
ကျောက်တုံးက တကယ်ဖိနေတာလား
အဝေးက ကြည့်လိုက်ရင် ကျောက်တုံးကြီး ပိနေတယ်လို့ ထင်ရလောက်အောင် ကျောက်ဆောင်ကြီးရဲ့ အောက်မှာ အိမ်တွေ တည်ဆောက်ထားတဲ့ မြို့ကလေးအကြောင်း ပြောပြချင်ပါသေးတယ်ရှင်။ ထူးထူးဆန်းဆန်း စိတ်ဝင်စားသူများ၊ ခရီးသွား ၀ါသနာပါသူများအတွက်တော့ သွားလည် လေ့လာချင်စရာကောင်းတဲ့ နေရာတစ်ခု ဖြစ်နေမှာတော့ သေချာပါတယ်။
စိတ်ကူးမှ ရရ
အိမ်အတွက် အမိုးမလိုတော့ဘူးပေါ့။
ကျောက်တုံးကြီးက ပြိုကျလာသလား မှတ်ရ
ကားတွေ တန်းစီ
ကျောက်တောင်အောက်မှာလဲ အိမ်၊ အပေါ်မှာလဲ အိမ်
အဲဒီမြို့ဟာလည်း စပိန်နိုင်ငံ Cadiz Andalusia ပြည်နယ်မှာ ရှိတဲ့ Setenil De Las Bodegas လို့ခေါ်တဲ့ မြို့ကလေးပါ။ ကြီးမားလှတဲ့ ကျောက်ဆောင်ကြီးက ဖိနေတယ်လို့ ထင်ရလောက်အောင် အိမ်တွေကို ကျောက်ဆောင်ကြီးရဲ့ အောက်ခြေ အတွင်းထဲမှာ စိတ်ကူးကောင်းကောင်းနဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်.. အဲဒီ ကျောက်ဆောင်ကြီး အပေါ်မှာလည်း နောက်ထပ် အိမ်တွေက ရှိနေပြန်ပါတယ်.. အဲဒီအရပ်ဒေသမှာ ငလျှင်များသာ လှုပ်လို့ကတော့ မတွေးရဲစရာပါဘဲ။ အချို့အိမ်များဆိုရင် အမိုးက ကျောက်ဆောင်ဖြစ်နေပြီး အဲဒီအမိုး ကျောက်ဆောင်ပေါ်မှာမှ သံလွင်သီးပင်များကို စိုက်ပျိုးထားတယ်လို့ သိရပါတယ်.. ဒီမြို့လေးဟာ လွန်ခဲ့တဲ့ ၁၂ရာစုလောက်ကတည်းက တည်ရှိနေတာ ဖြစ်ပါတယ်.. သို့သော်လည်း အဲဒီဒေသမှာ လူတွေ နေထိုင်ခဲ့တဲ့ အထောက်အထား များစွာကတော့ ဒီထက် အများကြီး စောတယ်လို့ ဖော်ပြနေကြောင်း သိရပါတယ်.. ကျောက်ဂူတွေမှာ တွေ့ရှိရတဲ့ သက်သေ အထောက်အထားများကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀၀ သက်တမ်းရှိ လူသားတို့ရဲ့ လက်ရာအစအနများကို တွေ့ရှိရတဲ့အတွက် ဒီဒေသမှာ ရှေးနှစ်ပေါင်းများစွာကတည်းက လူသားများ အခြေချ နေထိုင်ခဲ့ကြောင်း လေ့လာတွေ့ရှိရတယ်လို့ ဆိုပါတယ်..
ကျောက်တုံးအောက်မှာ ပိပိပြား
လမ်းတွေတော့ ကျဉ်းတယ်တဲ့
နံမည်ကျော် ဘားတစ်ခုရဲ့ ပုံပါ။
အိမ်တွေရဲ့ အောက်မှာ ကျောက်တောင်၊ ကျောက်တောင်ရဲ့ အောက်မှာ အိမ်
မြို့ရဲ့ တစ်စိတ်တစ်ပိုင်းနဲ့ စိုက်ခင်းများ အချို့
ဒီလိုလဲ ရှိရဲ့
မြို့ကလေးမှာရှိတဲ့ အိမ်တွေအားလုံးဟာ အိမ်နံရံတွေကို အဖြူရောင်ဆေးများ သုတ်ထားလေ့ရှိတာကြောင့် တစ်မြို့လုံး ဖြူဖွေးသန့်ရှင်းနေပါတယ်.. ကျောက်ဆောင်တွေရဲ့ အောက်မှာ လူနေအိမ် သက်သက်သာ ရှိတာမဟုတ်ဘဲ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေ၊ ဘီယာဘားတွေလဲ ရှိနေပါတယ်.. အဲဒီ ဒေသ တောင်ကုန်းတွေ တစ်ဝိုက်က ထွက်တဲ့ အသားနဲ့ပတ်သက်တဲ့ စားသောက်ဖွယ်ရာ၊ ၀က်အူချောင်းတွေဟာ အရည်အသွေးကောင်းပြီး အရသာလဲ ရှိလှတာကြောင့် နံမည်ကျော် ထင်ရှားပါတယ်.. အသားနဲ့ ပြုလုပ်ထားတဲ့မုန့်တွေ၊ အဆာသွပ်မုန့်တွေဟာလည်း အဲဒီမြို့ကလေးရဲ့ စားသောက်ဆိုင်တွေကို နံမည်ကြီး စေတဲ့ အရာတွေဖြစ်ကြောင်း သိရပါတယ်.. စနေတနင်္ဂနွေလို ပိတ်ရက်မျိုးတွေမှာ စားသောက်ဆိုင်တွေ၊ ဘားတွေဟာ လူတွေ ပြည့်ကျပ်နေလောက်အောင် စည်ကားနေတတ်ပါတယ် ။
ကျောက်တုံးတွေအောက်က စားသောက်ဆိုင်
ခေါင်းကြိမ်းလောက်တယ်
သာသာယာယာ
အသက်ရှူကြပ်ချင်စရာ
လုံလုံခြုံခြုံ အမိုးထုအောက်က အိမ်
အသည်းယားစရာ
တန်းစီနေတဲ့ အိမ်
အဲဒီဒေသတစ်ဝိုက်က လူတွေဟာ မွေးမြူရေးလုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကို အဓိက လုပ်ဆောင်ကြပါတယ်.. သံလွင်သီး၊ အယ်လ်မန်သီး၊ နဲ့ စပျစ်သီးတို့ကို စိုက်ပျိုးကြပြီး အဲဒီဒေသက ထွက်တဲ့ ၀ိုင်နီကလည်း ဆွေမျိုးမေ့လောက်အောင် ကောင်းမွန် အရသာရှိလှတယ်လို့ ဆိုပါတယ်။ ကျောက်တုံးတွေအောက်က မြို့ကလေးရဲ့ ပတ်လည် အနီးတစ်ဝိုက်မှာလည်း လည်ပတ်စရာနေရာတွေ အများအပြား ရှိနေပါသေးတယ်.. ရှေးခေတ် Morish ရဲတိုက်၊ ရှေးခေတ်ဘုရားရှိခိုးကျောင်း ၊ အေဒီ ၁ရာစု လောက်ကတည်းက ရှိခဲ့ဖူးတဲ့ ရှေးဟောင်းမြို့တော် Acinipo ၊ ရောမခေတ် ခန်းမဆောင် ၊ ကြေးခေတ် လူနေမှုစနစ်ရဲ့ အထောက်အထား သက်သေများ စသဖြင့် စိတ်ဝင်စားစရာ နေရာများစွာ ရှိနေပါတယ်..
ကျောက်တောင်ကို ထွင်းထု
မီးသာ ပျက်လို့ကတော့ အတွင်းထဲမှာ မှောင်မဲနေမယ် ထင်တယ်
သတ္တိရှိရှိ နေရဲကြတယ်
တစ်မြို့လုံး အဖြူရောင်နံရံနဲ့ အနီရောင် အမိုးတွေ
ကျောက်တောင်အောက်က စားသောက်ဆိုင်
နေချင့်စဖွယ်
ပျက်စီးနေသော ရှေးခေတ် ရောမလက်ရာ ခန်းမဆောင်
ကျောက်တုံးတွေအောက်က Setenil မြို့ကလေးကိုရောက်လို့ Torism Center နဲ့ ဆက်သွယ်လိုက်ရင် တည်းခိုရန်နေရာ၊ လည်ပတ်စရာနေရာ၊ ကျောက်တုံးတွေအောက်က အိမ်တစ်ချို့ကို သွားရောက်နိုင်ဖို့နဲ့ မြို့အနီးတစ်ဝိုက်မှာရှိတဲ့ လေ့လာစရာ နေရာတွေကို စီစဉ်ပေးတယ်လို့ သိရပါတယ်.. စပိန်နိုင်ငံရောက်လို့ ကြုံကြိုက်ခဲ့ရင် စိမ်းလန်းနေတဲ့ ဘူတာကို ရောက်အောင်သွားပြီး ကျောက်တုံးအောက်က မြို့လေးကိုလဲ သွားလည်ကြပါဦးလို့………….
