် သောက်ကြဗျာ''
''ကဗျာဆရာ မောင်ဒေါန မလာနိုင်ရှာဘူး။ နှလုံးရောဂါ ထနေတယ်။ သူကမျိုးရိုးရှိတယ်။ သူ့အဖေလဲ နှလုံးရောဂါ ရှိတယ်။ ကဗျာဆရာ ကျော်ခေါင်လဲ ဆီးချိုတက်နေတယ်။ သူ့အဖေမှာလဲ ဆီးချိုရှိနေတယ်၊ ဒီရောဂါတွေက မျိုးရိုးဗီဇနဲ့များ ဆိုင်နေသလား''
''ဖြစ်နိုင်တယ်ဗျ၊ စာရေးဆရာ မောင်ပေတလူရဲ့ သားကျတော့ သွေးမတိတ် ရောဂါရှိတယ်။ သူ့အဘိုးမှာလဲ သွေးမတိတ် ရောဂါရှိတယ်''
''ဟော- ဟိုမှာ ဒေါက်တာ တင်မောင်ဆွေလာနေပြီ၊ သူ့ကိုမေး ကြည့်မယ်''
''ကောင်းတယ်၊ ဦးဥာဏ်အုန်း မေးဗျာ''
မကြာမီ ဒေါက်တာတင်မောင် ဆွေရောက်ရှိလာ၏။
''မင်္ဂလာပါဆရာ၊ ကြွပါ။ ဆရာ့ကိုမေးဖို့ ပရိသတ်ကစောင့်နေတယ်''
''ဘာများလဲ ဦးဥာဏ်အုန်း၊ သိချင်တာရှိရင်မေးပါ။ ကျွန်တော် အားပါတယ်''
''ရောဂါဖြစ်တာမျိုးရိုးဗီဇနဲ့ ဆိုင်လားဆရာ''
''ဆိုင်ပါတယ်။ မျိုးရိုးဗီဇရော၊ ပတ်ဝန်းကျင်ရော အရေးပါပါတယ်။ ခု မျိုးရိုးဗီဇပညာက သိပ်ကိုတိုးတက်လာပြီ၊ မျိုးရိုးဗီဇ ပညာကြောင့် ရောဂါအကြောင်း ပိုနားလည်လာတယ်။ ကုထုံးသစ်တွေ ပေါ်လာတယ်။ ကုသချက်တွေ ပိုကောင်းလာတယ်''
''ဟုတ်လား၊ ဒါဆိုရှင်းပြပါဦး''
''မျိုးရိုးဗီဇပညာကြောင့် Per-sonalized Therapy ဆိုတာပေါ်လာတယ်။ လွယ်လွယ်ပြောရရင် လူနာတစ်ဦးချင်းစီရဲ့ သီးခြားလိုအပ်ချက်အတိုင်း ကုတာကို ဆိုလိုတာပေါ့ဗျာ။ အရင်ကုထုံးနဲ့ပြောရရင် ဥပမာ-ပါရာစီတမော ဆိုပါတော့။ တစ်ခါ သောက်သုံးပြား၊ တစ်နေ့သုံးကြိမ် ဒါက စံသတ်မှတ်ချက်ပေါ့ဗျာ။ ဦးဘလဲဒါပဲ၊ ဦးမြလဲဒါပဲ၊ ခုကျတော့ ဦးဘနဲ့ ဦးမြက မျိုးရိုးဗီဇ အသေးစိတ်မှာ ကွဲလွဲနေတယ်။ ဒါကြောင့် ဦးဘက နှစ်ပြားခွဲဖြစ်ပြီး ဦးမြက သုံးပြားနဲ့လေးပုံတစ်ပုံ ဖြစ်သွားပြီ။ လွယ်အောင် ဥပမာ ပြောတာပါ''
''ဟုတ်ကဲ၊ ရှင်းပါပြီဆရာ''
''ရလဒ်က ဦးဘဟာ မလိုအပ်ပဲ ဆေးတွေ ပိုသောက်စရာ မလိုဘူး၊ ငွေကုန်သက်သာတယ်၊ ဦးမြကျတော့ လိုအပ်တဲ့ ဆေးပမာဏပြည့်ပြည့်ဝဝ ရတယ်။ အရင်က လူနာတစ်ဦးချင်း စီရဲ့ မျိုးရိုးဗီဇကို မသိရတော့ အဲသလို ပုဂ္ဂိုလ်လိုက်ပြီးကုထုံးပြောင်းရာ ညှိ ပေးတာမရှိခဲ့ဘူးဗျ''
''ခု မျိုးရိုးဗီဇ ဘာဆိုတာ သိ ပြီးပေါ့''
''ခုမှ မဟုတ်ဘူးဗျ၊ လွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းက သိပြီးသား။ Human Genome လို့ခေါ်တဲ့လူသား မျိုးရိုးဗီဇအတွဲကြီးကို အစအဆုံး ဖင်ပြန်ခေါင်းပြန် လေ့လာပြီးပြီ၊ DNA Sequencing လို့ခေါ်တယ်။ ပထမဦး ဆုံးစလုပ်တုန်းက တစ်ခုလုံးပြီးဖို့ ၁၃ နှစ်ကြာခဲ့တယ်။ ပညာရှင်တွေ ပင် ပင်ပန်းပန်းကြိုးစားခဲ့ကြရှာတယ်''
''ဟာ- ကြာလှချည်လား''
''စ စ ချင်းကိုးဗျ၊ ၁၃ နှစ် ဆိုတော့ ဆေးကုတဲ့ နေရာမှာ သုံးဖို့ အံ မဝင်လှဘူး။ အဲ-ခုတော့ ခေတ်မီ နည်းစနစ်တွေကြောင့် ၁၃ နာရီပဲ ကြာတော့တယ်''
''ဟာ- မြန်လှချည်လား''
''မြန်ရမယ်လေ၊ ဒါမှလဲရောဂါ ကုတဲ့နေရာမှာ အသုံးဝင်မှာပေါ့''
''ဟုတ်တာပဲ၊ ချက်ချင်းအဖြေ ရမှဆေးကုနိုင်မှာဘဲ၊ ၁၃ နှစ်သာ စောင့်ရင် လူနာသေဖို့ပဲရှိတော့တယ်''
''ဒါပေါ့ဗျာ။ ခု London မှာရှိတဲ့ Royal Brompton Hospital မှာ စီမံကိန်း တစ်ခုလုပ်နေတယ်။ လူနာပေါင်း တစ်သောင်းကို လေ့လာမယ်။ သူတို့ရဲ့ Human Genome ကို အစအဆုံး ခွဲခြမ်းစိတ်ဖြာကြည့်မယ်။ Human Genome တစ်ခုလုံးမှာ Gene ပေါင်း ၂၂ဝဝဝ ပါတယ်။ ဒီ Gene တွေအားလုံးလေ့လာမယ်''
''လ တွေက မနည်းပါ လားဆရာ''
''သူတို့က ဘာရောဂါကိုအဓိ ကထားပြီး လေ့လာမှာတဲ့လဲ ဆရာ''
''အဓိက က နှလုံးရောဂါဗျ။ Royal Bromption Hospitalံသျစငအေူ ကဌာန ရောဂါကို အထူးကုသပေးတဲ့ ဆေး ရုံပဲ၊ မျိုးရိုးဗီဇကြောင့် နှလုံးရောဂါ ဘယ်လိုဖြစ်လာတာလဲဆိုတာ လေ့လာမယ်ဗျ။ ပြီးတော့နှလုံးကို MRI Scan နဲ့ အသေးစိတ် ဓာတ်မှန်ရိုက်ဦးမှာဗျ၊ နှလုံးအကြောင်း အသေးစိတ် လေ့လာတဲ့ သဘောပဲ၊ ဒီသုတေသန စီမံချက်ကို National Institute for Health Research က ထောက်ပံ့တယ်။ လေးနှစ်တာ ကာလအတွင်းမှာ ရန်ပုံငွေ စုစုပေါင်း စတာလင်ပေါင်း ခြောက်သန်းထောက်ပံ့တယ်ဗျ''
''ရန်ပုံငွေက အများကြီးပါလား''
''များမှလဲ လုပ်နိုင်မှာ၊ သုတေ သနဆိုတာငွေကုန်တယ်ဗျ''
''ဒီသုတေသနကိုဘယ်သူ ဦးဆောင်တာလဲ ဆရာ၊ နှလုံးအထူးကု မပါဘူးလား''
''ဘယ်နေမလဲ၊ ပါတာပေါ့ဗျာ။ Professor Dudley Pennell က ဦးဆောင်တယ်။ သူက Royal Bro-mpton Hospital မှာလုပ်တယ်။ ရာထူးက Director of the Cardiova-scular of Cardiology ဗျ။ London မှာရှိတဲ့ Imperial College က ရာထူးဗျ''
''ရာထူးတွေကလဲ များလိုက်တာ''
''ပါရဂူကြီးတွေကိုးဗျ၊ Profes-sor Pennell ကပြောတယ်။ သူတို့ အဖွဲ့ရဲ့ ရည်ရွယ်ချက်က လူနာတွေကို Personalized Therapy နဲ့ ကုနိုင်အောင်လို့ပါပဲတဲ့''
''ကောင်းသဗျာ၊ ထိရောက်မယ့် ကုသမှုမျိုးပဲ''
''နောက် ပါရဂူတစ်ယောက်ကလဲ ခုသုတေသနကို ချီးကျူးထားတယ်။ သူ့နာမည်က Profess-or Dame Sally Davies တဲ့၊ ရာထူးက Director General of Research and Development for the Department of Health and NHS ဗျ။ သူကပြောတယ်။ ဆယ်နှစ် အတွင်းမှာ မျိုးရိုးဗီဇပညာဟာ အရမ်းကို တိုးတက်လာပါတယ်တဲ့။ ခု သုတေသနဟာ သိပ်ကိုစိတ်ဝင်စားစရာ ကောင်းပါတယ်တဲ့။ ပြီးတော့ Personalized Therapy ကို ဦးတည် နေပါတယ်တဲ့''
