ဘာမှ မရေး သေးခင် ဒါများ Google မှာ ရှာလည်း ရတာ ပဲကွာ ဆိုပြီး မထင်လိုက် ပါနဲ့ဦး။ Google မှာ ရှာလို့ ရပေမဲ့ ကျွန်တော် တွေ့သလောက် ကတော့ ဟို site က ဟိုလိုပြော၊ ဒီ site က ဒီလိုပြောနဲ့ ခေါင်းမူး သွားပါ လိမ့်မယ်။ ဒါကြောင့် ကျွန်တော် စမ်းသပ် ကြည့်ပြီး အဆင် ပြေခဲ့ တာလေးကို ရှယ်ယာ လုပ်လိုက် တာပါ။
Windows 7 မှာ XP တုန်းကလို ဖိုင်တစ်ခုရဲ့ icon ကို ပြောင်းချင်သလို ပြောင်းလို့မရတော့ပါဘူး။ ခက်ခဲသွားပါတယ်။ File icon ပြောင်းနည်း ရေးလိုက်တာက စာဖတ်သူတွေ အပျင်းပြေ စမ်းသပ်ဖို့ မဟုတ်ပါဘူး။ ကျွန်တော် ကြုံခဲ့သလိုများ ကြုံခဲ့ရင် ဖြေရှင်းနိုင်အောင်မို့ပါ။
ကျွန်တော် ကြုံခဲ့တာက ဒီလိုပါ။ စက်ထဲမှာရှိသမျှ HTM ဖိုင်တွေရဲ့ icon တွေက Unknown File Icon တွေ ဖြစ်သွားတာပါ။ ပုံမှာ ပြထားသလိုပေါ့။![]()
အဲဒီလိုမျိုး ဖြစ်သွားတော့ Firefox ကြောင့်များလားဆိုပြီး Firefox ကို ဖြုတ်တယ်။ ပြန်တင်တယ်။ ဘယ်လိုမှ မရပါ။ HTM ဖိုင်မှန်သမျှ အဲဒီလို icon ပုံနဲ့ ပေါ်မြဲ ပေါ်နေပါတယ်။ အဲဒီတော့ ဘာဖြစ်သလဲ။ ဟုတ်ကဲ့ စိတ်ထဲ ကသိကအောက် ဖြစ်တာပေါ့ဗျာ။ အဲဒါနဲ့ပဲ icon ပြောင်းနည်းလေးကို ရှာကြည့်မိတယ် ဆိုပါတော့။
အဲဒီလိုဖြစ်ရင် ဒီလိုလုပ်ရပါတယ်။ အောက်မှာ ပြထားတဲ့အဆင့်တွေမှာ .htm အစား ပြဿနာပေးတဲ့ ဖိုင်အမျိုးအစားကို ရွေးပေးပါ။
၁။ Registry Editor ကိုဖွင့်ပါ။ HKEY_CLASSES_ROOT ထဲကနေ ပြဿနာဖြစ်တဲ့ ဖိုင်အမျိုးအစားကို ရှာပါ။ အခုတော့ htm က ဖြစ်နေတာမို့ .htm ကို တွေ့အောင် ရှာလိုက်ပါတယ်။
၂။ အဲဒီ .htm key ကို ရွေးလိုက်ရင် ညာဘက်မှာ သူ့ရဲ့ value တွေက ပုံမှာပြထားသလို ပေါ်လာပါတယ်။
၃။ ညာဘက်က Name Column မှာ Default ရဲ့ Value က FirefoxHTML ပါ။ အဲဒီဟာကို စိတ်ထဲ မှတ်လိုက်ပါ။
၎။ ပြီးတော့ HKEY_CLASSES_ROOT ထဲမှာ အစောက FirefoxHTML ကို တွေ့အောင် ထပ်ရှာပါ။ ဟော တွေ့ပါပြီ။ ဖွင့်ချလိုက်တော့ DefaultIcon ဆိုတဲ့ Key လေးပါ ပေါ်လာပါတယ်။ ညာဘက်မှာက အဲဒီ DefaultIcon ရဲ့ Default Value ရဲ့ Data နေရာမှာ ဘာမှ မရှိတာကို တွေ့ပါလိမ့်မယ်။![]()
၅။ အဲဒီလိုမရှိတာမို့ အခုလို Unknown File Icon ပေါ်တာပါ။ ဒါကြောင့်မို့ အဲဒီ (Default) ကို Double Click နှိပ်ပြီး Firefox Icon ရှိတဲ့ နေရာကို အခုလို ထည့်လိုက်ပါတယ်။