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဆက်ဖတ်ရန် . . . .
Saturday, October 9, 2010
ကျောက်တုံးတွေ ပိနေတဲ့မြို့
Sunday, September 5, 2010
မြန်မာနိုင်ငံတွင် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု သမိုင်းတစ်လျှောက် စံချိန်တင်သည့်နှစ် ဖြစ်လာ ၂၀၁၀ ဧပြီ ၃၁ ရက်နေ့အထိ လေးလအတွင်းအမေရိကန်ဒေါ်လာ
၂၀၁၀ ပြည့်နှစ် ဧပြီလမှဇူလိုင်လ ၃၁ ရက်နေ့အထိ လေးလအတွင်း၌ပင် မြန်မာနိုင်ငံတွင် ပြည်ပနိုင်ငံများ၏ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၆ ဘီလျံနီးပါး ရှိလာသည့်အတွက် ၂၀၁၀ ပြည့်နှစ်သည် သမိုင်းတစ်လျှောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စံချိန်တင်သည့်နှစ် ဖြစ်လာခဲ့ကြောင်း တရားဝင် ထုတ်ပြန်ပေးချက်များအရ သိရသည်။
၁၉၈၈ ခုနှစ် နောက်ပိုင်း နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုဥပဒေ ပေါ်ပေါက်လာသည်မှ ၂၀၁၀ ပြည့်နှစ် မတ်လ ၃၁ ရက်နေ့ နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း မြှုပ်နှံမှုစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၀၅ ဘီလျံသာရှိခဲ့ကြောင်း၊ ယခုနှစ် ဧပြီလမှ ဇူလိုင်လကုန်အထိ လေးလအတွင်းမြှုပ်နှံမှုမှာ ၁၆ ဘီလျံ နီးပါး အထိရှိနေသည့်အတွက် စုစုပေါင်း ပမာဏမှာ ၃၁ ဘီလျံကျော်အထိ ရှိလာသည်ဟု သိရသည်။
"၁၉၈၈ နောက်ပိုင်းကနေ ၂၀၁၀ မတ်လ ၃၁ အထိ နှစ်ပေါင်း ၂၀ ကျော်ကာလတစ်လျှောက် နိုင်ငံ ၃၁ နိုင်ငံကနေ လုပ်ငန်း ၄၃၀ မှာ လာပြီးမြှုပ်နှံမှု စုစုပေါင်းက အမေရိ ကန်ဒေါ်လာ ၁၆ ဒသမ ၀၅ ဘီလျံပဲ ရှိခဲ့တာလေ။ ဒီနှစ် ဧပြီလကနေ ဇူလိုင်လ ၃၁ ရက်အထိ လေးလထဲမှာပဲ လာပြီးမြှုပ်နှံတာက ၁၅ ဒသမ ၈၄ ဘီလျံလောက်ရှိသွားတော့ စုစုပေါင်း ၃၁ ဘီလျံကျော်သွားတာ ပေါ့။ ဆိုလိုတာကနှစ်ပေါင်း ၂၀ ကျော်မြှုပ်နှံလာတဲ့ ပမာဏစုစုပေါင်း နီးပါးကို လေးလထဲမှာ ထပ်ပြီးမြှုပ်နှံလာတာဖြစ်လို့ ဒီနှစ်ကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု သမိုင်းမှာ စံချိန်တင်နှစ်လို့ ပြောတော့မယ်။ နှစ်ပေါင်း ၂၀ ထဲမှာ အမြင့်ဆုံးမြှုပ်နှံခဲ့တဲ့နှစ်က ၂၀၀၅-၂၀၀၆ ဘဏ္ဍာရေးနှစ်မှာ အမေရိကန်ဒေါ်လာ ၆ ဘီလျံမြှုပ်နှံတုန်းကပါ။ အခုကတော့ နှစ်တောင်မကုန်သေးဘူး လေးလလောက်မှာပဲ ၁၆ ဘီလျံနီးပါး မြှုပ်နှံတာဖြစ်တဲ့အတွက် သမိုင်းတစ်လျှောက် စံချိန်တင်တယ် လို့ပြောရတာပါ"ဟု UMFCCI မှ တာဝန်ရှိသူတစ်ဦးက တရားဝင်ထုတ် ချက်များအပေါ် ရှင်းပြခဲ့သည်။
လေးလအတွင်း မြှုပ်နှံလာသည့် အမေရိကန်ဒေါ်လာ ၁၆ ဘီလျံနီးပါးမှာ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ကဏ္ဍတွင် အများဆုံးမြှုပ်နှံထားပြီး စွမ်းအင်ကဏ္ဍတွင် ဒုတိယအများဆုံး မြှုပ်နှံခြင်းဖြစ်ကြောင်း သိရသည်။
အများဆုံး မြှုပ်နှံထားသည့် နိုင်ငံများမှာ ထိုင်း၊ တရုတ်၊ ဗြိတိန်၊ ဟောင်ကောင်နှင့် ကိုရီးယားနိုင်ငံ များဖြစ်ကြောင်း သိရသည်။
"ထုံးစံအတိုင်းပေါ့၊ အများဆုံး မြှုပ်နှံတာက ရေနံနဲ့သဘာဝဓာတ်ငွေ့မှာပဲ။ အာရှနိုင်ငံတွေကပဲ အများဆုံးမြှုပ်နှံတာပါ။ ဗြိတိန်ကတော့ ဒီနှစ်ထူးထူးခြားခြား ပြန်မြှုပ်နှံလာပေမယ့် လတ်တလောစာရင်းအရ တော့ အမေရိကန်ဒေါ်လာ ၁ ဘီလျံ နီးပါးလောက်ပဲ ရှိပါတယ်"ဟု ၎င်း က ဆက်လက်ရှင်းပြခဲ့သည်။
"အခုဆိုရင် အမြင့်ဆုံးမြှုပ်နှံ ထားတာကလည်း ရေနံနဲ့သဘာဝ ဓာတ်ငွေ့ပဲ။ ခြုံပြောရရင် ရှားပါးတဲ့ သဘာဝသယံဇာတ ကဏ္ဍမှာပဲ အဓိကမြှုပ်နှံလာကြတယ်လို့ ပြောချင်တာပါ။ တခြား ကုန်ထုတ်လုပ်မှုတို့၊ နိုင်ငံ အတွက်အရေးပါတဲ့ စိုက်ပျိုးရေးကဏ္ဍ တို့လိုနေရာမျိုးမှာ မြှုပ်နှံတာကတော့ ထပ်တိုးလာတာကို မရှိသေးဘူး။ ပြောချင်တာက နိုင်ငံအများစု မျက်စိကျတာက သဘာဝသယံဇာတပဲ ရှိတယ်လို့ဆိုလိုတာပါ။ ရင်းနှီးမြှုပ်နှံ မှုမြင့်တက်လာတိုင်း အလုပ်အကိုင် အခွင့်အလမ်းသစ်တွေ၊ ထုတ်ကုန်သစ်တွေ၊ စိုက်ပျိုးထုတ်လုပ်မှု နယ်ပယ် ထိုးတက်လာမယ့်ကဏ္ဍမျိုးတွေ မပါလာတဲ့အတွက်တော့ အားရစရာ သိပ်မရှိဘူးပေါ့ဗျာ"ဟု ကုန်ထုတ် လုပ်ငန်းရှင်ကြီး တစ်ဦးကလည်း ရှင်းပြခဲ့သည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ (အမေရိကန်ဒေါ်လာ၊ ဘီလျံ)
၁၉၈၈ ခုနှစ်နောက်ပိုင်းမှ ၂၀၁၀ ပြည့်နှစ် မတ်လ ၃၁ ရက်ထိ - ၁၆ .၀၅ ဘီလျံ
၁၉၈၈ ခုနှစ်နောက်ပိုင်းမှ ၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ၃၁ ရက်ထိ - ၃၁ .၈၉၅ ဘီလျံကျော်
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သည့် ထိပ်ဆုံးကဏ္ဍ ၅ မျိုး (အမေရိကန်ဒေါ်လာ-သန်း)
အမျိုးအစား
ပမာဏ (၃၁-၃-၂၀၁၀)
ပမာဏ(၃၁-၇-၂၀၁၀)
ရေနံနှင့် သဘာဝဓာတ်ငွေ့
၃၆၃၆ .၀၈
၁၃၄၄၇ .၉၇၅
စွမ်းအင်
၆၃၁၁ .၂၂
၁၁၃၄၁ .၆၃၂
သတ္တုတူးဖော်ရေး
၁၃၉၈ .၃၉
၂၃၉၅ .၃၈၆
ကုန်ထုတ်လုပ်မှု
၁၆၆၂ .၁၂၆
၁၆၆၂ .၁၂၆
ဟိုတယ်နှင့် ခရီးသွားလာရေး
၁၀၆၄ .၈၁၁
၁၀၆၄ .၈၁၁
နှစ်အလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏများ (အမေရိကန်ဒေါ်လာ-သန်း)
ဘဏ္ဍာရေးနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတန်ဖိုး
၂၀၀၅-၂၀၀၆
၆၀၆၅.၆၇၅
၂၀၀၆-၂၀၀၇
၇၅၂.၇၀၀
၂၀၀၇-၂၀၀၈
၁၇၂.၇၂၀
၂၀၀၈-၂၀၀၉
၉၈၄.၉၉၆
၂၀၀၉-၂၀၁၀
၃၀၂.၃၅၀
၂၀၁၀ (ဇူလိုင်လထိ)
၃၁၈၉၅
ဆက်ဖတ်ရန် . . . .