''လွန်ခဲ့တဲ့ ဆယ်နှစ်က အမေ ရိကန်သမ္မတရယ်၊ ဗြိတိသျှ ဝန်ကြီးချုပ်ရယ်က မျိုးရိုးဗီဇအကြောင်း ကြေညာခဲ့တယ် မဟုတ်လား''
''ကယားကြီးက မှတ်ဥာဏ် ကောင်းတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်က အကြောင်းကို မှတ်မိတယ်ဗျ။ ဟုတ်ပါတယ်။ သမ္မတကလင်တန်နဲ့ ဝန်ကြီးချုပ် တိုနီဘလဲတို့က Human Genome ကို အစအဆုံး ခွဲခြမ်းစိတ် ဖြာနိုင်ပြီဆိုပြီး သတင်းစာ ရှင်းလင်းပွဲမှာ ကြေညာခဲ့တယ်''
''ထူးခြားလို့ပေါ့နော်''
''ဟုတ်တယ်၊ ထူးခြားတယ်။ One of the Greatest Medical Break Throughs ဆိုပြီး ပညာရှင် တွေချီးကျူးခဲ့ကြတယ်''
''ဟုတ်ကဲ့ဆရာ''
''Wellcome Trust Sangen Institute ဆိုတာက Cambridge နားမှာရှိတယ်။ DNA Sequencing မှာ နာမည်ကြီးပေါ့ဗျ။ ဒီ Institute က ကမ္ဘာ့ထိပ်တန်း ဓာတ်ခွဲခန်းကြီး နှစ်ဆယ်ထက်တောင် သာနေတယ်တဲ့။ အဲဒီ Institute က ပါရဂူ Professor Mike Strattion ကလဲပြောတယ်။ Personalized Therapy ဖြစ်လာတော့မှာပါတဲ့''
''အားရစရာပါပဲ ဆရာရယ်။ နှလုံးရောဂါအပြင် တခြားရောဂါတွေရော မျိုးရိုးဗီဇကို အခြေခံပြီး မကုဘူးလား''
''ဘယ်နေမလဲဗျာ ကုမှာပေါ့၊ နှလုံးရောဂါ တစ်ခုတည်းဘယ်ဟုတ် ပါ့မလဲ။ နှလုံးရောဂါက ပထမဦးစား ပေးပေါ့ဗျာ။ ပြီးရင်လာမှာပေါ့။ လူနာ တွေကိုဒုက္ခပေးနေတဲ့ ကင်ဆာကိုလဲ ဘယ်ချန်ထားပါ့မလဲ။ ကင်ဆာက မျိုးရိုးဗီဇနဲ့ အတော်သက်ဆိုင်နေ တယ်''
''ဟုတ်ကဲ့ဆရာ''
''ပြီးတော့ သွေးတိုး၊ ဆီးချို၊ အဝလွန် ဒါတွေလဲ ဆက်လာဦးမှာပေါ့''
ထိုစဉ် လက်ဖက်ရည်ဆိုင် အတွင်းသို့ ဒေါက်တာကျော်ဆွေ သိန်းရောက်ရှိလာ၏။
''ဟာ- ဆရာကျော် လာဗျာ။ လက်ဖက်ရည်သောက်ရအောင်''
''ဦးဥာဏ်အုန်း လိုက်ခဲ့ဦး၊ လက်ဖက်ရည်နောက်မှသောက်မယ်၊ ဦးဥာဏ်အုန်းခြံထဲ သွားရအောင်''
''ဘာများလဲ ဆရာ။ ဘာအရေးကြီးလို့လဲ''
''အရေးကြီးတယ်ဗျ။ ညောင် ရမ်းဆေးတိုက်ကို အသစ်ရောက်လာတဲ့ သူနာပြု ဆရာမ ချောချောလေးက ခရေပန်း ပန်ချင်လို့တဲ့၊ လုပ်ပါဦး ဦးဥာဏ်အုန်းရယ်''
''ဆရာကျော့်ရောဂါကလဲ မျိုး ရိုးလိုက်တာကိုး''
''ဘာဖြစ်လို့လဲဗျ''
''ဆရာ့အဖေတုန်းကလဲ ကျွန် တော်ခရေပန်းခူးပေးခဲ့ရတယ်''
''ဟာ- ဦးဥာဏ်အုန်းကလဲ ဖော်ကောင်လုပ်ပြီဗျာ''
ရည်ညွှန်းချက်။ ။ BBC News မှ 10000 NHS Patients to Have Genes Mapped" ဆေးပညာဆောင်းပါးကို မှီငြမ်း ကိုးကားပါသည်။
အောင်(ဆေး-၁)
ဆက်ဖတ်ရန် . . . .
စက္ခုနှစ်ကွင်း အမြင်ရှင်းစေဖို့
မိုးက တဖွဲဖွဲ ရွာနေသည်။
ထီးကြီးအကာအကွယ်ကြောင့် လေညိုကုန်း လက်ဖက်ရည် ဆိုင်ကလေးတွင် မိုးစိုမည်ကို ပူစရာမလိုဘဲ အေးအေးဆေးဆေး လက်ဖက်ရည် သောက်နိုင်၏။
ဓာတ်ခွဲခန်းမှူး ဦးဥာဏ်အုန်းသည် ဂျာနယ်တစ်စောင် ဖတ်ရင်း လက်ဖက်ရည်ကို ဇိမ်ခံသောက်နေ၏။
ထိုစဉ် ဝတ္ထုတို ဆရာမ မစံပယ်နှင့် ကဗျာဆရာမ မကြည်ဆွေတို့ ရောက်ရှိလာ၏။ လေညိုကုန်းသို့ လာနေကျ ဝိုင်းတော်သားများ ဖြစ်ကြ၏။
''ဦးဥာဏ်အုန်း၊ ဆားပုလင်း ကြီးမလာဘူးလား''
အငြိမ်းစားရှေ့နေကြီး ဦးလှမောင်သည် စာဖတ်ဝါသနာပါ၏။ အငန်လည်း အလွန်စွာကြိုက်၏။ သွားလေရာတွင် ဆားပုလင်း အသေးကလေး ယူဆောင်သွားတတ်၏။ ထို့ ကြောင့် ရင်းနှီးသူများက ဆားပုလင်း နှင်းမောင်ဟု နာမည်ပြောင် ပေးထား၏။
''မလာဘူးဗျ။ ဟိုနေ့က ကျွန်တော့်ဆီက A.J. Cronin ငှားသွားတယ်။ အဲဒါပြီးအောင် သူဖတ်နေပြီ။ ပြီးရင်လာဆွေးနွေးလိမ့်မယ်''
စာအုပ်စုဆောင်းရန် ဝါသနာ ကြီးသော ဦးဥာဏ်အုန်းသည် A.J. Cronin မူရင်း ဝတ္ထုများရော၊ ဘာသာပြန်များပါ စုဆောင်းထား၏။ ဦးလှမောင်က The Stars Look Down ဝတ္ထုရှည်ကြီးကို ငှားသွားခြင်းဖြစ်၏။
''ဆားပုလင်းကြီးက အသက် ၇ဝ ကျော်ပြီ။ မျက်လုံးသိပ်ကောင်း တယ်။ နတ်မျက်စိလား အောက်မေ့ ရတယ်။ ခုထိမျက်မှန် မတပ်ရသေးဘူး''
''ဟုတ်တယ်။ မျက်စိ သိပ်ကောင်းတယ်''
''မျက်စိကောင်းချင်လိုက်တာ ။ ကျွန်မမှာ ခဏခဏ မျက်မှန်လဲ နေရတယ်။ မျက်စိ ဆရာဝန်က အတွင်းတိမ် ဖြစ်နေပြီတဲ့။ ကဗျာရေးရတာ သဲသဲကွဲကွဲ မမြင်ရဘူး''
''မကြည်ဆွေက ၆ဝ တောင် မပြည့်သေးဘူး ဘယ်လိုဖြစ်တာလဲ''
''ဟုတ်ပါရဲ့။ ဆားပုလင်းကြီး ဆို ၈ဝ ပြည့်တော့မယ်။ ကောင်းလိုက်တဲ့ မျက်စိ။ အဝေးကြည့်လဲ ထင်းခနဲ။ စာဖတ်လဲ ထင်းခနဲပဲ''
ဝတ္ထုတို ဆရာမ မစံပယ်က ဝင်ပြောလိုက်၏။
''ဒါဆို ဒေါက်တာ တင်မောင် ဆွေ လာရင် မေးကြည့်ရအောင်''
''အေး၊ ကောင်းတယ်။ နတ် မျက်စိဖြစ်အောင် ဘာတွေလုပ်ရမလဲ ဆိုတာ မေးကြည့်ရမယ်။ နည်းလမ်း တော့ရှိမှာပဲ''
ထိုစဉ် ဒေါက်တာတင်မောင်ဆွေ ရောက်ရှိလာ၏။
''ကြွပါဆရာ။ မစံပယ်တို့ ဆရာ့ကို မေးစရာရှိလို့တဲ့''
''ရပါတယ်ဗျာ။ မေးပါ။ ဘာများသိချင်လို့လဲ။ ကျွန်တော် ဖြေပါ့မယ်''
''ဒီလိုပါရှင်။ ဦးလှမောင်လို မျက်စိအားကောင်းချင်လို့ပါ။ နည်းလမ်းရှိရင် သိပါရစေ''
''ပြဿနာက ဒီလိုပါ။ ခုခေတ်မှာ လူတွေဟာ တီဗီ တစ်ချိန်လုံး ကြည့်ကြတယ်။ ကွန်ပျူတာ တစ်ချိန်လုံး ကြည့်ကြတယ်။ မျက်စိဒဏ်ပိတယ်။ မျက်ရိုးကိုက်တယ်။ ဇက်ကြောတက်တယ်။ ခေါင်းကိုက်တယ်။ အိပ်မပျော်ဘူး။ ဒါတွေဖြစ်လာကြတယ်။ ဆားပုလင်းကြီးက တီဗီလဲ မကြည့်ဘူး။ ကွန်ပျူတာလဲ များများမကြည့်ဘူး။ ပြီးတော့ ကျန်းမာရေးလဲ သိပ်လိုက်စားတယ်။ အဲဒါ ကွာခြားချက်ပဲ''