၆။ သဘောတရားက C:\Program Files\Mozilla Firefox ထဲမှာရှိတဲ့ Fiirefox.exe ထဲမှာပါတဲ့ နံပါတ် နှစ် icon ထည့်ပါလို့ ပြောလိုက်တာပါပဲ။ ဒီနေရာမှာ တစ်ခုရှိတာက firefox.exe ထဲမှာ icon ဘယ်နှစ်ခုပါတယ်၊ နံပါတ်တွေက ဘယ်လောက်ဆိုတာကို ကျွန်တော်တို့ အလွယ်တကူ မသိနိုင်ပါဘူး။ အဲဒီအတွက် Third Party Software တစ်ခု သုံးရပါလိမ့်မယ်။ Software နာမည်က IconViewer ပါ။ File Size က 685KB ပဲ ရှိပါတယ်။ http://www.botproductions.com/iconview/download.html ကနေ ဒေါင်းနိုင်ပါတယ်။ သူ့ကို install လုပ်လိုက်ပါ။ ပြီးရင် ကိုယ် icon ကြည့်ချင်တဲ့ .exe သို့မဟုတ် .dll ဖိုင်တစ်ဖိုင်ပေါ် Right Click>Properties ခေါ်လိုက်ပါ။ အခုတော့ firefox.exe ကို Properties ခေါ်ကြည့်လိုက်တဲ့အခါ အောက်မှ ပြထားသလို ပေါ်လာပါတယ်။ (icon tab ကို နှိပ်ရပါသေးတယ်)![]()
၇။ ပုံထဲကအတိုင်းဆိုရင် ကိုယ့် HTM ဖိုင်တွေကို တတိယမြောက် icon လေး ဖြစ်ချင်ရင် အဆင့် ၅ မှာ အခုလို ရိုက်ထည့်ပေးရပါမယ်။
C:\Program Files\Mozilla Firefox\firefox.exe, 32512 ဆိုပြီးတော့ပေါ့။
၈။ အားလုံးပြီးသွားရင် Registry Editor ကို ပိတ်လိုက်ပါ။ ကွန်ပျူတာကို Shutdown ချပါ။ ပြန်ဖွင့်ပါ။ (Restart မရပါ)
၉။ ပြီးရင် ကိုယ်ပြောင်းထားတဲ့ icon လေးတွေ ပြောင်းသွားတာကို တွေ့မြင်ရပါလိမ့်မယ်။
Windows 7 မှာ အခုလို Icon ပြောင်းလဲတာအတွက် Third Party software တွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့က Third Party Software တွေ သုံးရတာထက် တတ်နိုင်သလောက် Manual လုပ်ရတာကို ပိုမြတ်နိုးပါတယ်။ Manual ဘယ်လိုမှ မလုပ်နိုင်ဘူးဆိုမှ Software သုံးလေ့ သုံးထ ရှိတာမို့ပါ။
ဆက်ဖတ်ရန် . . . .
Thursday, August 26, 2010
Windows 7 တွင် File Icon ပြောင်းလဲ အသုံးပြုနည်း
Monday, August 23, 2010
Online Security အတွက် အချက် (၁၀) ချက်(နည်းပညာ ဆောင်းပါး)
လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်း ကမ္ဘာတစ်ဝှမ်းလုံးမှာ အင်တာနက် သုံးစွဲမှုနှုန်း ရုတ်တရက် မြင့်တက်လာတဲ့ နည်းတူပဲ အွန်လိုင်းကနေ တဆင့် အချက်အလက် ခိုးယူမှု၊ ဘဏ်အကောင့် နံပါတ်ခိုးယူ သုံးစွဲမှု၊ စတဲ့ ဆိုက်ဘာ ဒုစရိုက်မှုတွေလည်း တပြေးညီ မြင့်တက် လာခဲ့ပါတယ်။
ဒီနေ့ခေတ်ရဲ့ အင်တာနက်သုံးစွဲသူအားလုံးရဲ့ 91% ဟာအွန်လိုင်း အန္တရာယ်တွေရဲ့ ခြိမ်းခြောက်ခံနေရပြီး ဘယ်ကိုကာကွယ်ရမလဲဆိုတာလဲ မသိကြရပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ Online Security အတွက် လုံခြုံ စိတ်ချရအောင် ကာကွယ်ပေးနိုင်တဲ့ အချက် (၁၀) ချက်ကို အောက်မှာ ဖော်ပြပေးလိုက် ပါတယ်။