Friday, September 3, 2010
ဘက်ဆဲလား စာရေးဆရာမ ပုညခင်ရဲ့ အိမ်ဦးနတ်

ဆရာမပုညခင်ရဲ့ အမျိုးသားဖြစ်တဲ့ ကိုသူရကျော်ကို အင်တာဗျူး လုပ်ဖို့စီစဉ်ထားတာ ကြာပါပြီ။ ဒါပေမဲ့ အကြောင်း အမျိုးမျိုးကြောင့် မေးခွင့် မသာခဲ့ပါဘူး။ တစ်ရက်မှာတော့ ဆရာမပုညခင်တို့ လင်မယား ပုဂံကနေ ပြန်ရောက်နေပြီလို့ မမယ်သုန်က ပြောတဲ့အတွက် ဆရာမ ပုညခင်တို့ အားတဲ့အချိန်ကို ဆက်သွယ်ပြီး မမယ်သုန်နဲ့ အတူ ဆရာမတို့ အိမ်ကို ရောက်ခဲ့ပါတယ်။ အမြဲအေးချမ်းနေတဲ့ ဆရာမတို့စုံတွဲက ပြုံးပြုံးရွှင်ရွှင်နဲ့ စောင့်ကြိုနေပါတယ်။ ကိုသူရကျော်က ''ဘာတွေမေးမှာ လဲမသိဘူး။ သိပ်တော့ မဖြေတတ်ဘူး''လို့ပြောတဲ့အခါ ဆရာမပုညခင်က ''အစ်မတို့က စိတ်ထဲမှာ သေးသေးလေး ခံစားရရင်တောင် အကြီးကြီး ပြောတတ်တယ်။ သူက အကြီးကြီး ခံစားရရင်တောင်မှ သေးသေးလေးပဲ ပြောတတ်တာ''လို့ ဘေးကနေ ပြောပြပါတယ်။
ကိုသူရကျော်က ဆရာမနဲ့စတွေ့ခဲ့ပုံကို အခုလိုပဲ ပြောပြခဲ့ပါတယ်။
''သူ့ကိုစတွေ့တာက သူပုဂံမှာ စာလာရေးတုန်းက စတွေ့တာပါ။ တွေ့ကတည်းက စာရေးဆရာမပုညခင် အနေနဲ့ သိခဲ့တာပါ''
ဆရာမက ပုဂံမှာ စာလာရေးရင်း တွေ့တာဆိုတော့ သူတို့နှစ်ယောက်က ပုဂံဖူးစာလို့ ဆိုရမလိုပါပဲ။ ဆက်လက်ပြီး ကိုသူရကျော်က လက်ထပ်ဖို့ ညှိနှိုင်းခဲ့ရပုံကိုလည်း။
''လက်ထပ်ဖို့အတွက် တစ်နှစ်လောက် ညှိနှိုင်းခဲ့ရပါတယ်။ တစ်နှစ် အတွင်းမှာ သူ့စိတ်က အမျိုးမျိုး ပြောင်းနေတာကို စိတ်ရှည်ရှည်ထားပြီး စောင့်ခဲ့ရပါတယ်။ သူက လက်ထပ်မယ် ပြောလိုက်၊ အပျိုကြီးလုပ်တော့မယ် ပြောလိုက်နဲ့ အချိန်တွေ အများကြီး တွေဝေနေခဲ့တာပါ။ ချင့်ချိန်တာတွေ၊ ရှေ့ရေး တွေတွေးပြီး ကြောင့်ကျတာတွေလည်း များတယ်။ ကျွန်တော်တို့ မင်္ဂလာဆောင်ဖို့ Hotel Date ပထမတစ်ခါ လုပ်တယ်။ သူ့စိတ်က သိပ်မပြတ်သားသေးတာနဲ့ တစ်လ နောက်ဆုတ်ပြီး Hotel Date ပြန်ယူပြီးမှ လက်ထပ်ဖြစ်ခဲ့ကြတာပါ'' ဆိုပြီး ပြောပြခဲ့ပါတယ်။ ဆက်လက်ပြီး
''သူ့ကို နားလည်ပေးရတာတော့ တော်တော်များပါတယ်။ သူက ခံစားလွယ်တယ်။ အနုပညာသမားမို့ စိတ်နုတာပဲလားတော့ မသိဘူးဗျ။ သူစာရေးရင်း ပင်ပန်းတဲ့ အချိန်တွေမှာ Stress များလာရင် အနားကလူကိုပဲ ဂျီကျတတ်ပါတယ်။ အဲဒီအခါကျတော့ သြော် ...သူ့မှာ Stress များနေလို့ပဲလေ ဆိုပြီး သူ့ကို ခွင့်လွှတ် နားလည်မှုမျိုးလေးတွေ ပေးရပါတယ်''လို့ ပြောပြခဲ့ပါတယ်။
ပုဂံမှာ လုပ်ငန်းတွေရှိတယ်လို့ သိရတဲ့ ကိုသူရကျော်ဟာ စာအုပ်ထုတ်ဝေသူ အနေနဲ့ လုပ်ကိုင်တယ်လို့ သိရတဲ့အတွက် စာပေ လောကထဲကို ခြေစုံပစ် ဝင်တော့မှာလားလို့ မေးဖြစ်တဲ့အခါ -
''သူနဲ့ကျွန်တော် အိမ်ထောင်ပြုဖို့ ဆုံးဖြတ်ကြတဲ့အချိန်မှာ သူက ကျွန်တော့်ကို ကတိတစ်ခုပဲ တောင်းဆိုတယ်။ အဲဒါက ဘယ်လို အခြေအနေပဲရောက်ရောက် မိသားစုနဲ့ခွဲခွာပြီး လုပ်ရတဲ့ အလုပ်မျိုးမလုပ်ဖို့ပါ။ သူက ငယ်ငယ်ကတည်းက သူ့မိသားစုနဲ့ ခွဲခွာပြီး ရန်ကုန်မှာ တစ်ယောက်တည်း လာနေရတယ်။ အဆောင်မှာနေပြီး တစ်ယောက်တည်း အထီးကျန်ပြီး ရုန်းကန်ခဲ့ရတဲ့ အချိန်တွေကို ပြောပြတယ်လေ။ အဲဒီတော့ သူ့စိတ်ချမ်းသာမှုကို ဦးစားပေးပြီး ကျွန်တော့် အလုပ်တွေကို ထားခဲ့ရပါတယ်။ အခုလောလောဆယ်တော့ သူ့စာအုပ်ကိစ္စတွေကို လုပ်ပေးနေတာပါ။ ဒီလောကထဲကို ခြေစုံပစ်ဝင်ဖို့ မဆုံးဖြတ်ရ သေးပါဘူး'' လို့ဖြေကြားပေးခဲ့ပါတယ်။
ဆရာမ စာရေးတဲ့အခါ အကြံဥာဏ် ပေးဖြစ်ပုံနဲ့ အမှတ်တရရှိခဲ့တဲ့ အဖြစ်အပျက်လေးတွေ ကိုလည်း ပြောပြခဲ့ပါသေးတယ်။
''သူက ဝတ္ထုရေးတာနီးရင် သူရေးမယ့် ဇာတ်လမ်းတွေ အကြောင်းပြောပြပြီး တိုင်ပင် အကြံတောင်းတတ်ပါတယ်။ တစ်ခါတစ်လေ ဇာတ်ကောင်နာမည် ကူစဉ်းစားပေးဖို့ ပြောတတ်တယ်။ ဒါပေမဲ့ စဉ်းစားမိတဲ့နေရာ ပြောရင်လည်း နာမည်က တုံးတုံးကြီးလို့ ပြောပါတယ်။ တစ်ခါမှလည်း ထည့်မသုံးပါဘူး။ သူအကြံဥာဏ်တောင်းတဲ့အခါ တတ်သလောက်၊ မှတ်သလောက်ကလေးတွေတော့ အကြံဥာဏ်ပေးဖြစ်ပါတယ်။ သူနဲ့ကြားမှာ အမှတ်တရလေးတွေ ကတော့ အများကြီးပါပဲ။ တချို့ဟာလေးတွေပဲ ပြောပြမယ်နော်။ သူ ပုဂံကိုလာတုန်းက ဧရာဝတီမြစ်လယ် သောင်ပြင်ပေါ်က တံငါတဲလေးတွေကို သွားကြည့်ချင်တယ် ဆိုလို့ စက်လှေငှားပြီး လိုက်ပို့ပေးဖူးတယ်။ အဲဒီ တံငါသည်တွေရဲ့ ဘဝကို သူလိုက်မေးပြီး စပ်စုနေတာကို ဘေးနားကနေပြီး ဓာတ်ပုံ မှတ်တမ်း လိုက်တင် ပေးနေခဲ့တယ်။ အဲဒါလေးက အမှတ်တရပဲ။ အဲ ...နောက်ပြီး သူ့နာမည်က ပုညခင် ဆိုတော့ ဆိုင်မဆိုင်တော့ မသိဘူးပေါ့ဗျာ။ စလေဦးပုည ဇာတိ စလေက ရုပ်စုံကျောင်းကို သူလေ့လာလို့ ရအောင် လိုက်ပို့ပေးဖူးတယ်''
ပြီးတဲ့အခါမှာတော့ ဆရာမအပေါ်ထားတဲ့ ကိုသူရကျော်ရဲ့ သဘောထားနဲ့ ဆရာမနဲ့ လက်ထပ်ခွင့်ရတဲ့ အတွက် သူ့ရဲ့ ခံစားချက်တွေကိုလည်း အခုလိုပဲ ပြောပြခဲ့ပါတယ်။