''တီဗီတွေ၊ ကွန်ပျူတာတွေက ဘယ်လို ဒုက္ခပေးသလဲဆရာ''
''လက်သည်က LED ပဲ။ Blue LED ခေါ်တယ်။ ဒါက အတို ကောက်ခေါ်တာ။ အပြည့်အစုံက Light Emitting Diodes တဲ့။ သူက အပြာရောင်ထွက်တယ်။ ပြီးတော့ လက်ကိုင်ဖုန်းတို့၊ မော်နီတာ တို့မှာလဲပါတယ်။ အပြာရောင်က တခြားအရောင်တွေထက် မျက်စိအပေါ်မှာ ဒဏ်ပိစေတယ်။ ဒုက္ခပေးတယ်။ အမေရိကန်နိုင်ငံ၊ ဒါးလပ်စ်ပြည်နယ်မှာ The Retina Foundation of the Southwest ဆိုတာရှိတယ်။ အဲဒီ အသင်းကြီးက မျက်စိပါရဂူဖြစ်တဲ့ Bernard Godley က ပြောတယ်။ အပြာရောင်ဟာ ရောင်စဉ် ခုနစ်သွယ်ထဲမှာ အားအပြင်းဆုံးပဲတဲ့။ အသားစိုင်ထဲကို ထိုးဖောက်ဝင်ရောက် နိုင်တယ်တဲ့။ ဆဲလ်တွေ ပျက်စီးနိုင်တယ်တဲ့''
''ဟာ- ဒါဆို တီဗီတွေ၊ ကွန်ပျူတာတွေ လွှင့်ပစ်ရမှာလား''
''ဟာ- ဒီလိုလဲ အစွန်းရောက် မသွားနဲ့ဦးလေ။ အလယ်အလတ် လမ်းစဉ်ကျင့်သုံးရမယ်လေ။ Aus-tralia က Optometrists Asso-ciation ရဲ့ အကြံပေးထားတာကို နားထောင်ပါဦးလေ။ ခုခေတ်မှာ တီဗီတွေ၊ ကွန်ပျူတာတွေ လုံးဝ ကင်းလို့လဲ မရပါဘူး။ အဲဒီတော့ တီဗီ ကြည့်ရင် အနည်းဆုံး လေးမီတာ အကွာကနေ ကြည့်ပါ။ ကပ်မကြည့်ပါနဲ့။ ပြီးတော့ မှောင်နေတဲ့ အခန်းထဲမှာ မကြည့်ပါနဲ့။ တီဗီကြည့်ရင် အခန်းကို မီးဖွင့်ထားပါ။ ပြီးတော့ တောက်လျှောက်မကြည့်ပါနဲ့။ နား နားကြည့်ပါ။
နာရီဝက်တစ်ခါလောက် ခဏ နားပြီးလမ်းလျှောက်ပါ''
''မကြည်ဆွေက ကိုရီးယား ဇာတ်လမ်းတွဲတွေ ကြည့်ရင် မထတော့ဘူး။ ပြီးတော့ ကပ်စေးနည်း ပြီး မီတာခသက်သာအောင် အမှောင် ထဲမှာပဲကြည့်တယ်''
''မီတာခသာ သက်သာသွားမယ်။ မျက်စိမသက်သာဘူး မကြည်ဆွေရေ''
''ဟုတ်ပါပြီ။ နောင်ကို ဆင်ခြင်ပါ့မယ်''
''ပြီးတော့ အတွင်းတိမ်အကြောင်း ပြောရဦးမယ်။ နေပူထဲ ထွက်ရင် ထီးဆောင်းပါ။ မလွဲသာမှ ထွက်ပါ။ နေကာမျက်မှန်တပ်ပါ။ နေရောင်ခြည်မှ UV Rays တွေပါတယ်။ အတွင်းတိမ်ဖြစ်စေတယ်။ အတွင်းတိမ်ဖြစ်ဖို့ အားပေးနေတဲ့ အချက်တွေလဲ မှတ်ထားဦး။ အသက် အရွယ်ကြီးရင့်လာတာရယ်၊ ဆေး လိပ်သောက်တာရယ်၊ မျက်စိမတော် မဆထိခိုက်မိတာရယ်၊ ဆီးချိုရောဂါ ရယ်၊ တချို့ ဆေးဝါးတွေရယ် ဒါတွေက အတွင်းတိမ် ဖြစ်စေတယ်''
''ဟုတ်ကဲ့ဆရာ''
''ပြီးတော့ Aged Related Macular Degeneration ဆိုတဲ့ ရောဂါ လဲရှိသေးတယ်။ ဒီရောဂါက UV Rays တွေ၊ Blue Light တွေနဲ့ ဆက်စပ်နေတယ်။ ပြီးတော့ Free Radical တွေရဲ့ ဖျက်ဆီးမှုနဲ့လဲ ဆက်နွယ်နေတယ်။ ဒီရောဂါကြောင့်လဲ မျက်စိကွယ်နိုင်တယ်''
''ဒါဆို အကာအကွယ်အနေနဲ့ ဘာလုပ်ရမလဲဆရာ''
''ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ မှီဝဲရမယ်။ Antioxidant ခေါ်တာပေါ့။ ဗီတာမင်စီရယ်၊ ဗီတာမင် အီးရယ်၊ Lutein ရယ်၊ Zeaxanthin ရယ် မှီဝဲရမယ်''
''ဗီတာမင်စီတို့၊ ဗီတာမင်အီး တို့ကတော့ ဆရာခဏခဏ ပြောဖူးလို့ သိနေပါပြီ။ Lutein နဲ့ Zeax-anthin အကြောင်းပြောပါဦး ဆရာ''
''ဒီပစ္စည်းနှစ်ခုက Carotenoid Family လို့ခေါ်တဲ့ အဝါရောင်နဲ့ အနီရောင်ရှိတဲ့ အသီးအနှံတွေမှာပါတယ်။ သရက်သီး၊ သင်္ဘောသီး၊ မုန်လာဥနီ စသည်ဖြင့်ပေါ့ဗျာ။ ပြီးတော့ အစိမ်းရင့်ရောင် အရွက်ဖားဖားရှိတဲ့ ဟင်းသီးဟင်းရွက်တွေမှာလဲ ပါတယ်။ အဲဒါတွေစားပေးပေါ့ဗျာ''
''ဟုတ်ကဲ့ဆရာ''
''Macular ဆိုတာက Retina လို့ခေါ်တဲ့မြင်လွှာမှာ အရေးပါတဲ့ နေရာပဲ။ Zeaxanthin က Macular ရဲ့ အလယ်ခေါင်မှာ အလုပ်လုပ်တယ်။ Lutein က ဘေးမှာ အလုပ် လုပ်တယ်။ Zeaxanthin Luteiu က UV Light က မျက်စိကို ဒုက္ခမပေးအောင် ကာကွယ်ပေးတယ်။ ရေစစ်နဲ့ စစ်သလို UV ကို Filter လုပ်ထားပေးတယ်။ UV ကြောင့် အတွင်းတိမ်တို့၊ Age - Related Macular Degeneration ရောဂါတို့ မဖြစ်တော့ဘူး''
''ဟုတ်ကဲ့ဆရာ''
''ပြီးတော့ ဒီနှစ်ခုက ဓာတ်တိုး ဆန့်ကျင်တဲ့ အလုပ်လဲ လုပ်တယ်။ Lens တွေ၊ Retina နဲ့ Macula တွေ ကို Free Radical တွေ ဘေးရန်က နေကာကွယ်ပေးတယ်။ ဒီဓာတ်တွေက သိပ်ကိုအရေးပါတယ်။ ခက် တာက ကျွန်တော်တို့ ခန္ဓာကိုယ်က ဒီဓာတ်တွေကို မထုတ်လုပ်နိုင်ဘူး။ အစားအစာထဲမှာ ပါအောင်စားပေး မှပဲရမယ်။ လွယ်တာကတော့ ဒီဓာတ်နှစ်မျိုးစလုံးပါတဲ့ ဆေးတွေ သောက်ပေးနိုင်ရင်လဲရပါတယ်''
''ဒီဓာတ်တွေက ဘယ်ပမာဏ လောက်လိုပါသလဲ ဆရာ''
''Standardised Lutein ဆိုရင် တစ်နေ့ 10 mg လိုတယ်။ ပြီးတော့ Zeaxanthin ဆိုရင် တစ်နေ့ကို 5 mg အနည်းဆုံးလိုတယ်''
''ဟုတ်ကဲ့ဆရာ''
''ကွန်ပျူတာသုံးရင် ကွန်ပျူတာကြည့်တဲ့ သီးသန့် မျက်မှန်ရှိတယ်။ Multifocal Lens ပါတဲ့ မျက်မှန်ရှိတယ်။ အဲဒါကို သုံးပါ။ ပြီးတော့ သိပ်ကပ်မကြည့်ပါနဲ့။ ၁၈ လက်မအကွာက ကြည့်ပါ။ မော်နီတာကို မနိမ့်လွန်း၊ မမြင့်လွန်းအောင် စီစဉ်ထားပါ။ စာစီစာရိုက်လုပ်ရင် သက်သောင့်သက်သာ အနေအထားမှာ လုပ်ပါ။ ခါးမတ်မတ်ထားပါ။ ပြီးတော့ တစ်နာရီ ရိုက်ပြီးရင် ငါးမိနစ်နားပါ။ လမ်းထလျှောက်ပါ။ အဝေးက စိမ်းစိမ်းစိုစို ရှိတဲ့ သစ်ပင်တွေကို လှမ်းကြည့်ပါ။ မျက်တောင် ခဏခဏ ခပ်ပေးပါ။ မျက်စိ ကြွက်သားတွေ ပြေလျော့စေတဲ့ Optifresh မျက်စဉ်းရှိတယ်။ ခပ်ပေးပါ။ ကွန်ပျူ တာသုံးရင် အခန်းကို မီးဖွင့်ထားပါ။ မှောင်ထဲမှာ မကြည့်ပါနဲ့။ မော်နီတာ ပေါ်မှာ အလင်းပြန်တာ သက်သာ စေတဲ့ အလွှာတစ်ခုအုပ်ထားပါ။ မျက် စိကို အလင်းပြန်ပြီး ထိခိုက်တာ သက် သာစေတယ်။ ကွန်ပျူတာ သုံး ရင် ဒါတွေ လိုက်နာသင့်ပါတယ်''