နံပါတ် (၁)
သင့်ကွန်ပျူတာမှာ ကောင်းမွန်တဲ့ Antivirus နဲ့ Anti-spyware တွေ Install လုပ်ထားဖို့လိုအပ်ပြီး အမြဲ Up-to-date ဖြစ်နေအောင် ပြုလုပ်ထားသင့်ပါတယ်။ Recommended ပေးထားတဲ့ Anti-spyware တွေကို ဒီလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။
နံပါတ်(၂)
ကိုယ်ကိုယ်တိုင် သိတဲ့၊ သုံးနေကျဖြစ်တဲ့၊ ယုံကြည်ရတဲ့ website တွေကိုသာ ၀င်ရောက်ကြည့်ရှုသင့်ပါတယ်။ တကယ်လို့ သင်မသိတဲ့ တစ်ခါမှ မသုံးဘူးတဲ့ website တစ်ခုကို ၀င်ကြည့်မယ်ဆိုရင်တော့ ကြော်ငြာ(Ad) တွေ၊ ခေါင်းစည်း(Banner) တွေကို Click မနှိပ်မိဖို့ သတိထားပါ။
နံပါတ်(၃)
Email ကတဆင့် ရောက်ရှိလာတဲ့ Attachment File တွေကို Download မယူခင်ရော ယူပြီး မ Run ခင်မှာပါ Virus Scan စစ်ဆေးပါ။
နံပါတ်(၄)
သင့်ရဲ့ Operating System နဲ့ Browser တို့ကို ပုံမှန် Update ပြုလုပ်ပေးပါ။ ပိုကောင်းတဲ့ လုံခြုံရေးအတွက်ဆိုရင် အင်တာနက်သုံးစွဲတဲ့အခါ ကိုယ်သုံးတဲ့ Browser ရဲ့ နောက်ဆုံးထုတ် Version ကိုအသုံးပြုပြီး သုံးစွဲသင့်ပါတယ်။
နံပါတ်(၅)
သင့်ရဲ့ Password ( Email, Bank Account ) တွေကို ဘယ်သူ တစ်ဦးတစ်ယောက်နဲ့မှ ဘယ်လို အကြောင်းပြချက် အတွက်ဖြစ်စေ Share မသုံးမိပါစေနဲ့။ Password ရွေးချယ်တဲ့အခါမှာလဲ Strong ဖြစ်အောင်ရွေးပါ။ Password တစ်ခုရွေးတဲ့အခါ
1. Capital Letters
2. Small Letters
3. Symbols
4. Numbers
အထက်ပါ (၄) ခုအနက် (၃) ခု ပါဝင်သင့်ပါတယ်။ Password ကိုလဲ (၃) လတစ်ကြိမ်လောက် အသစ်ပြောင်းသင့်ပါတယ်။ ပြီးတော့ အလွယ်တကူ ခန့်မှန်းနိုင်တဲ့ Password မျိုးတွေ မပေးသင့်ပါဘူး။ ဥပမာပြောရရင်- ဖုန်းနံပါတ်၊ ချစ်သူရည်းစားအမည်၊ စသည်ပေါ့။
နံပါတ်(၆)
Website တစ်ခု ဖွင့်မယ်ဆိုရင် Browser Address Bar ပေါ်မှာ URL ကို အပြည့်အစုံရိုက်ပါ။ ဥပမာ သင်က Gmail ကိုဝင်မယ်ဆိုရင် http://mail.google.com လို့ http:// ပါ ပါအောင် ရိုက်ပါ။
နံပါတ်(၇)
Login Page တစ်ခုမှာ Password ရိုက်ထည့်တော့မယ်ဆိုရင် အပေါ်က Address မှာ http အစား https လို့ ပြောင်းနေလား သေချာအောင်ကြည့်ပါ။ Https ဟာ SSL ( Secure Sockets Layer) ဖြစ်ပြီး Http ထက် ပိုပြီး Security ကောင်းပါတယ်။