''ကျွန်တော့်အနေနဲ့ အတတ်နိုင်ဆုံး သူစိတ်ချမ်းသာအောင် ဖြည့်ဆည်းပေးချင်ပါတယ်။ ဒါက အိမ်ထောင်ရှင်တိုင်း ဖြေမယ့်စကားလေးပါပဲ။ 'နားလည်မှု'ပါ။ တစ်ယောက်နဲ့တစ်ယောက် ချစ်ပေမယ့် နားလည်မှုမရှိရင် အိမ်ထောင်ရေးဟာ သာယာတဲ့ အိမ်ထောင်တစ်ခု ဖြစ်လာမှာ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ ကိုယ်ချစ်တဲ့သူနဲ့ လက်ထပ်ခွင့်ရတာပဲဗျာ။ ချစ်တဲ့သူနဲ့ လက်ထပ်ခွင့်ရတဲ့ သူတိုင်း ပျော်ကြပါတယ်။ ကျွန်တော်က ပိုပျော်မယ် ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကို လက်ထပ်ခွင့်ရလို့ပေါ့ဗျာ''
ဒီလိုနဲ့ပဲ ကျွန်မတို့ရဲ့ အင်တာဗျူးကို အဆုံးသတ်ခဲ့ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်မှု၊ နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ ကိုသူရကျော်နဲ့ စာရေးဆရာမပုညခင်တို့ရဲ့ အိမ်ထောင်ရေးဟာ အေးချမ်းပြီး သာယာမှုတွေနဲ့ ပြည့်နေပါတယ်။ ဆရာမတို့စုံတွဲကို နှုတ်ဆက်ပြီး ပြန်လာတော့ အပြင်မှာ မိုးဖွဲဖွဲလေးတွေ ရွာနေတာမို့ ဒါလည်း အေးချမ်းတဲ့ နိမိတ်ပဲလားလို့ မဆီမဆိုင် တွေးမိခဲ့ပါတယ်။ ဒီလိုမျိုးအင်တာဗျူးလေးတွေ လုပ်ဖြစ်အောင် Guide Line ချပေးတဲ့ ကျွန်မတို့ရဲ့ဆရာ၊ အချိန်ပေးပြီး ဖြေကြားပေးတဲ့ ကိုသူရကျော်နဲ့ ဆရာမပုညခင်၊ အလုပ်မအားတဲ့ကြားက အချိန်လုပြီး လိုက်ပို့ပေးတဲ့ အစ်မမမယ်သုန်နဲ့ ကျေးဇူးတင်ထိုက်သူများ အားလုံးကို ကျေးဇူးတင်ပါတယ်လို့။
ရတနာဦးလှိုင
ဆက်ဖတ်ရန် . . . .
ငါးနှစ်တာကာလအတွင်း တစ်နိုင်ငံလုံး တက္ကသိုလ်ဝင်တန်း ထူးချွန်ဆု Top-Ten ၀င်ခဲ့ဖူးသူ အများစုမှာ နိုင်ငံရပ်ခြားသို့ ရောက်ရှိနေ
ငါးနှစ်တာကာလအတွင်း မြန်မာတစ်နိုင်ငံလုံး တက္ကသိုလ်ဝင်တန်း ထူးချွန်ဆုရရှိသူ Top-Ten ရရှိခဲ့ဖူးသူ များထဲမှ အများစုမှာ နိုင်ငံရပ်ခြားသို့ မိမိအစီအစဉ်ဖြင့် ရောက်ရှိနေသူများ ဖြစ်ကြကြောင်း စုံစမ်းသိရှိရသည်။
အကြောင်းမှာ နိုင်ငံရပ်ခြားရှိ မိဘ၊ ဆွေမျိုးများရှိရာသို့ အလည်အပတ်အဖြစ် သွားရောက်ရင်း နိုင်ငံခြားမှ ဘွဲ့ရသည်အထိ သင်ယူလိုခြင်း၊ အချို့မှာ ဆေးတက္ကသိုလ်တွင် တက်ရောက်နေစဉ်မှ ပြည်ပသို့ ထွက်ခွာသွားကြခြင်း၊ အချို့မှာကျောင်းပြီးမှ ပညာတော်သင်အဖြစ် သွားရောက်ခြင်းစသည်တို့ဖြစ်ကြရာ ယင်းဦးရေထဲတွင် မြန်မာနိုင်ငံသို့ ပြန်လာသူမှာ နည်းပါးနေသေးကြောင်းကိုလည်း လေ့လာတွေ့ရှိရပါသည်။
“ငါးနှစ်အတွင်းမှာ Top-Tenတွေ နိုင်ငံခြားပိုထွက်လာကြသလို တခြားထူးချွန်တဲ့ကလေးတွေလည်း တော်တော်များများ နိုင်ငံခြားရောက်ကုန်ကြတယ်။ တတ်နိုင်တဲ့သူက ပိုကောင်းတဲ့နေရာကို ကိုယ့်အတွက်သင့် တော်မယ်ထင်လို့ ထွက်လာကြတယ်လို့ပဲ ယူဆပါတယ်"ဟု ရန်ကုန်ပညာရေး တက္ကသိုလ်မှ အငြိမ်းစား ဒုတိယ ပါမောက္ခချုပ်က ပြောကြားခဲ့သည်။
ဒဂုံမြို့နယ် အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းမှကျောင်း အုပ်ဆရာကြီး ဒေါက်တာအောင်ကိုကိုက"မြန်မာတစ်နိုင်ငံလုံးမှာ ထူးချွန် ကျောင်းသားတွေ နိုင်ငံခြားကို နည်းမျိုးစုံနဲ့ ရောက်သွားခြင်းဟာ တိုင်းပြည်အတွက် နစ်နာသလို ဦးနှောက် ယိုစီးမှုတွေရှိလာတယ်။ နိုင်ငံခြားအတွေ့အကြုံဆိုတာ လူငယ်တစ်ဦးအတွက် လိုအပ်ပေမယ့် အချိန်တန်ရင် ကိုယ့်နိုင်ငံကို ပြန်လာဖို့ပဲလိုတယ်။ အများစုက ပြည်ပမှာပညာသင်သွား ပြီးရင် ပြည်ပမှာပဲ နေကြတော့တယ်" ဟု ပြောကြားခဲ့ပါသည်။
ထို့ပြင် ၂၀၀၇-၂၀၀၈ ပညာ သင်နှစ်မှစတင်၍ နိုင်ငံရပ်ခြားသို့ ပြောင်းရွှေ့ပညာသင်သူဦးရေ သိသာစွာတိုးလာခဲ့သည့်အပြင် အလယ်တန်း ပညာသင်ယူနေသူ ကျောင်းသား၊ ကျောင်းသူများပင် ပြည်ပသို့ ထွက် ခွာပညာသင်ယူမှု ပိုမိုလာခဲ့ကာ နှစ်စဉ်အောင်ချက် ရာခိုင်နှုန်းမြင့်မားသော အထက(၁)ဒဂုံကျောင်းအနေဖြင့်မူ ယေဘုယျအားဖြင့် နှစ်စဉ်ပြည်ပ ထွက်ခွာသူ ၁၀ ဦးနှင့်အထက် ရှိနေကြောင်း ၎င်းက ဆက်လက်ပြောပြခဲ့သည်။ ငါးနှစ်တာကာလအတွင်း၌ က မြန်မာတစ်နိုင်ငံလုံး ထူးချွန်ဆုရှင်များထဲမှ ပထမရရှိသူအချို့သည်လည်း ပြည်ပသို့ထွက်ခွာ ပညာသင်ယူမှုများလည်း ရှိနေရာ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသည်နှင့် ထွက်ခွာသွား ကြသူများဖြစ်ကြောင်း သိရသည်။
နှစ်စဉ် မြန်မာတစ်နိုင်ငံလုံး ထူးချွန်ဆုရရှိသူအများစု ထွက်လေ့ရှိကြသည့် အခြေခံပညာ ကျောင်းများမှာ အထက(၁)ဒဂုံ၊ အထက(၂)လသာ၊ အထက(၂)စမ်းချောင်း၊ ပညာရေး တက္ကသိုလ်လေ့ကျင့်ရေး အထက်တန်း ကျောင်း(ကမာရွတ်)တို့ဖြစ်ပြီး ယင်းတို့မှလည်း အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသားများ ပြည်ပရှိ အစိုးရကျောင်းများသို့ ကူးပြောင်းတက်ရောက်မှု နှစ်စဉ်ရှိနေကြ ကြောင်း သိရသည်။ ယင်းကျောင်းများထဲမှ အထက(၁)ဒဂုံ၏ Top-Ten ထူးချွန်ဆုရှင် မှတ်တမ်းတင်စာရင်းများအရ ၂၀၀၅-၂၀၀၆ တွင် ငါးဦး၊ ၂၀၀၆-၂၀၀၇ တွင် လေးဦး၊ ၂၀၀၇-၂၀၀၈ တွင် ရှစ်ဦး၊ ၂၀၀၈ -၂၀၀၉ နှစ်ဦး၊ ၂၀၀၉-၂၀၁၀ တွင် ငါးဦးတို့ရရှိခဲ့ကြပြီး မြန်မာတစ်နိုင်ငံ လုံး ထူးချွန်ဆုရှင်များထဲမှ ငါးနှစ်တာအတွင်း ၂၀၀၈-၂၀၀၉ နှင့် ၂၀၀၉-၂၀၁၀ နှစ်နှစ်ဆက်တိုက် ပထမဆုရှင်များမှာ အထက(၂) စမ်းချောင်းမှ ဖြစ်သည်။
ဆက်ဖတ်ရန် . . . .