''ဟုတ်ကဲ့ဆရာ။ မှတ်ထား ပါ့မယ်''
ထိုစဉ် ဆားပုလင်းကြီး ရောက် ရှိလာ၏။
''ဟာ- အန်ကယ်ဦးလှမောင် လာပြီ။ ကြွပါအန်ကယ်။ ဘယ်နဲ့လဲ The Stars Look Down ဖတ်လို့ ကောင်းရဲ့လား''
''သိပ်ကောင်းတယ်ဗျာ။ ဒီဝတ္ထုရှည်ကြီးက A.J.Cronin ရဲ့ လက်ရာတွေထဲမှာ Masterpiece ပဲဗျ။ ကျွန်တော်က Citadel ဖတ်ပြီး ကတည်းက A.J.Cronin ကို သိပ်ကြိုက်သွားတာ။ Adventures in the Two Worlds ရယ်၊ The Key of the Kingdom လဲ ဆက်ဖတ်ဦးမယ်။ ဒီ လေးအုပ်လုံးက A.J.Cronin ရဲ့ အကောင်းဆုံး လက်ရာတွေပဲဗျ''
''အန်ကယ်က သိပ်မျက်စိ ကောင်းတာပဲ။ နတ်မျက်စိ ကျနေတာပဲ။ ဒါလောက်ထူတဲ့ ဝတ္ထုစာအုပ်ကြီး တွေ အစအဆုံး ဖတ်နိုင်တယ်နော်''
''ဒါက မဆန်းပါဘူး။ အဓိကက ကျန်းမာရေးပါပဲ။ အန်ကယ် မနက်စောစောနေ့စဉ် လမ်းလျှောက်တယ်။ သက်သတ်လွတ်စားတယ်။ အသီးအနှံတွေ ဟင်းသီးဟင်းရွက်တွေ သိပ်ကြိုက်တာ၊ တီဗီမကြည့်ဘူး။ ကွန်ပျူတာကို သင့်ရုံပဲ ကြည့်တယ်။ ဥပုသ်စောင့်၊ တရားထိုင်တယ်။ အေးအေးချမ်းချမ်းနေတယ်။ အကောင်းမြင်ဝါဒ လက်ကိုင်ထားတယ်၊ သူတစ်ပါးကို ကူညီတယ်၊ အန်ကယ်ရှေ့နေ မလိုက်တော့ပါဘူး။ တစ်ယောက်ယောက်က တရားရုံးနဲ့ ပတ်သက်လို့ အကြံဥာဏ်တောင်းရင်တော့ မေတ္တာနဲ့ကူညီတယ်။ အန်ကယ့် လိုသာနေ။ နတ်မျက်စိတင်မကဘူး နတ်နားပါရလိမ့်မယ် ဟဲ-ဟဲ-''
ဆားပုလင်းကြီး၏ စကားကြောင့် တစ်ဝိုင်းလုံး တဟားဟား တဝါးဝါးနှင့် ပွဲကျသွားလေတော့၏။
ရည်ညွှန်းချက်။ ။ Malaysia နိုင်ငံထုတ် Star သတင်းစာမှ Pahang Pharmacy အဖွဲ့ဝင် ပါရဂူများ ရေးထားသော Blurrily Blueဆေးပညာဆောင်းပါးကို မှီငြမ်းကိုး ကားပါသည်။
အောင်(ဆေး-၁)
ဆက်ဖတ်ရန် . . . .
အေကိုက်သူတို့အတွက် မျှော်လင့်ချက် ရောင်ခြည်(ကျန်းမာရေး ဆောင်းပါး)
ဝင်လုဆဲ နေရောင်ခြည်က လမ်း မကြီးပေါ်သို့ ဖြာကျလျက်ရှိ၏။
ရွှေဘုံသာလမ်းနှင့် အနော်ရထာ လမ်းထောင့်ရှိ မီးပွိုင့်နှင့်များစွာမဝေး ကွာလှသော အရပ်တွင် လေညိုကုန်း လက်ဖက်ရည်ဆိုင် ကလေးတည်ရှိ၏။
ညနေ ဆည်းဆာချိန်ရောက်လျှင် လူစည်ကားမြဲဖြစ်၏။
စိမ်းလန်းသော ဗာဒံရွက်များ၏ အကာအကွယ်ကြောင့် အပူဒဏ်မှ သက်သာနေ၏။
ဘာသာပြန်ဆရာ မောင်သိန်းငှက် (ကယားပြည်)၊ ကဗျာဆရာ မောင်တိုင်ပြာ၊ အက်ဆေးဆရာ မောင်ကြိုင်မြတ်(ကဒုံကနိ)၊ အယ်ဒီတာ ကိုထူးကျော်၊ စာအုပ်ဆိုင်ပိုင်ရှင်ကို လွင်ဆင့်တို့သည် လေညိုကုန်းတွင် လက်ဖက်ရည် သောက်နေကြ၏။
မောင်သိန်းငှက်ကို စာပေလော ကသားများက ကယားကြီးဟု ခေါ်ကြ၏။ ထိုသို့ခေါ်သည်ကို မောင်သိန်းငှက်က သဘောကျနေ၏။
''ကယားကြီး ဦးဥာဏ်အုန်း မလာသေးဘူးလား''
''သွေးစစ်ရမယ့် လူနာတွေများ နေလို့ဗျ။ လာခါနီးပါပြီ''
''ဒေါက်တာကျော်ဆွေသိန်းရော''
''ညောင်ရမ်းဆေးတိုက်မှာဗျ။ သူနာပြုဆရာမလေးနွဲ့ယမင်းနဲ့ စကား ပြောနေတာတွေ့ခဲ့တယ်။ တော်ကြာ လာပါလိမ့်မယ်''
ခဏကြာသော် ဒေါက်တာ ကျော်ဆွေသိန်းနှင့် ဓာတ်ခွဲခန်းမှူး ဦးဥာဏ်အုန်းတို့ ရောက်ရှိလာ၏။ သူနာပြု ဆရာမလေး နွဲ့ယမင်းနှင့် ပြုံးပွင့်သူတို့လည်း လိုက်ပါလာ၏။
''ကယားကြီးရေ ဆရာမလေးတွေ ဗိုက်ဆာလို့ လိုက်လာတာဗျ''
''ရပါတယ်၊ ဟေ့-မောင်ကြွက်နီ ကျဆိမ့်နှစ်ခွက်''
စားပွဲထိုးကလေး မောင်ကြွက်နီက လျင်မြန်ဖျတ်လတ်၏။ မကြာမီ ကာပူချီနိုနှစ်ခွက်နှင့် ကျဆိမ့်နှစ် ခွက်ရောက်လာ၏။ Rich ကာပူချီနို အသင့်ဖျော်အထုပ်တွေ ပေါ်နေပြီ ဖြစ်ရာ လေညိုကုန်းတွင် ကာပူချီနို ရနိုင်ပြီဖြစ်၏။
''ဦးဥာဏ်အုန်း အလုပ်များနေတယ် ထင်တယ်''
''ဟုတ်တယ်ဗျ။ သွေးစစ်လူနာ တွေများနေတယ်။ ဒီညနေ တစ်ရာကျော်သွားပြီ''
''အေအိုင်ဒီအက်စ်တွေ ပါသေးလား''
''အနည်းအကျဉ်းတော့တွေ့ တွေ့နေရတယ်''
''အေအိုင်ဒီအက်စ်အတွက် ကာကွယ်ဆေး မပေါ်သေးဘူးလား''
''ဒါကတော့ ဆရာကျော် မေး ကြည့်ဗျာ''
''ဒီလိုဗျ။ ကယားကြီးရ။ နီးလာပါပြီ။ Nature ဆိုတဲ့ သိပ္ပံပညာ ဂျာနယ်မှာ ဆောင်းပါးတစ်ပုဒ် ဖတ်လိုက်ရတယ်။ အေအိုင်ဒီအက်စ် သုတေသနဗျ။ တချို့လူတွေက ရောဂါကို ခံနိုင်ရည်ရှိကြတယ်။ Hiv ပိုးဝင် သွားပေမယ့် Aids အဆင့်ရောက်ဖို့ နှစ်တွေ အကြာကြီးကြာတယ်။ တချို့ကျတော့ ပိုးသာ ဝင်သွားတယ် ရောဂါမဖြစ်ဘူး။ ဒါဟာ ဖြေရှင်းရခက်တဲ့ ပုစ္ဆာတစ်ပုဒ်ဗျ။ ခုတော့ အဖြေရှာတွေ့ပြီ။ ရှာတွေ့တော့ အမေရိကန် သုတေသီတွေက ကာကွယ်ဆေးပေါ်ဖို့ နီးစပ်လာပါပြီလို့ ပြောကြတယ်ဗျ''
''အသေးစိတ်ရှင်းပြပါဦး''
''ကိုယ်ခံအင်အားကောင်းတဲ့ ကံထူးရှင် လူတစ်စုကို Elite Controllers လို့ နာမည်ပေးထားတယ်။ ပိုးဝင်ပေမယ့် နှစ်အကြာကြီးနေမှ ရောဂါဖြစ်တယ်။ တချို့က ဖြစ်ကို မဖြစ်တော့ဘူး။ လွန်ခဲ့တဲ့ ၁၉၉ဝ ဝန်းကျင်က ရှာဖွေတွေ့ရှိချက် တစ်ခုရှိခဲ့တယ်။ HIV ပိုးဝင်တဲ့ လူနှစ်ရာမှာ တစ်ယောက်နှုန်း ကံထူးရှင်တွေ့ခဲ့တယ်။ ကံထူးရှင်တွေမှာ မျိုးရိုးဗီဇတစ်ခု သွားတွေ့တယ်။ နာမည်က HLA B57 တဲ့။ သုတေသီ MIT Professor Arup Chakraborty နဲ့ Professor Bruce Walker ဦး ဆောင်တဲ့ သုတေသနအဖွဲ့ဗျ။ သူတို့ ထပ်တွေ့တာက HLA B 57 ရှိတဲ့ လူတွေဟာ More Potent Killer T- Cell တွေထုတ်နိုင်တယ်တဲ့။ သဘောက ဗိုင်းရပ်စ်သတ်တဲ့နေရာမှာ ပိုစွမ်းတဲ့ ဆဲလ်တွေပေါ့ဗျာ။ HIV Virus ကို ခေါင်းမထူနိုင်အောင် နှိမ်ထားနိုင်တယ်''