နံပါတ်(၈)
Phishing Emails ( မေးလ်အတုများ ) ကိုသတိထားပါ။ သင့်ထံရောက်လာတဲ့ မေးလ်တွေထဲက ဥပမာ- ဒီလင့်ခ်ကို နှိပ်ပြီး Account Settings ကို ပြောင်းရန် အစရှိသည်အားဖြင့်ဖော်ပြထားတဲ့ မေးလ်တွေက Link တွေကိုမနှိပ်မိပါစေနဲ့။ သင့်ကို Spoofed Pages ( Page အတု )တွေဆီကို ခေါ်သွားပြီး Login ၀င်ခိုင်းနိုင်လို့ပါ။ Phishing နဲ့ Spoofed အကြောင်း နောက်ပိုင်းမှာ အကျယ်ရှင်းပြပါ့မယ်။
နံပါတ်(၉)
အသုံးပြုပြီးတဲ့အခါ အမြဲတမ်း Logout ထွက်ပါ။ Logout ထွက်ရုံတင်မက Browser ရဲ့ Cache နဲ့ History တွေကို ရှင်းပေးပါ။ ( Mozilla Firefox မှာဆိုရင် Tools ထဲက Clear Private Data ကိုနှိပ်ပြီး အမှန်အားလုံးခြစ်၊ Clear လုပ်ပေးပါ )
နံပါတ်(၁၀)
Internet Cafe တွေက Public Computers တွေမှာ Bank အကောင့်လို အရေးကြီးတဲ့ အချက်အလက်မျိုးတွေ မသုံးစွဲပါနဲ့။ သုံးရမယ်ဆိုရင်လဲ Spyware, keystroke-logger, password-sniffer တွေလိုမျိုး Software တွေ အဲဒီ Computer တွေမှာ Install လုပ်ထားမထား သေချာအောင်လုပ်ပါ။
အထက်ပါအချက် (၁၀) ချက်ကိုလိုက်နာခြင်းဖြင့် သင့်အတွက် ဆိုက်ဘာအန္တရာယ်မှ 90% ကာကွယ် ပေးနိုင်ပါလိမ့်မယ်။ ဆိုက်ဘာ တိုက်ခိုက်ခံရမှု အန္တရာယ်မှ ကင်းဝေးကြပါစေ။
မွန်ခိုက်
ဆက်ဖတ်ရန် . . . .
ကလေးငယ်များ နှင့် ကြီးထွား လာသော အွန်လိုင်း အန္တရယ်(နည်းပညာ ဆောင်းပါး)
ယနေ့ခေတ်တွင် ကမ္ဘာတစ်ဝှမ်းရှိ ကလေးငယ် များစွာသည် ပြင်ပ ကမ္ဘာတွင်သာမက အွန်လိုင်း ကမ္ဘာတွင်လည်း ကြီးပြင်းလာကြရာ အွန်လိုင်းပေါ်မှ ကောင်းကျိုးများ အပြင် ကလေးငယ်များ အဖို့ အန္တရယ် မကင်းသော အခြေအနေနှင့် မလိုလားအပ်သော အတွေ့အကြုံများကိုပါ ပူးတွဲလျက် ကြုံတွေကြရသည်။
အင်တာနက် လုံခြုံရေး ကုမ္ပဏီ Symantec ၏ နိုင်ငံတကာ အွန်လိုင်း စောင့်ကြည့် လေ့လာမှု အစီအစဉ် အရ နိုင်ငံ (၁၄) နိုင်ငံမှ အသက် (၈) နှစ်မှ (၁၇) နှစ် အရွယ် ကလေး (၂၈၀၅) ဦးနှင့် လူကြီး (၇၀၆၆) ဦးတို့ကို လေ့လာမှုတစ်ခု ပြုလုပ်ခဲ့ရာ ကမ္ဘာတစ်ဝှမ်းရှိ အွန်လိုင်းအသုံးပြုသော ကလေးငယ် များစွာသည် နေ့စဉ် လိုလို အွန်လိုင်းပေါ်မှ အန္တရယ်ရှိနိုင်သည့် အတွေ့အကြုံများ ခံစားကြရသည် ဟုသိရသည်။