မြန်မာနိုင်ငံမှ ရေနံစိမ်း ၀ယ်ယူရန်အတွက် ပိုက်လိုင်း သုံးခု တရုတ် သွယ်တန်းမည်
မြန်မာနိုင်ငံမှ ရေနံစိမ်းများ ၀ယ်ယူရန်အတွက် ပိုက်လိုင်း သုံးခုသွယ်တန်းရန် တရုတ်နိုင်ငံအနောက် တောင်ပိုင်း ယူနန်ခရိုင်တွင် ပြင်ဆင်လျက်ရှိကြောင်း Yunnan Information သတင်းစာက ဖော်ပြခဲ့သည်။ China National Petroleum Corporation (CNPC) ရေနံကုမ္ပဏီ၏ ယူနန်ဒေသဆိုင်ရာရုံးအနေဖြင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးနိုင်မည့် အလားအလာများအား တွက်ချက်ပြီးဖြစ်ကြောင်း၊ ယင်း ပိုက်လိုင်းများကို ကူမင်း၊ အန်နင်၊ ကျုကင်း၊ ချုဇောင်၊ ဒါလီ၊ ယူဇန်း ဘောင်ရှန်မြို့များသို့ ဆက်သွယ် ဖောက်လုပ်သွားမည်ဖြစ်သည်။
ပိုက်လိုင်း သွယ်တန်းခြင်းအား ၂၀၁၁ ခုနှစ်တွင် စတင်နိုင်ဖွယ်ရှိပြီး သုံးနှစ်အတွင်း အပြီးပြုလုပ်သွားမည်ဖြစ်ကြောင်း ဒေသဆိုင်ရာကုမ္ပဏီ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
အရှည် ၇၉၂ ဒသမ ၅ ကီလို မီတာ ပိုက်လိုင်းများဖြင့် ဆက်ကြောင်းဖွဲ့ကာ တည်ဆောက်သွားမည်ဖြစ်သော မြန်မာ-တရုတ် ရေနံ နှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းသည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၏ အနောက်တောင်ပိုင်း ၆ ဒသမ ၇ ကီလိုမီတာမှစတင်ကာ မကွေး၊ မန္တလေးနှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်သန်း၍ တရုတ်နိုင်ငံ ယူနန် ပြည်နယ် ကူမင်းမြို့အထိ သွယ်တန်းသွားမည်ဖြစ်ရာ တာကေမြစ်ဖြတ်ကျော် စီမံကိန်းနယ်မြေ ပါဝင်ရာ မန္တလေး ပိုက်လိုင်းသွယ်တန်းရေး အတွက် မန္တလေးမြို့အနီး ပုသိမ်ကြီး မြို့နယ်အတွင်း ပင်မစခန်းကြီးတည်ဆောက်၍ ပိုက်လိုင်းအရှည် ၄၆၄ မီတာ သွယ်တန်း တည်ဆောက်သွားမည်ဟု သိရှိရသည်။
မြစ်ချောင်းအသေးစား ဖြတ်ကျော်ခြင်း ၁၂၂ ခုနှင့် ကျောက်ဖြူမြို့အနီး မဒဲကျွန်းအထိ ၂၂ ကီလိုမီ တာအပိုင်းသည် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းခင်းသော အပိုင်းတို့ ပါဝင်မည်ဖြစ်ရာ ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းမှုအတွက် အပူခံစနစ်၊ အသိုး၊ အပုပ်ကာကွယ်သော စနစ်များပါရှိ သည့် ၁၀၁၆ မီလီမီတာအချင်းရှိ X 70 အမျိုးအစား ပိုက်လိုင်းများကို အသုံးပြုသွားမည်ဖြစ်ကြောင်းနှင့် ပိုက်လိုင်းအရှည် ၇၇၀ ဒသမ ၅ ကီလို မီတာရှိမည်ဖြစ်သော ရေနံပိုက်လိုင်း တွင်လည်း ၎င်းပိုက်အမျိုးအစားများကို အသုံးပြုသွားမည်ဟုသိရသည်။
ဆက်ဖတ်ရန် . . . .
ဓနသဟာယ အားကစားပြိုင်ပွဲအတွက် အသုံးစရိတ်များ အမြောက်အမြား သုံးစွဲခြင်းကို အိန္ဒိယ စီးပွားရေးလုပ်ငန်းရှင် တစ်ဦး ဝေဖန်
အိန္ဒိယတွင် ဓနသဟာယ အားကစားပြိုင်ပွဲအတွက် အသုံးစရိတ် အမြောက်အမြား သုံးစွဲခြင်းကို ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ဝေဖန်ရေးသားခဲ့ပြီး ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးအတွက် ယင်းငွေများကို သုံးစွဲသင့်ကြောင်း ပြောကြား ခဲ့သည်။
အိန္ဒိယ၏ ဆော့ဖ်ဝဲကုမ္ပဏီကြီး Wipro ၏ ဥက္ကဋ္ဌ အာဇင်ပရန်ဂျီ က အခြေခံ အဆောက်အအုံ စီမံကိန်းများကိုပါ ထည့်သွင်းတွက်ချက်ပါက အားကစားပြိုင်ပွဲအတွက် အသုံးစရိတ်သည် အစိုးရက ခန့်မှန်းထားသည်ထက် နှစ်ဆပိုမိုပြီး ဒေါ်လာ ၆ ဘီလျံ ရှိကြောင်း Times of India သတင်းစာ မျက်နှာဖုံးတွင် ဆောင်းပါးရေး၍ ဝေဖန်ခဲ့သည်။ အိန္ဒိယနိုင်ငံ ကျေးရွာများတွင် အခြေခံကျောင်းများနှင့် ကျန်းမာရေးဌာနများ တည်ထောင်ရာတွင် ယင်းငွေများကို အသုံးပြုနိုင်ကြောင်း မစ္စတာ ပရန်ဂျီက ထောက် ပြခဲ့သည်။ အိန္ဒိယ ဒုတိယ အချမ်းသာဆုံးပုဂ္ဂိုလ်ဟု Wipro မဂ္ဂဇင်းက သတ်မှတ်ထားသော မစ္စတာပရန်ဂျီသည် Wipro ဆော့ဖ်ဝဲကုမ္ပဏီကို နိုင်ငံတကာအဆင့်၌ အောင်မြင်မှုရစေရန် ဦးဆောင်ခဲ့သူ ဖြစ်သည်။
ရိုးရှင်းသော ဘ၀နေထိုင်မှုကြောင့် လူသိများသည့် အသက် ၆၅ နှစ်အရွယ် ပရန်ဂျီ က ဓနသဟာယ အားကစားပြိုင်ပွဲသည် ဆောင်ရွက်ထိုက်သော လုပ်ငန်းကြီး တစ်ရပ်ဖြစ်ကြောင်း သို့သော် ပြိုင်ပွဲအတွက် ကသောင်းကနင်း ပြင်ဆင်မှုများ၊ များပြား လွန်းသော ကုန်ကျစရိတ်များသည် အိန္ဒိယ၏ စစ်မှန်သော လိုအပ်ချက်များနှင့် ရင်း၍ ပေးဆပ်ခဲ့ရကြောင်း ပြောကြားခဲ့သည်။ အောက်တိုဘာလ ၃ ရက်နေ့တွင် ကျင်းပမည့် ဓနသဟာယ အားကစားပြိုင်ပွဲသည် အဓိက ဆောက်လုပ်ရေး လုပ်ငန်းများ နှောင့်နှေးမှု၊ ခြစားမှု စွပ်စွဲချက်များဖြင့် ရင်ဆိုင်နေရသည်။
ဆက်ဖတ်ရန် . . . .