''သုတေသီတွေက ဘယ်လို ရှာတွေ့တာလဲ''
''ကိုယ်ခံစွမ်းအားစနစ်မှာ အရေးပါတဲ့ အင်္ဂါတစ်ခုရှိတယ်။ Thymus လို့ ခေါ်တယ်။ Thymus ထဲမှာ သွေးဖြူဥတွေ လူလားမြောက်တယ်။ ဒါကို Computer Modelling နဲ့ သုတေသနလုပ်တာဗျ''
''သြော်- ဟုတ်လား။ အဆင့် မြင့်တယ်ဗျာ''
''သုတေသီတွေက အခု သုတေသနဟာ ကာကွယ်ဆေး ပေါ်လာဖို့ အခြေခံပါပဲတဲ့။ သူတို့က Model တွေ အမျိုးမျိုး စမ်းသပ်ကြည့် ကြတယ်။ ပထမတစ်ခုက Thymus ထဲမှာ T Cell တွေ အဆင့်ဆင့်ဖွံ့ဖြိုး လာပုံကို လေ့လာတဲ့ Model ဗျ။ ဒုတိယတစ်ခုက HLA B57 မျိုးရိုးဗီ ဇရှိတဲ့လူနဲ့ မရှိတဲ့လူတွေမှာ ဖြစ်ပျက် တဲ့ အဖြစ်အပျက်ကို လေ့လာတာဗျ။ တတိယတစ်ခုက အကာအကွယ်ပေးတဲ့ မျိုးရိုးဗီဇရှိတဲ့လူတွေမှာ တွေ့ရ တဲ့ T Cell အကြောင်းလေ့လာတာဗျ။ အဲဒီသုံးမျိုး လေ့လာခဲ့တယ်''
''ဟုတ်ကဲ့ဆရာ''
''ခုလို သိလာတဲ့အခါကျတော့ သဘာဝ ကိုယ်ခံစွမ်းအားစနစ်ကို ပြုပြင်မှာပေါ့ဗျာ။ ကာကွယ်ဆေး ဖော်နိုင်ပြီပေါ့ဗျာ။ ကာကွယ်ဆေး ထိုးထားတဲ့လူဟာ HLA B57 ရှိတဲ့လူလို HIV ပိုးဝင်လာတာကို တုံ့ပြန်လိမ့် မယ်။ ဒါပေမယ့် ကျယ်ကျယ်ပြန့် ပြန့် သုံးနိုင်မယ့် ကာကွယ်ဆေး ရဖို့ ကတော့ အချိန်စောင့်ရဦးမယ်''
''စောင့်ရမှာပေါ့ဆရာရယ်။ သု တေသနတိုင်း အချိန်ယူရတာပဲ။ ချက် ချင်းအောင်မြင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး လေ။ စိတ်ရှည်ရမှာပေါ့''
''Professor Bruce Walker က ပြောတယ်။ တချို့က HIV ကို သူ့သဘာဝအလျောက် ခံနိုင်ရည်ရှိ တယ်တဲ့။ ဘယ်လိုကြောင့် ခံနိုင်ရည် ရှိနေရသလဲဆိုတာ သိဖို့ အရေးကြီး ပါတယ်တဲ့။ ခုသုတေသနက ဒီမေး ခွန်းရဲ့ အဖြေကိုရှာတာပါတဲ့။ တွေ့ လာတော့ ကာကွယ်ဆေးရဖို့ နီးစပ် သွားပြီတဲ့''
''ဒါပေါ့ဆရာရယ်''
''Professor Chakraborty က ပြောတယ်။ ကာကွယ်ဆေး ထုတ် လုပ်တဲ့ လုပ်ငန်းစဉ်မှာ ပဟေဠိပုစ္ဆာ တွေက အများကြီး ဖြေရှင်းရပါတယ်တဲ့။ ခုသုတေသနက ပုစ္ဆာတစ်ပုဒ်ကို အဖြေရှာပေးလိုက်ပါပြီတဲ့။ အဲသလို ပြောသွားတယ်''
''ဟုတ်မှာပဲ ဆရာရယ်။ HIV ပိုးက အင်မတန်ထူးဆန်းတဲ့ သဘော ရှိတယ်လို့ ကြားဖူးတယ်။ လူ့ ခန္ဓာ ကိုယ်ထဲမှာ ပုန်းကွယ်နေပြီး အလစ် မှာ ဆော်တတ်တယ်တဲ့။ လူရဲ့ သဘာဝ ကိုယ်ခံစွမ်းအားစနစ်ကိုလဲ မျက်စိလည်အောင် လှည့်စားတတ် တယ်တဲ့။ အာဂပိုးကောင်ပဲဆရာ။ မလွယ်ဘူး''
''ဟုတ်တယ်။ ကယားကြီး ပြောတာမှန်တယ်။ HIVဆိုတာက အာဂပိုးဗျ။ သူ့ကြောင့် သိပ္ပံပညာရှင်တွေ အတော်ဦးနှောက် ခြောက်ကုန်ကြတယ်။ အကောင်သေးသလောက် မူယာမာယာများတဲ့ ပိုးပဲဗျ''
''ကာကွယ်ဆေးအကြောင်း ဆက်ပါဦးဆရာ''
''ကာကွယ်ဆေးကိစ္စကို ပါရဂူတွေ စိတ်ဝင်စားကြပါတယ်။ Terrence Higgins Trust က Clinical Director ဖြစ်တဲ့ Jason Warriner က ပြောတယ်။ ခုသုတေသနက စိတ်ဝင်စားစရာ ကောင်းပါတယ်တဲ့။ မျိုးရိုးဗီဇဆိုင်ရာ သုတေ သနဖြစ်ပါတယ်တဲ့။ HIV ကို သဘာဝအလျောက် ခုခံကာကွယ်နိုင်တဲ့ မျိုးရိုးဗီဇအကြောင်း လေ့လာတာ ဖြစ်ပါတယ်တဲ့။ ဒီလိုမျိုးရိုးဗီဇကို ရှာဖွေ တွေ့ရှိတာဟာ ကာကွယ်ဆေး ပေါ်လာဖို့ အခြေခံကောင်း တစ်ရပ်ဖြစ်ပါတယ်တဲ့။ HIV ဟာ ရှုပ်ထွေးတဲ့ ဗိုင်းရပ်စ်ဖြစ်ပါတယ်တဲ့။ ကာကွယ်ဆေးကတစ်ဆင့် ဗိုင်းရပ်စ်ကို အမြစ်ပြတ် ချေမှုန်းမယ့် ကုထုံးသစ်တွေ ပေါ်လာနိုင်ပါတယ်တဲ့။ အဲသလို ပြောသွားတယ်''
''ဟုတ်ကဲ့ဆရာ''
''သူက ဆက်ပြောသေးတယ်။ HIV ပြဿနာဟာ ယူကေနိုင်ငံအတွက် ကြီးမားတဲ့ ကျန်းမာရေး ပြဿနာပါတဲ့။ လျင်မြန်စွာ ကြီးထွားလာနေတဲ့ ဆိုးရွားတဲ့ ပြဿနာလဲ ဖြစ်ပါတယ်တဲ့။ ခုလောလောဆယ် လူနာပေါင်း ၈၃ဝဝဝ ရှိပါတယ်တဲ့။ ဒါကြောင့် လူတွေကို ကွန်ဒုံးသုံးကြဖို့ ပညာပေးရမှာ ဖြစ်ပါတယ်တဲ့''
''ယူကေမှာ HIV ပြဿနာ အတော်ကြီးထွားနေတာပဲ''
''ဟုတ်တယ် ကယားကြီး။ ယူကေလို ဖွံ့ဖြိုးပြီးနိုင်ငံတောင် အတော်ကြိုးစားပြီး ဖြေရှင်းနေရတယ်။ အာဖရိကက ဖွံ့ဖြိုးဆဲနိုင်ငံတွေဆိုရင် ဘဏ္ဍာရေး ချို့တဲ့တော့ အတော်ဒုက္ခရောက်ကြတယ်''
''ဟုတ်တယ်ဆရာ။ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုတဲ့ စကားပုံလိုပါပဲ။ ဆင်းရဲတဲ့နိုင်ငံတွေကို HIV က ပိုပြီး နှိပ်စက်တယ်ဆရာ''
''ဒါကြောင့် ပါရဂူတွေက ကာကွယ်ဆေးကို အသည်းအသန် ရှာဖွေနေကြတာ။ ကာကွယ်ဆေးပေါ်မှပဲ အာဖရိက နိုင်ငံတွေ သက်သာရာ ရမယ်ဗျ''
''အေအိုင်ဒီအက်စ်ကာကွယ် ရေးအကြောင်းရေးကြ၊ ဟောကြတာလဲ များပါပြီ။ ဒါပေမယ့် ထပ်ခါ ထပ်ခါပြောလေလေ မှတ်မိလေ ဖြစ် မှာဗျ။ ထပ်ပြောပါဦးဗျာ''
''တစ်လင်၊ တစ်မယားစနစ်ကို ကျင့်သုံးရမယ်။ လင်နဲ့မယား အပြန်အလှန် သစ္စာရှိရမယ်။ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို လိုက်နာရမယ်။ အပျော်အပါး ရှောင်ကြဉ်ရမယ်။ မလိုအပ်ဘဲ ဆေးမထိုးရဘူး။ မလိုအပ်ဘဲ ဆေးမသွင်းရဘူး။ မူးယစ်ဆေးဝါး ရှောင်ရမယ်။ သွားပွတ်တံ၊ မုတ်ဆိတ်ရိတ်ဓား၊ သင်တုန်းဓား စတာတွေ သီးခြားထားပြီး သုံးစွဲရမယ်။ ဆေးမင်ကြောင် မထိုးရဘူး။ ဆက်ဆံဖော် အသစ်ဆိုရင် ကွန်ဒုံးသုံးရမယ်။ အဲဒါတွေ လိုက်နာရမယ်''
''ဟုတ်ကဲ့ဆရာ''
''လမ်းထိပ်ဓမ္မာရုံနားက အဝေးပြေးယာဉ်မောင်း ကိုသာဂိကို သိလား''
''သိတယ် ကယားကြီး။ တစ်လောက ဦးဥာဏ်အုန်းဆီမှာ သွေးလာစစ်တယ်''