The Norton Online Family Report 2010 အရ အွန်လိုင်း အသုံးပြုသော စင်္ကာပူ ကလေးငယ် ၇၃ ရာခိုင်နှုန်း သည် အွန်လိုင်းတွင် အန္တရယ် မကင်းသော အခြေအနေမျိုး ကြုံတွေကြရသည်ဟု ဆိုသည်။ ထို့ပြင် ဟောင်ကောင်ရှိ ကလေးငယ်များ၏ ၈၅ ရာခိုင်နှုန်း သည်လည်း အွန်လိုင်းရှိ မလိုလားအပ်သော အတွေ့အကြုံများ ရရှိကြသည်ဟု သိရပေသည်။ အိန္ဒိယရှိ အွန်လိုင်း အသုံးပြုသော ကလေးငယ် ၇၀ ရာခိုင်နှုန်းကျော်ကျော် သည်လည်း အွန်လိုင်းပေါ်မှ အမည်မသိသော သူများ၏ နှောက်ယှက်မှုကို ကြုံတွေကြရသည်။
ထို အခြေအနေများသည် ကလေးများကို စိတ်တို စိတ်အနှောင့် အယှက် ဖြစ်အောင် ပြုမူခြင်း သို့မဟုတ် ကြောက်ရွံ့အောင် ခြမ်းခြောက်ခြင်း စသည့် အခြေအနေများ အပြင် အခြား မကောင်းသည့် အတွေ့အကြုံများလည်း ပါဝင်ပြီး မိဘအများစုက မိမိ ကလေး၏ ထိုသို့သော အခြေအနေမျိုးကို သတိ မထားမိကြပေ။ မိဘ (၁၀) ဦးတွင် (၆) ဦးသည် မိမိတို့ကလေး အွန်လိုင်း သုံးစွဲနေသည်ကိုပင် မသိကြဟု Norton Online Family အစီအရင်ခံစာတွင် ဖော်ပြထားသည်။
ကလေး ၄ ဦး၏ ဖခင်ဖြစ်သော အင်တာနက် လုံခြုံရေး အကြံပေး Effendy Ibrahim က သူ၏ ကလေးကြုံတွေ့ရသော အွန်လိုင်းဂိမ်း အတွေ့အကြုံနှင့် ပါတ်သက်ပြီး ယခုလို ပြောပါသည်။
“ကျွန်တော့် ကလေးက အွန်လိုင်းပေါ်မှာ ဖရီးသုံးလို့ရတဲ့ ဂိမ်းလေးတွေပါတဲ့ ဝက်ဆိုက်ကို သဘောကျပြီး မကြာခဏ ဝင်တတ်ပါတယ်။ ရှိတဲ့ ဂိမ်းတွေ တော်တော်များများက အန္တရယ် မရှိတဲ့ ဂိမ်းတွေပါ။ ဒါပေမယ့် ဒီထဲမှာ မရိုးမသား အတွေးအခေါ်မျိုး ဝင်သွားစေနိုင်တဲ့ ဂိမ်းအချို့လည်း ပါနေပါတယ်။ ဥပမာတစ်ခု ပြောရရင် ‘Play the Pervert’ လို့ ခေါင်စဉ်တပ်ထားတဲ့ ဂိမ်းတစ်ခုဆိုရင် အဝတ်အစား မပါဘဲ မိန်းမတစ်ယောက် ရေချိုးနေတာကို ယောက်ျား တစ်ယောက်က ချောင်းကြည့်ရတဲ့ ဂိမ်းမျိုးပါ။ မိန်မရဲ့ လူအများ မမြင်အပ်တဲ့ အစိတ်အပိုင်းတွေကို ခပ်ဝါးဝါး လုပ်ထားပေမယ့် ကလေးတစ်ဦးဦးက ဒီဂိမ်းကို ဆော့မိရင် မစဉ်းစားတတ်သေးတဲ့ အရွယ်မှာ အယူအဆ လွဲမှားသွားနိုင်ပါတယ်” ဟု Effendy Ibrahim က ဆိုသည်။
Symantec ၏ အစီအရင်ခံစာအရ စင်္ကာပူ ကလေးငယ်များသည် တစ်လလျင် ပျဉ်းမျှ ၆၄ နာရီခန့် အွန်လိုင်းတွင် အချိန်ကုန်တတ်ကြသည်။ အင်တာနက်သည် နေရာတိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခွင့်ရနေသော စင်္ကာပူတွင် မိဘများသည် မိမိကလေး၏ အွန်လိုင်းသုံးစွဲမှုကို လေ့လာအကဲခတ်ရန် အခက်အခဲ များစွာရှိကြသည်။