သူတို့ဘာလုပ်နေလဲ၊ ဘာလုပ်ဖို့ရှိလဲ

ဂျင်းနီ
လတ်တလောကတော့ တစ်ကိုယ်တော် အခွေအတွက် သီချင်းတွေ လုပ်နေပါတယ်။ အခုဂျင်းနီရယ်၊ ပို့ပို့ရယ်၊ Bambino ညီအစ်မနှစ် ယောက်ရယ်၊ blueberry ညီအစ်မနှစ်ယောက် ရယ်တွဲပြီး G 6 ဆိုတဲ့အဖွဲ့ လေးဖွဲ့ထားပါတယ်။ Girl Band တွေ အရင်ကလည်း ရှိခဲ့ဖူးတယ်ဆိုပေမယ့် အားလုံးနဲ့မတူတဲ့ ရသတစ်မျိုးပေးနိုင်အောင် ကြိုးစားသွားမှာပါ။
နိုဘယ်လ်ကျော်ကျော်
နိုဘယ်လ်နဲ့ မိုးယံဇွန်နဲ့ သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးထွက် ပါတော့မယ်။ ကိုရဲတိုက်နဲ့ ရိုက်ထားတဲ့ 'လွမ်းစိမ့်' ဆိုတဲ့ကားလေးလည်း မကြာခင်ထွက်လာမှာပါ။ ရှေ့လထဲမှာ ဇာတ်ကားရိုက်နဲ့ ကြော်ငြာရိုက် နှစ်မျိုးလုံး လက်ခံထားပါတယ်။
မေသန်းနု
မဆင့်ရဲ့ 'ပါရမီရှင်' ဗီစီဒီနဲ့ ဒီဗီဒီခွေထွက်ထားပါတယ်။ စက်တင်ဘာလ ၁ ရက်နေ့ကစပြီး ဒါရိုက်တာ ခင်မောင်ဦး၊ စိုးသိမ်းထွဋ်ရိုက်တဲ့ 'ချစ်ပန်းဝါ' ဆိုတဲ့ ရုပ်ရှင်ကားကြီး ရိုက်နေပါတယ်။ စက်တင်ဘာလ ၁၇ ရက်နေ့မှာ ဂျပန်ကို ဖျော်ဖြေရေးခရီး သွားဖို့ရှိပါတယ်။ 'ပါရမီရှင်' အငြိမ့် အနေနဲ့ ဖျော်ဖြေဖို့ စီစဉ်ထားပါတယ်။
ဖိုးကာ
ကျွန်တော့်ရဲ့သီချင်းတွေထဲက မဲပေါက်တဲ့သီချင်းကို သီဆိုယှဉ်ပြိုင် ရမယ့် 'သံစဉ်လမ်းက လင်းလက်ကြယ်' အစီအစဉ်မှာ ဒိုင်လုပ်ပေးဖို့ ရှိပါတယ်။ 'အောင်မြင်ခြင်းလမ်းမ' အစီအစဉ်အတွက် ကျွန်တော်နဲ့ ပရိသတ်ကြားမှာ အမှတ်တရရှိခဲ့တဲ့ သီချင်းလေးတွေ ပြန်ရိုက်ဖြစ်ဖို့ရှိပါတယ်။ ကျွန်တော့်ရဲ့စတုတ္ထမြောက် တစ်ကိုယ်တော်အခွေအတွက် အသံသွင်းတာတွေ လုပ်နေပါပြီ။
ပြေတီဦး
ကျွန်တော်စက်တင်ဘာလ ၁ ရက်နေ့မှာ ပုပ္ပားမှာရုပ်ရှင်ကားကြီး သွားရိုက်ရပါမယ်။ ဒါရိုက်တာ ညီညီ ထွန်းလွင်ရိုက်မယ့် 'သွားလူဆိုးဒါမျိုး တတ်တယ်' ဆိုတဲ့ဇာတ်ကားပါ။ ကျွန်တော်ရယ်၊ ကျော်ရဲအောင်၊ စိုးမြတ်သူဇာ၊ အိန္ဒြာကျော်ဇင်၊ နေမင်းတို့ ပါပါမယ်။ စက်တင်ဘာလ လယ်ပိုင်းမှာတော့ ဒါရိုက်တာကျော်ဇောလင်း ရိုက်မယ့် ရုပ်ရှင်ကားကြီးမှာ သရုပ်ဆောင်ရပါတယ်။ မင်းသမီး ကအူဝဲ(အိန္ဒြာကျော်ဇင်)နဲ့ပါ။
ဒါရိုက်တာမောင်မျိုးမင်း
ဦးမျိုးလဆန်းပိုင်းမှာ စိုင်းစိုင်းခမ်းလှိုင်၊ သက်မွန်မြင့်တို့နဲ့ ဗီဒီယိုဇာတ်ကား တစ်ကား၊ မိုးဟေကိုနဲ့ တစ်ကားရိုက်ဖို့ စီစဉ်ထားပါတယ်။ စက်တင်ဘာ လကုန်ပိုင်းလောက်မှာ 'တိုက်ဆိုင်မှုရှိလျှင် တမင်ရည်ရွယ်ခြင်း ဖြစ်ပါသည်'ဆိုတဲ့ ရုပ်ရှင်ကားကြီး ကို သရုပ်ဆောင်ပြေတီဦး၊ အိန္ဒြာကျော်ဇင်တို့နဲ့ ရိုက်ဖို့စီစဉ်ထားပါတယ်။ နှင်းဆီအငြိမ့် အနေနဲ့ကတော့ ပြည်ပကိုသွားရောက် ဖျော်ဖြေဖို့ကမ်းလှမ်းထားပေမယ့် ရက်အတိအကျ မသိရသေးပါဘူး။
ဂျောက်ဂျက်
'ငါသည်သာငါ့ရဲ့ပြိုင်ဘက်' ဆိုတဲ့အခွေလေးက ပြီးသလောက်နီးပါး ဖြစ်နေပါပြီ။ သိပ်မကြာခင်ထွက် နိုင်အောင် ကြိုးစားတော့မှာပါ။ ဒီအခွေလေးက ကျွန်တော့်ရဲ့တင်ပြမှု ပုံစံအသစ်နဲ့ ကြိုးစားထားတဲ့အခွေ လေးဖြစ်တာကြောင့် နည်းနည်းတော့ ရင်ခုန်နေပါတယ်။ 
ဖြူဖြူကျော်သိန်း
ဖြူဖြူအခု ပြင်သစ်နိုင်ငံကို သွားခဲ့တဲ့ အတွေ့အကြုံလေးတွေပေါ် မူတည်ပြီး ရလာတဲ့ခံစားချက်လေးတွေကို ဆောင်းပါးလေးတွေ ရေးဖြစ်နေပါတယ်။ မဂ္ဂဇင်း၊ ဂျာနယ် တွေမှာပဲ ဖော်ပြဖြစ်ပါလိမ့်မယ်။ ဖြူ ဖြူ့ရဲ့တတိယမြောက်တစ်ကိုယ်တော် အခွေကို ဆက်လုပ်နေပါပြီ။ One Lady Show ကတော့ ဒီနှစ်ကုန်ပိုင်း လောက်မှလုပ်ဖြစ်မှာပါ။
ထွန်းအိန္ဒြာဗို
မခိုင်ကြီး ရိုက်လက်စဖြစ်တဲ့ မိုးအောင်ရင်တို့နဲ့ ဇာတ်ကားကို ဆက်ရိုက်ပြီးသွားပါပြီ။ အခုသုံးရက်လောက် အနားယူနေပါတယ်။ စက်တင်ဘာ လဆန်းပိုင်းမှာ ဟိန်းဝေယံ နဲ့ ဗီဒီယိုနှစ်ကား ဆက်တိုက်ရိုက်ဖို့ရှိ ပါတယ်။ စွမ်းနဲ့ဒီဗီဒီတစ်ကား ရိုက်ဖို့ရှိပါတယ်။ ပြီးရင်တော့ မခိုင်ကြီးရယ်၊ မဆင့်ရယ်၊ နောက်တစ်ယောက် ကတော့ သေချာမသိသေးဘူး။ မင်းသမီးသုံးယောက် ခေါင်းဆောင်ပါဝင်မယ့် ဇာတ်ကားတစ်ကား ရိုက်ဖို့ စီစဉ် ထားပါတယ်။ ပြည်ပခရီးစဉ်ကတော့ အောက်တိုဘာလမှာ သွားဖြစ်မှာပါ။ 
ခင်လှိုင်
ကျွန်တော်တို့ dancer ကဏ္ဍအတွက် ရိုက်ကူးရေးလုပ်ဖြစ်ပါ တယ်။ စက်တင်ဘာလဆန်းပိုင်းမှာ မိုးအောင်ရင်နဲ့ဗီဒီယိုတစ်ကားရိုက် ပါမယ်။ ပြီးရင်တော့ပုပ္ပားမှာ ရိုက်ကူးမယ့် 'သွားလူဆိုးဒါမျိုးတော့ တတ်တယ်' ရုပ်ရှင်ကားကြီးမှာသရုပ် ဆောင်ဖြစ်မှာပါ။ အဲဒီရုပ်ရှင်ကားကြီးပြီးသွားရင် ပြင်ဦးလွင်ကို ဗီဒီယို နှစ်ကား သွားရိုက်ဖြစ်ပါမယ်။ ဆယ်လပိုင်းမှာ သြစတြေးလျ ဖျော်ဖြေရေး ခရီးစဉ်သွားဖို့ရှိပါတယ်။ ၁၁ လပိုင်းမှာတော့ ခင်လှိုင်တို့အဖွဲ့အငြိမ့်ကို ရေးမြို့မှာ သွားကဖို့စီစဉ်ထားပါတယ်။
ချောစုခင်