''ဘာတွေ့လဲဗျ''
''တွေ့ရှိချက်က Confidential ပေါ့ဗျာ။ ပြောလို့ မဖြစ်ဘူး။ ဒါပေမယ့် လူနာက ပိန်လာတယ်။ ခဏ ခဏ ဖျားတယ်။ ချောင်းဆိုးတယ်။ သလိပ်ဟက်ရင် သွေးစပါတယ်။ ဝမ်းလျှောတယ်။ ဒါနဲ့ မင်္ဂလာဒုံက ဆေးရုံ ရောက်သွားပြီ''
''တယ်လဲရှုပ်တဲ့၊ ပွေတဲ့ကောင်ဗျ''
''ရှုပ်ပွေချင်တဲ့ ငနဲသားတွေ အတွက် သင်ခန်းစာဗျ''
''သာဂိကို ဆေးရုံမှာတွေ့တဲ့ လူတွေလန့်ကုန်ကြတယ်တဲ့။ အစက ဝဝကြီးဗျ။ ခု ဝါးခြမ်းပြားလောက်ပဲ ရှိတော့တယ်''
''တယ်လဲဆိုးတဲ့ ရောဂါပဲ''
ထိုစဉ် အမျိုးသမီးအုပ်စု ရောက်ရှိလာ၏။ လုံးချင်းဝတ္ထုဆရာမ ခင်ပန်ဆောင်း၊ ဝတ္ထုတိုဆရာမ မစံပယ်၊ ကဗျာဆရာမ မကြည်ဆွေ၊ အက် ဆေးဆရာမ မဂန္ဓမာ၊ ထုတ်ဝေသူ မဝေဝေတို့ပါဝင်၏။
''ကယားကြီး၊ ကျွန်မတို့ တောင်ကြီး၊ အင်းလေး၊ အောင်ပန်း၊ ကလောသွားမယ်။ လိုက်မလား''
''လိုက်ချင်တာပေါ့ဗျာ။ စပွန် ဆာမရှိဘူး''
''စပွန်ဆာရရင် လိုက်မလား''
''လိုက်မယ်ဗျာ။ ကျွန်တော်တို့ တစ်ဖွဲ့လုံး လိုက်မှာနော်''
''လိုက်ပါ။ ရပါတယ်။ မိုးကုတ်ကျောက်တွင်း သူဋ္ဌေးတစ်ယောက်က စပွန်ဆာပေးမှာ။ သူက စာပေ ဝါသနာပါတယ်။ နယ်မှာ စာပေဟောပြောပွဲတွေ ဖြစ်စေချင်တယ်။ နယ်ကစာဖတ်ပရိသတ်နဲ့ စာရေး ဆရာတွေကို တွေ့စေချင်တယ်''
''ဒါဆို မောင်ညိုပြာလဲ ခေါ်ရမယ်''
''ခေါ်ပါ။ ဒေါက်တာမြင့်မောင်လဲ ခေါ်ပါ။ နက်ဖြန်ပဲသွားကြမယ်။ တောင်းအေ့စ်သုံးစီး၊ ပါဘလစ်ကာ နှစ်စီးပေးထားတယ်။ ကျွေးမွေးစရိတ် လဲရထားပြီးပြီ''
ခရီးထွက်ရမည်ဆို၍ လေညို ကုန်းဝိုင်းတော်သားများ ဝမ်းသာသွား ကြ၏။
ရည်ညွှန်းချက်။ ။ BBC News မှ New Hope for Hiv Vaccine Efforts ဆေး ပညာဆောင်းပါးကို မှီငြမ်းကိုးကားပါသည်။
အောင်(ဆေး-၁)
ဆက်ဖတ်ရန် . . . .
Monday, August 23, 2010
စိမ်းလန်းသော ပါတ်ဝန်းကျင်တွင် ၅ မိနစ်ခန့် နေခြင်းသည် မိမိကိုယ်ကို လေးစား တန်ဖိုးထားမှု ပိုမိုစေနိုင်
တစ်နေ့တွင် အနည်းဆုံး ၅ မိနစ်မျှ နေအိမ်ပြင်ပ စိမ်းလန်းသော ဝန်းကျင်တွင် ကိုယ်လက်လှုပ်ရှားခြင်းသည် စိတ်ကျန်းမာရေးကိုပါ တိုးတက်ကောင်းမွန် လာစေသောကြောင့် လူအများကို ပန်းခြံ နှင့် ဥယျာဉ်များတွင် အချိန်ကုန်းဆုံးရန် အားပေးသင့်သည် ဟုလော့လာချက် တစ်ရပ်အရ သိရသည်။
University of Essex မှ သုတေသီများက အနည်းဆုံး ၅ မိနစ်လောက်စာမျှ စိမ်းလန်းစိုပြေသော ပါတ်ဝန်းကျင်တွင် လမ်းလျောက်ခြင်း ဥယျာဉ်တွင်း လှည်လည်ကြည့်ရှုခြင်း စက်ဘီးစီးခြင်း သို့မဟုတ် သစ်ပင်စိုက်ပျိုးခြင်းသည် လူ၏ စိတ်အင်အားကို တိုးတက်စေနိုင်သလို မိမိကိုယ်ကို ယုံကြည်တန်ဖိုးထားမှု ရှိလာစေသည်ဟု ဆိုသည်။
“လူတွေအားလုံး green exercise (စိမ်းလန်းတဲ့ ပါတ်ဝန်းကျင်မှာ လေ့ကျင့်ခန်း) ယူပြီး မိမိကျန်းမာရေး မိမိစောင့်ရှောက်မယ်ဆိုရင် တစ်ဦးတစ်ယောက်စီ အတွက်ရော လူ့အဖွဲ့အစည်းအတွက်ပါ ကျန်းမာရေး စောင့်ရှောက်ရတဲ့ စရိတ်စက တွေလျော့နည်းပြီး အကျိုးကျေးဇူး အများကြီးရှိနိုင်တယ် ဆိုတာ ကျွန်တော်တို့ ယုံကြည်တယ်” ဟု သုတေသီ Barton က Environmental Science & Technology ဂျာနယ် တွင် ရေးသားဖော်ပြခဲ့သည်။
“အိမ်ပြင်ပတွင် လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာများကို လျော့ချနိုင်ပြီး ကောင်းကျိုးချမ်းသာများ ခံစားရသည်ဟု လေ့လာမှုများစွာက ဖော်ပြခဲ့သော်လည်း ထိုကဲ့သို့ အကျိုးကျေးဇူးရှိကြောင်း ပြသနိုင်ရန် green exercise အတွက် အချိန်မည်မျှ အသုံးပြုရမည်ဆိုသည်ကို ယခုအချိန်အထိ မည်သူမှ မသိရှိကြသေးကြောင်း” အဆိုပါ လေ့လာမှုများ၏ ခေါင်းဆောင် Jules Pretty နှင့် Jo Barton တို့ကပြောကြားပါသည်။
Barton နှင့် Pretty တို့သည် ဗြိတိန်ရှိ လေ့လာမှု (၁၀)ခုမှ ရရှိလာသော အသက်အရွယ် ၊ ကျား/မ နှင့် စိတ်ကျန်းမာရေး အခြေအနေ ကွားခြားသော လူပေါင်း ၁၂၅၂ ဦးတို့၏ အချက်အလက်များကို စစ်တမ်းကောက်ယူကာ ၎င်းတို့၏ လမ်းလျောက်ခြင်း ၊ ဥယျာဉ်တွင်း လှည်လည်ကြည့်ရှုခြင်း၊ စက်ဘီးစီးခြင်း ၊ ငါမျှားခြင်း ၊ လှေအပျော်စီးခြင်း ၊ မြင်းစီးခြင်း နှင့် သစ်ပင်စိုက်ပျိုးခြင်း စသည့် လုပ်ဆောင်ချက်များကို ခွဲခြား စီစစ်ခဲ့ကြသည်။
ထိုလေ့လာမှုအရ စိမ်းလန်းသော ပါတ်ဝန်းကျင်မှာ လေ့ကျင့်ခန်း ယူခြင်းဖြင့် အသက်အရွယ် အပိုင်းအခြား အားလုံးရှိ လူများတွင် ကောင်းကျိုးများ ရရှိစေသော်လည်း ငယ်ရွယ်သူများနှင့် စိတ်ပိုင်းဆိုင်ရာ မကျန်းမာသူများတွင် ပိုမိုကြီးမားသော ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ ရရှိကြသည်ဟုဆိုသည်။ “green exercise” ၅မိနစ်မျှ ပြုလုပ်ခြင်းသည် အကြီးမားဆုံး အကျိုးကျေးဇူးနေဖြင့် မိမိကိုယ်ကို လေးစားတန်ဖိုးထားမှု အပေါ် ကြီးစွာသော ကောင်းကျိုးကျေးဇူးများ ရှိသည်ကို တွေ့ရှိခဲ့သည်။
မြန်မာနိုင်ငံ၏ စိမ်းလန်းသောရှုခင်းတစ်ခုဖြစ်သည့် ပြင်ဦးလွင်
မြို့ကြီး မြို့ငယ်များတွင်ရှိသော ပန်းခြံများ အပါအဝင် သဘာဝပါတ်ဝန်းကျင်အားလုံးက အကျိုးပြုပါကြောင်း၊ သို့သော် မြစ်/ချောင်း ရေကန် စသော ရေမျက်နှာပြင် ပါဝင်သည့် စိမ်းလန်းသော သဘာဝပါတ်ဝန်းကျင်သည် ပိုမိုကောင်မွန်သော အကျိုးသက်ရောက်မှု ပိုရှိစေသည်ဟု ၎င်းတို့က ပြောကြားပါသည်။
ဆက်ဖတ်ရန် . . . .