လေ့လာမှုအရ ရရှိလာသော အဖြေများတွင် အွန်လိုင်းအသုံးပြုသော ကလေး ၁၀ ဦးတွင် ၇ ဦးသည် ဗိုင်းရပ်စ်များ ကို မှားယွင်းပြီး downloadချမိ တတ်ကြသည်။ ကလေး ၁၀ ဦးတွင် ၄ ဦးသည် အွန်လိုင်းပေါ်ရှိ သူစိမ်းတစ်ရံဆံများမှ ပြင်ပတွင် တွေ့ဆုံဖို့ ချိန်းဆိုခြင်းကို ခံရပြီး ကလေး ၁၀ ဦးတွင် ၃ ဦးသည် လိင်မှုဆိုင်ရာ ညစ်ညမ်း စာပေများ လက်ခံရရှိကြပြီး အချို့မှာ အွန်လိုင်းပေါ်ရှိ လူစိမ်းများထံမှ လိင်မှုကိစ္စများ ပါဝင်သော မက်ဆေ့များ လက်ခံရရှိကြသည်။
ထို့ပြင် ကလေးငယ်များ၏ ၆၄ ရာခိုင်နှုန်းကို လူမှုကွန်ယက်ဆိုက်များတွင် သူစိမ်းတစ်ရံဆံများမှ သူငယ်ချင်း မိတ်ဆွေဖွဲ့လေ့ရှိပြီး ၃၀ ရာခိုင်နှုန်းမှာ ၎င်းတို့ကို ပြင်ပကမ္ဘာတွင် တွေ့ရန်ကြိုးစားသော သူစိမ်းများနှင့် ကြုံတွေ့ကြရသည်။
ဖော်ပြပါ အခြေအနေများအား မိဘများက စောင့်ကြည့် တားဆီးနိုင်ရန် အသုံးပြုနိုင်သည့် ဆောဝဲလ်၊ နည်းလမ်း နှင့် ကိရိယာပစ္စည်း များစွာ အွန်လိုင်းတွင် ရရှိနိုင်သောကြောင့် မိဘများအနေဖြင့် မိမိကလေး၏ အွန်လိုင်း အသုံးပြုမှုကို ပါဝင်လေ့လာနိုင်ရန် အခက်မကြုံနိုင်ကြောင်း ကျွမ်းကျင်သူများက လက်ခံထားကြသည်။
လေ့လာမှုတွင် ပါဝင်သော မိဘ ၁၀ ဦးတွင် ၄ ဦးက မိမိတို့အိမ်ရှိ ကွန်ပျူတာကို လိုအပ်သလို ထိမ်းချုပ်ထားသည်ဟု ဆိုကြသည်။ သို့သော်လည်း ကလေးငယ်များအဖို့ မိုဘိုင်းဖုန်းကဲ့သို့ လက်ကိုင်ပစ္စည်းများဖြင့် အင်တာနက် အသုံးပြုခြင်း နှင့် ကျောင်း သို့မဟုတ် သူငယ်ချင်းထံတွင် အသုံးပြုခြင်းကဲ့သို့သော အင်တာနက် အသုံးပြုရန် အခြားနည်းလမ်းများစွာ ရှိနေရာ ၎င်းတို့အား အွန်လိုင်းသုံစွဲမှုကို တာဆီး ကန့်သတ်ရုံဖြင့် မလုံလောက်ဘဲ မှန်ကန်သော အွန်လိုင်း အသုံးချမှုများကို သင်ကြားပေးရန် အရေးကြီးပါသည်။
“ကျွန်တော်တို့က ကလေးတွေကို မှန်ကန်တဲ့ ဝဘ်ဆိုက် သုံးပုံသုံနည်းနဲ့ တွေးခေါ် စဉ်းစားပုံတွေကို စနစ်တကျလေ့ကျင် သင်ကြားပေးဖို့ လိုပါပြီ။ ကလေးတွေ စိတ်ဓာတ်ရေးရာပိုင်း နဲ့ တွေးခေါ် စဉ်းစားမှုပိုင်းကို အသင့်ဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပြီးရင်တော့ သူတို့ အွန်လိုင်းမှာ ဘယ်ကိုသွားသွား ပြဿနာ မရှိတော့ဘူပေါ့ဗျာ” ဟု Symantec Asia မှ အင်တာနက် လုံခြုံရေး အကြံပေး Effendy Ibrahim က ပြောပါသည်။
“ကလေးတွေကို အွန်လိုင်းပေါ်မှာ သူတို့တွေ ဘာတွေလုပ်နေကြလဲဆိုတာ မေးရင်း မိမိစိတ်ဝင်စားမှုကို ပြပါ။ နောက်တစ်ချက်ကတော့ မိဘတွေ အနေနဲ့ ပိုပြီး အချိန် ခပ်များများ ကလေးတွေနဲ့ အတူနေဖို့ လိုအပ်တာပါပဲ” ဟု National Family Council မှ အကြီးအကဲ Lim Soon Hock က အကြုံပြုသည်။
အကယ်