ချောစုအတွဲခွေအတွက် သီချင်းလေးတွေ ဆိုဖြစ်နေပါတယ်။ အခုလောလောဆယ်ကတော့ သီချင်းတွေပဲ အာရုံစိုက်ပြီး လုပ်ဖြစ်နေတာပေါ့ လေ။ ကြော်ငြာသီချင်းလေးတွေ လည်းဆိုဖြစ်ဖို့ရှိပါတယ်။ စက်တင်ဘာလထဲမှာပဲ ရွှေဘိုမှာရှိုးပွဲတစ်ပွဲ သွားဆိုဖို့ရှိပါတယ်။ နိုဝင်ဘာလမှာ ဂျပန်ဖျော်ဖြေရေး ခရီးသွားရမှာပါ။
ကောင်းခန့်
ကျွန်တော်အခု ဒါရိုက်တာ အောင်ဗပါဝါရိုက်ကူးတဲ့ 'မျက်ရည် စိမ်းနဲ့ငြိမ်းတဲ့မီး' ဗီဒီယိုဇာတ်ကား မှာအေးမြတ်သူနဲ့အတူ သရုပ်ဆောင် ထားပါတယ်။ စက်တင်ဘာလ၇ရက် နေ့မှာတော့ ဒါရိုက်တာ မောင်မျိုး မင်းနဲ့ ဗီဒီယိုတစ်ကား ရိုက်ဖြစ်ပါမယ်။ ပြီးရင် ဒါရိုက်တာမိုက်တီးနဲ့ ရိုက်ဖို့စီစဉ်ထားပါတယ်။
ဒါရိုက်တာဇော်ကိုကို
ကျွန်တော်အခု ပျော်စရာကြီး သီချင်းခွေထဲက Ah boy နဲ့ သီရိဆွေတို့ သီချင်းအတွက် ဗီစီဒီရိုက်ပေးဖြစ်နေပါတယ်။ စန္ဒီမြင့်လွင် ဗီစီဒီကို ရိုက်ပေးဖို့ရှိပါတယ်။ ကြော်ငြာတစ်ခု ရိုက်ဖို့ စီစဉ်နေပါတယ်။ မင်းသမီး မသေချာသေးတာနဲ့ ရက်နည်းနည်း စောင့်နေတာပါ။ ကျွန်တော်ရိုက်ထားတဲ့ 'လေနှင်ရာတိမ်တိုက်များ' ဇာတ်လမ်းတွဲကို မြ၀တီရုပ်မြင်သံကြား မှာ ပြသဖို့ ညှိနှိုင်းနေပါတယ်။
ဆက်ဖတ်ရန် . . . .
လူကုန်ကူး ခံရသူများတွင် ဘွဲ့ရပညာတတ်များလည်း ပါဝင်နေ
လူကုန်ကူး ခံရသူများတွင် ပညာတတ်ဘွဲ့ရများလည်း ပါဝင်လာကြောင်း မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် လူကုန်ကူးမှု ဖြစ်စဉ်များအပေါ် လေ့လာသုံး သပ်ချက်များအရ သိရသည်။
လူကုန်ကူးခံရသူများတွင်လူတန်း စားမျိုးစုံပါဝင်လာပြီး ပညာမတတ်၊ ဗဟုသုတ နည်းပါးသူများအပြင် ပညာတတ်များပါ ပါဝင်လာသည် ဟု ၂၀၀၉ ခုနှစ်အတွင်းတွင် ဖြစ်ပေါ်ခဲ့သည့် လူကုန်ကူးမှု ဖြစ်စဉ်များအပေါ် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အဆင့်မြင့်ရဲအရာရှိ ကြီးတစ်ဦးက ပြန်လည်သုံးသပ်၍ ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။
"၂၀၀၉ ခုနှစ် တစ်နှစ်တာ အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ လူကုန်ကူးမှု ဖြစ်စဉ်တွေကို ပြန်လည်လေ့လာ သုံးသပ်ရမယ်ဆိုရင် ပညာတတ်၊ ဘွဲ့ရ တွေပါဝင်လာလာပြီး ရှေ့နေတွေ တောင် ပါနေတာကိုတွေ့လာရပါ တယ်။ အရင်တုန်းက လူကုန်ကူးခံ ရတယ်ဆိုတဲ့သူတွေဟာ စာမတတ်လို့၊ ဗဟုသုတနည်းပါးကြလို့ဆိုတဲ့ သုံးသပ်ချက်တွေရှိခဲ့ပေမယ့်ငွေကြေး ချို့တဲ့လာကြတာ၊ ဆင်းရဲနွမ်းပါး တာတွေကလည်း လူကုန်ကူးခံရခြင်း ရဲ့ အကြောင်းရင်းတွေ ဖြစ်လာကြ တယ်။ နောက်ပြီး ပစ္စည်းဥစ္စာရှိ၊ အိမ် နေရာရှိတဲ့သူတွေလည်း လူကုန်ကူးခံ ရတဲ့အထဲမှာ ပါဝင်လာတာကို တွေ့ရပြန်တယ်။ လူကုန်ကူးခံရတဲ့သူတွေ ထဲမှာ ပညာတတ် ဘွဲ့ရတွေပါဝင်မှု များလာတဲ့အပြင် ၁၀ ရာခိုင်နှုန်း လောက်က ၁၀ တန်း အောင်မြင်ပြီး သူတွေ ပါနေကြပါတယ်။ အခြေခံပညာ အလယ်တန်းအဆင့်တွေလည်း ပါပါတယ်။ ဒါ့အပြင် ပြည့်တန်ဆာတွေလည်း ပါဝင်နေပါတယ်။ သူတို့တွေကတော့ ဟိုဘက်မှာအလုပ်သွား လုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ကို အုပ်စု လိုက်သွားကြတာတွေလည်း ရှိနေပါတယ်။ လူကုန်ကူးမှုတွေ အဓိက ဖြစ်ပေါ်နေရတာ၊ လူကုန်ကူးခံနေရ တာတွေရဲ့ အဓိကဖြစ်ရပ်က ဆင်းရဲ နွမ်းပါးခြင်းတွေကြောင့်ပဲလို့ နိုင်ငံ တကာက လက်ခံယူဆထားကြပါ တယ်" ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အဆင့်မြင့် ရဲအရာကြီးတစ်ဦးက သုံး သပ်ပြောကြားသွားခဲ့သည်။
လူကုန်ကူးခြင်း ခံရသည့်သူများတွင် ပညာတတ်များပါဝင်လာမှုအပေါ် "ဆင်းရဲနွမ်းပါးမှု၊ အလုပ်အကိုင် ရှားပါးမှုတွေအပြင် တိုးတက်ချင် လိုစိတ်၊ ငွေရှာချင်လိုစိတ်နဲ့ လူငယ် တွေကတော့ စွန့်စားချင်တဲ့ စိတ်တွေ ကြောင့် ပြည်ပနိုင်ငံတွေမှာ အလုပ်သွားလုပ်ကြမယ် ဆိုရာကနေ ခေါင်းပုံဖြတ်ခံရပြီး လူကုန်ကူးခံရတဲ့ ဖြစ်စဉ်တွေ ဖြစ်ပေါ်လာတာကို တွေ့ရ တယ်။ အလုပ်ကြမ်းလုပ်မယ့်သူက အလုပ်ကြမ်းအလျောက်၊ ပညာတတ်က ပညာတတ် အလျောက် ပြည်ပ မှာအလုပ်လုပ်ကိုင်ဖို့ သွားရောက်ကြတာကနေ လုပ်အားခေါင်းပုံဖြတ် ခံရတာ၊ လုပ်ခလစာခေါင်းပုံဖြတ်ခံရ တာ၊ အဓမ္မ လုပ်အားခိုင်းစေခံရတာ တွေရှိနေပါတယ်။ ဒါ့အပြင် အဓမ္မ ထိမ်းမြားခံရတာ၊ ပြည့်တန်ဆာ ပြုခံရတာတွေလည်း ရှိနေတဲ့အတွက် ဒီလူကုန်ကူးမှုမြောက်တဲ့ ဖြစ်ရပ်တွေဟာ ကမ္ဘာနဲ့အ၀န်းမှာ ကြီးမားတဲ့ ပြစ်မှုတွေ ဖြစ်လာနေပါပြီ။ ဒါကြောင့် လူကုန်ကူးမှုတိုက်ဖျက်ရေး၊ ပညာပေးရေးတွေ ပိုမိုထိရောက်အောင် ဆောင်ရွက်ဖို့ အရေးကြီးတဲ့ကဏ္ဍ ဖြစ်လာပါပြီ"ဟု ပြည်ပလုပ်သားရေးရာနှင့် လူကုန်ကူးမှုများအကြောင်း ကို သုတေသနပြု လေ့လာသုံးသပ် နေသူ စာရေးဆရာ ၀င်းနိုင်ထွန်းက ပြောကြားခဲ့သည်။
ဆက်ဖတ်ရန် . . . .