အချစ်ရေး အဆင်မပြေသောအခါ အမျိုးသား များသည် အမျိုးသမီး များထက် ပိုမိုထိခိုက် ခံစားရသည်
အချစ်ရေး၌ စိတ်မချမ်းသာဘဲ ရှုံးနိမ့်ရသော အခါ အမျိုးသား များသည် အမျိုးသမီး များထက် ပိုမို နာကျင် ခံစားရလေ့ရှိသည်ဟု လေ့လာမှု တစ်ရပ်အရ သိရကြောင်း ဇွန်လထုတ် ကျန်းမာရေးနှင့် လူမှုရေး ဂျာနယ်တွင် ဖော်ပြထားသည်။
ကယ်လီဖိုးနီးယား မြောက်ပိုင်း Wake Forest တက္ကသိုလ်မှ ပါမောက္ခ Robin Simon က အဆိုပါ သုတေသနလုပ်ငန်းကို ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး အသက် ၁၈ နှစ်မှ ၂၃ နှစ်အတွင်းရှိ လက်မထပ်ရသေးသော အမျိုးသား နှင့် အမျိုးသမီး ၁၀၀၀ ကျော်ကို လေ့လာခဲ့ကြောင်း FOX သတင်းဌာနက ဖော်ပြခဲ့သည်။
လေ့လာမှုမှ ရရှိလာသော အချက်အလက်များကို နှိုင်းယှဉ်ချက်အရ အချစ်ရေးတွင် လမ်းခွဲ အဆုံးသတ်သောအခါ အမျိုးသားများသည် အမျိုးသမီးများထက် ပိုမို စိတ်ထိခိုက် ခံစားရကြောင်း သိရသည်။
ထိုအချက်က အမျိုးသားများသည် အမျိုးသမီးများထက် ပျော်ရွင်ဖွယ် ကောင်းသော အချစ်ရေးတွင် ပိုမို စိတ်တက်ကြွ ပျော်ရွင်ကြပြီး စိတ်မချမ်းသာစရာ အခြေအနေမျိုးတွင်လည်း ပိုမိုကြီးမားသော စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ကြုံတွေ့ရသည်ကို ဖော်ပြလျက်ရှိသည်။ လူငယ်များအနေဖြင့် အဆင်မပြေသော အချစ်ရေးတွင် မိမိကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးသည်အထိ ခံစားရလေ့ရှိကြောင်း ပါမောက္ခ Robin Simon က ပြောပါသည်။
ဤသုတေသနမှ ထွက်ပေါ်လာသော အံ့အားသင့်ဖွယ် အဖြေမှာ လူငယ် အမျိုးသား တစ်ဦးအတွက် ဘဝတွင် အကြီးမားဆုံး ပတ်သက်ရင်းနှီးသူမှာ သူ၏ ချစ်သူဖြစ်ပြီး အမျိုးသမီးများ အတွက်မှု သူတို့၏ အရင်းနှီးဆုံးသူမှာ ချစ်သူထက်စာလျင် သူငယ်ချင်း သို့မဟုတ် မိဘ ဖြစ်သည်ဟု သိရသည်။
ဆက်ဖတ်ရန် . . . .
စိတ်ကျရောဂါ ဝင်နေသူများ ပိုမို ဝလာပြီး ဗိုက်ရွှဲ လာနိုင်ဖွယ် များနေ
စိတ်ကျရောဂါ ဖြစ်နေသော သူများသည် သာမန်လူများထက် ဝမ်းဗိုက်ပိုင်း ဝလာပြီး ဗိုက်ရွဲလာရန် အခွင့်အလမ်း ပိုမိုရှိကြသော်လည်း မူလကပင် အဝလွန်နေသူများအဖို့ ပုံမှန်အလေးချိန် ရှိသူများနှင့် နှိုင်းစာလျှင် စိတ်ကျရောဂါ ရနိုင်ချေ ပိုမများနိုင်ကြောင်း လေ့လာမှုတစ်ခုအရ သိရသည်။
စိတ်ကျရောဂါ နှင့် အလေးချိန်တိုးလာခြင်း ဆက်စပ်မှု ရှိသော်လည်း မည်သို့မည်ပုံ ဆက်စပ်သည်ကို တိတိကျကျ မသိရှိသေးကြောင်း အလာဘားမား တက္ကသိုလ် (University of Alabama) မှ သုတေသီအဖွဲက ပြောကြားကြောင်း ဇွန်လထုတ် အမေရိကန် လုထုကျန်းမာရေး ဂျာနယ်တွင် ဖော်ပြထားသည်။
စိတ်ကျခြင်းနှင့် ကိုယ်ခန္ဒာအတွက် သင့်တော်သော အလေးချိန် အချိုးအစား (body mass index-BMI) မြင့်မားလာခြင်း၏ ဆက်စပ်မှုကို စန်းစစ်နိုင်ရန် နှစ် ၂၀ ခန့် ဆက်တိုက် လေ့လာမှုမှ ရရှိလာသော အသက် ၁၈ နှစ်မှ ၃၀ အတွင်းရှိ အမျိုးသား အမျိုးသမီး စုစုပေါင်း ၅၁၀၀ ၏ အချက်အလက်များကို အသုံးပြုခဲ့သည်ဟု သိရသည်။ အဆိုပါလေ့လာမှုအရ အသက် ၁၅ နှစ်ကျော်လျင် လူတိုင်းလိုလို အလေးချိန် တဖြည်းဖြည်း တိုးလာသော်လည်း စိတ်ကျရောဂါဝင်သည့်အခါ ပိုမို မြန်မြန်ဆန်ဆန် အလေးချိန် တက်လာတတ်ကြောင်း တွေ့ရသည်။
အရပ်အမောင်းနှင့် သင့်တော်သော အလေးချိန် အချိုးအစားကို ဖော်ပြသည့် BMI ဇယား
“လေ့လာမှုအရ သာမန် အလေးချိန်ရှိသူတွေဟာ စိတ်ကျတာ မြင့်မားလာတာနဲ့အမျှ အလေးချိန်တက်တာလည်း မြန်လာပါတယ်။ ဒါပေမယ့် အစကတည်းက အလေးချိန် များနေတဲ့သူတွေ အနေနဲ့ ထူးထူးခြားခြား စိတ်ကျလာတာမျိုးကို မတွေ့ရပါဘူ” ဟု ဤ လေ့လာမှုစာတမ်းကို ပူတွဲရေးသားသည့် လူမှုဗေဒပညာရှင် Belinda Needham ကပြောပါသည်။
စိတ်ဖိစီးမှုကြောင့် ထွက်ပေါ်လာသော ကော်တီဇုန်း ဟိုမုန်းသည် ဝမ်းဗိုက်ပိုင်း အဝလွန်ခြင်းနှင့် ဆက်စပ်နေခြင်းသည် စိတ်ကျနေသော သူများအဖို့ ဗိုက်ရွှဲလာရန် ပိုမိုအခွင့်အလန်းများခြင်းကို အကြောင်းပြချက်ပေးနိုင်မည် ဖြစ်ကြောင်း Belinda Needham က ကောက်ချက်ချသည်။
“အခုလေ့လာမှုက အရေးပါတဲ့လေ့လာမှု တစ်ရပ်ပါ။ ဘာကြောင့်လဲဆိုတော့ လူတစ်ယောက် အနေနဲ့ အဝလွန်တာကို ထိမ်းချုပ်ချင်တာပဲ ဖြစ်ဖြစ် အဝလွန်လို့ ဖြစ်လာတဲ့ ရောဂါတွေကို ကြိုတင်ကာကွယ်ချင်တာပဲ ဖြစ်ဖြစ် အခုလေ့လာမှုက စိတ်ကျရောဂါ ရှိမရှိကို ထည့်သွင်းစဉ်းစားဖို့ အသိတစ်ခု ပေးနိုင်လို့ပါပဲ၊ နောက်တစ်ခုကတော့ စိတ်ကျရောဂါကို ကုသတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးသက်သက် အဖြစ် မမှတ်ယူသင့်ဘဲ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ အကျိုးသက်ရောက်မှုကိုပါ ထည့်သွင်းစဉ်းစားဖို့လည်း လိုပါတယ်” ဟု Needham ကပြောပါသည်။
ဆက်ဖတ်ရန် . . . .