Monday, August 30, 2010
ကမ္ဘာ တစ်လွှား အံ့သြဖွယ်ရာ ထူးခြား လှပသော ပြတိုက် (၉) ခု
သိပြီးသား လူတွေ အတွက်တော့ အဟောင်းပါ။ ဖတ်ချင်တဲ့ လူတွေအတွက်တော့ အသစ်လို့ သဘောထားစေချင်ပါတယ်။
ကျေးဇူးတင်လျက်![]()
ကမ္ဘာတစ်လွှားရှိ ပြတိုက်တိုင်းလိုလိုပင် စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများ၊ ရှားပါးသော ယဉ်ကျေးမှု အမွေအနှစ်များ၊ အံ့သြဖွယ်ရာ တင်ဆက်ပြသပုံများ၊ ထူခြားလှပသော အနုပညာ ပစ္စည်းများအပြင် တန်ဖိုးမဖြတ်နိုင်သော ဗဟုသုတများ ပြည့်နှက်လျက်ရှိသည်။ အချို့သော ပြတိုက်များသည် ပြတိုက်တွင် ပြသထားဘော အကြောင်းအရာများ သာမက ပြတိုက် အဆောက်အအုံကပင် ထူးခြားလှပသော အနုပညာ လက်ရာတစ်ခု ဖြစ်နေတတ်လေသည်။
ကမ္ဘာတစ်လွှားရှိ ပြတိုက်များမှ အံ့သြဖွယ်ရာ ထူးခြားလှပဆုံး ပြတိုက် (၉) ခု ကို ဆင်ဟွာ သတင်းဌာနက Nine marvellous art museums in world ဟူ၍ ရွေးချယ် ထားသည်ကို PatheinCity News ပရိသတ်များအတွက် ပြန်လည် ဖော်ပြလိုက်ပါသည်။
ဆာလ်ဗေဒို ဒါလီ ပန်းချီ အနုပညာ ပြတိုက် ၊ ဖလော်ရိဒါ ၊ အမေရိကန်ပြည်ထောင်စု
မက်ဆီ အမျိုးသားပြတိုက် ၊ ရောမမြို့ ၊ အီတလီ
ဂူ့ဂင်ဟိုင်မ် ပြတိုက် ၊ နယူယောက် ၊ အမေရိကန် ပြည်ထောင်စု
ပေါ်ပိုဒယူ စင်တာ ၊ ပဲရစ်မြို့ ၊ ပြင်သစ် 
ဒန်ဗာ အနုပညာ ပြတိုက် ၊ ဒန်ဗာမြို့ ၊ အမေရိကန် ပြည်ထောင်စု
တော်ဝင် အွန်တေရီရို ပြတိုက် ၊ တိုရန်တိုမြို့ ၊ ကနေဒါ
နီတရိုင်း ခေတ်ပေါ် အနုပညာ ပြတိုက် ၊ ရီရို ဒေ ဂျနဲရို မြို့ ၊ ဘရာဇီး
အနုပညာ နန်းတော် ၊ ဆန်ဖရန်စစ္စကို ၊ အမေရိကန် ပြည်ထောင်စု
ဗယ်လင်ကာ ဝိဇ္ဇာ သိပ္ပံ မြို့တော် ၊ ဗယ်လင်ကာမြို့ ၊ စပိန်
ဆက်ဖတ်ရန် . . . .
ပဲရစ်မြို့တော် ပြတိုက်မှ ဒေါ်လာ ၁၂၃ သန်းတန် ပန်းချီ ၅ ချပ် အခိုးခံရ
![]()
ပြင်သစ်နိုင်ငံ မြို့တော် ပဲရစ် ရှိ မော်ဒန် အနုပညာ ပြတိုက် ( Paris Museum of Modern Art) မှ ကမ္ဘာ့ ပန်းချီအကျော်အမော်များ ဖြစ်သော ပီကာဆို နှင့် မက်တီစ့် တို၏ လက်ရာများ အပါအဝင် ဒေါ်လာ ၁၂၃ သန်းခန့် တန်ကြေးရှိသော အဖိုးတန် ပန်းချီကား ၅ ချပ် မေလ ၁၉ ရက်နေ့ ညပိုင်းက အခိုးခံရသည်ဟု သိရသည်။
ပန်းချီကားများ အခိုးခံရသည်ကို ကြသပတေးနေ့ ပြတိုက်ဖွင့်ချိန်တွင် ပြတိုက် ဝန်ထမ်းများက စတင်သတိပြုမိခဲ့ပြီး ယခုအခါ အီဖယ်မျှော်စင် အနီးရှိ အဆိုပါ ပြတိုက်ကို လုံခြုံရေးအရ ပိတ်ထားလိုက်ပြီ ဖြစ်သည်။
တာဝန်ရှိသူများ၏ ပြောကြားချက်အရ ဤဖြစ်ရပ်မှာ ကောင်းစွာကြိုတင် အစီအစဉ် ချထားဖွယ်ရှိကြောင်း ပြတိုက်၏ လုံခြုံရေးစနစ်ကို အပိတ်ခံထားရပြီး လုံခြုံရေး ကင်မရာမှ မျက်နှာဖုံးစွပ်ထားသော ဖောက်ထွင်းသူ တစ်ဦးတည်းသာ ပြတိုက် ဂိတ်ပေါက်သော့ကို ဖျက်၍ ပြတင်းပေါက်ကို ရိုက်ချိုးနေသည်ကို ရိုက်ကူးမိကြောင်း သိရသည်။
ခိုးယူခြင်းခံရသော အဖိုးတန် ပန်းချီကား ၅ ချပ်မှာ
Le pigeon aux petits pois (The Pigeon with the Peas)
by Pablo Picasso (1911)
La Pastorale (Pastoral)
by Henri Matisse (1906)
L’Olivier Près de l’Estaque (Olive Tree near Estaque)
by Georges Braque (1906)
La Femme à l’Éventail (Woman with a Fan)
by Amedeo Modigliani (1919)
Nature Morte aux Chandeliers (Still Life with Chandeliers)
by Fernand Léger (1922)
တို့ဖြစ်ကြသည်။
ယဉ်ကျေးမှု ဒုတိယဝန်ကြီး Mr. Girard က ဤဖြစ်ရပ်မှာ လူသားမျိုးနွယ် တစ်ခုလုံးနှင့်ဆိုင်သော ယဉ်ကျေးမှု အမွေအနှစ်ကို ခိုးယူသည့် ဆိုးရွားသော ပြစ်မူဖြစ်သည်ဟု ပြောကြားခဲ့သည်။ စုံစမ်းစစ်ဆေးသူများက ချိုးဖောက်ခံရသော ပြတိုက်၏ လုံခြုံရေးစနစ်အတွင်းက ချွတ်ယွင်းချက် အပေါ် စိုးရိမ်လျက်ရှိကြသည်။
ဆက်ဖတ်ရန် . . . .









“အမာသည် အပျော့မဟုတ်
အဖြူသည် အမည်းမဟုတ်
အဖြောင့်သည် အကောက်မဟုတ်
အမာကို မပျော့စေနှင့်
အဖြောင့်ကို မကောက်စေနှင့်”