တစ်နေ့တွင် ၁၀ နာရီနှင့် အထက် အလုပ် လုပ်ခြင်းသည် နှလုံးကို ထိခိုက်စေပြီး ဆိုးကျိုးဖြစ်ပေါ်နိုင်
တစ်နေ့တွင် အလုပ်ချိန် ၁၀ နာရီနှင့် အထက် အလုပ်လုပ်သူများသည် နှလုံးကို ထိခိုက်စေပြီး ပုံမှန် ၇ နာရီ အလုပ်လုပ်သူများထက် ရုတ်တရက် နှလုံးခုန်ရပ်ခြင်း အပါအဝင် ပြင်းထန်သော နှလုံးရောဂါဆိုင်ရာ ပြဿနာများ ပိုမိုခံစားရမည်ဟု သုတေသီများက ပြောဆိုခဲ့ကြသည်။
ဗြိတိသျှ အရပ်ဘက် ဝန်ထမ်း ၆၀၀၀ ကို ၁၁ နှစ်အကြာ သုတေသန ပြုမှုကြောင့် အချိန်ကြာမြင်စွာ အလုပ်လုပ်ခြင်းသည် နှလုံးသွေးကြောပိတ် ရောဂါနှင့်ဆိုင်သော ပြဿနာများကို ဖြစ်ပွားစေသည် ဟူသော အဖြေကို ခိုင်ခိုင်မာမာ ပြဆိုနိုင်ခဲ့သည်။ အချိန်ကြာမြင်စွာ အလုပ်လုပ်ခြင်း နှင့် နှလုံးရောဂါဖြစ်ပွားမှု မည်သို့ မည်ပုံ ဆက်စပ်သည်ကို ရှင်းရှင်းလင်းလင်း မသိရှိရသေးသော်လည်း အလုပ်အတွင်း ဖြစ်ပေါ်လာသော စိတ်ဖိစီးမှုများကြောင့် ဖြစ်နိုင်သည်ဟု ပါရဂူတို့က ကောက်ချက် ချခဲ့သည်။
လန်ဒန်အခြေစိုက် သုတေသန အဖွဲ၏ အဆိုအရ ၎င်းတို့၏ သုတေသနပြုမှု အတွင်း ရုတ်တရုက် နှလုံးခုန်ရပ်ခြင်းနှင့် ရင်ဘတ်စူးအောင့်ခြင်းများ အပါအဝင် နုလုံးရောဂါကြောင့် သေဆုံးမှု ၃၆၉ ခုရှိရာ သတ်မှတ်အလုပ်ချိန်ထက် ၃ နာရီမှ ၄ နာရီ အချိန်ပို အလုပ်လုပ်သူများအဖို့ အဆိုပါ နုလုံးရောဂါ၏ ဆိုးကျိုးအန္တရယ်များ သက်ရောက်ရန် ပုံမှန်ထက် ၆၀ရာခိုင်နှုန် ပိုမိုမြင့်မားသည်ဟု သိရသည်။ သို့သော် ပုံမှန် အလုပ်ချိန် ၇ နာရီထက် တစ်နေ့တွင် အချိန်ပို ၁နာရီမှ ၂နာရီခန့် ပိုမို အလုပ်လုပ်ခြင်းသည် ထိုနုလုံးရောဂါ၏ ဆိုးကျိုးအန္တရယ်များ ပိုမိုမြင့်မားလာခြင်း မဖြစ်ပွားနိုင်ဟု ဆိုသည်။
“ဒီ နှလုံးရောဂါရဲ့ အကျိုးသက်ရောက်မှုက သတ်မှတ်ချိန်ထက် ၃ နာရီနဲ့ အထက် ပိုပြီးအလုပ်လုပ်မှ ဖြစ်ပွားမှာပါ။ ဒါကြောင့် ပုံမှန်အလုပ်ချိန်ထက် တစ်နာရီလောက် ပိုသွားရုံနဲ့တော့ ဆိုးကျိုး ကြီးကြီးမားမား မရှိပါဘူး” ဟု University College London နှင့် Finnish Institute of Occupational Health မှ ရောဂါ ကူးဆက်ပျံ့ပွားမှု ကာကွယ်ခြင်း ဆိုင်ရာ ပါရဂူ ဒေါက်တာ Marianna Virtanen ကပြောကြားပါသည်။
ထိုသို့ အချိန်ပို အလုပ် လုပ်သောကြောင့် နှလုံးရောဂါ ပြဿနာများ ဖြစ်ပွားမှုပမာဏ မြင့်တက်လာခြင်းမှာ ဆေးလိပ်သောက်ခြင်း၊ အဝလွန်ခြင်း၊ ကိုလက်စထရောဓာတ် မြင့်မားခြင်း စသည့် နှလုံးရောဂါအတွက် အန္တရယ်ရှိနိုင်သော အခြား အကြောင်းအရင်းများ အပေါ် ဆက်နွယ်မှီခိုမှု မရှိဘဲ သီးခြား အကျိုးသက်ရောက်မှုကို ဖြစ်ပွားစေကြောင်း သိရသည်။
သို့သော် ဒေါက်တာ Marianna Virtanen ၏ အဆိုအရ နှလုံးရောဂါကို အန္တရယ် ပေးနိုင်သော အဝလွန်ခြင်းနှင့် အရက် အလွန်အကျွံသောက်ခြင်းတို့ ကဲ့သို့ပင် အချိန်ကြာမြင့်စွာ ပိုမိုအလုပ်လုပ်သော နေထိုင်မှု ပုံစံသည်လည်း ရောဂါအပေါ် တူညီသော ဆိုးကျိုး သက်ရောက်မှု ဖြစ်ပွားစေသည်ဟု သိရသည်။
အခြေခံကျကျ သုံးသပ်ရလျင် အလုပ်ချိန်ပိုမို ကြာမြင့်သည်နှင့်အမျှ အလုပ်နှင့် ဆက်စပ်နေသော စိတ်ဖိစီးမှုများလည်း မြင့်တက်လာသည်ဖြစ်ရာ ၎င်းတို့သည် ကိုယ်တွင်းဇီဝကမ္မ ဖြစ်စဉ်များကို ဝင်ရောက် နှောက်ယှက်သကဲ့သို့ ဖြစ်ပွားနိုင်သည်။ ထိုနည်းအားဖြင့် နာမကျန်း ဖြစ်သည့်အထိ ဆက်လက်၍ အလုပ်လုပ်မိလျက်သား အခြေအနေသို့ ရောက်ရှိရသည်ဟု ဆိုသည်။
ဒေါက်တာ Marianna Virtanen နှင့် အပေါင်းအပါများက အဆိုပါတွေ့ရှိချက်ကို European Heart Journal တွင်ဖော်ပြခဲ့ကြသည်။ University of Glasgow’s Western Infirmary (ဂလက်စ်ဂိုး အနောက်ပိုင်း တက္ကသိုလ်) ၏ ဆေးဝါးဗေဒ ဌာနမှ ပါမောက္ခ Gordon McInnes က ၎င်းတွေ့ရှိချက်သည် ဆရာဝန်တစ်ဦးအဖို့ လူနာ၏ နှလုံးရောဂါ ဖြစ်ပွားနိုင်မှု အန္တရယ်ကို ပိုမို ကျယ်ကျယ်ပြန့်ပြန့် တွက်ဆနိုင်ရန် အရေးပါသော အချက်ဖြစ်သည်ဟု ဆိုသည်။
“အကျိုးရလဒ်က တစ်ကယ့်ကို ရိုးရိုးလေးပါ။ အရေးပါမှုကတော့ ပုံမှန် လက်ခံထားတဲ့ အချက်တွေထက် အများကြီးပိုပါတယ်။ အချိန်ပို အလုပ်လုပ်တဲ့နေရာမှ လုပ်ငန်းခွင်ဖိအားတွေပါ အပိုတွဲပါလာတတ်ပြီး အဓိကအချက်ကတော့ ဒါတွေက နှလုံးသွေကြောဆိုင်ရာ ပြဿနာတွေ ဖြစ်လာနိုင်ချေ ပမာဏ မြင့်မားလာတာပါပဲ” ဟု ပါမောက္ခ Gordon McInnes က ပြောကြားပါသည်။
ဆက်ဖတ်ရန် . . . .

















“အမာသည် အပျော့မဟုတ်
အဖြူသည် အမည်းမဟုတ်
အဖြောင့်သည် အကောက်မဟုတ်
အမာကို မပျော့စေနှင့်
အဖြောင့်ကို မကောက်စေနှင့်”


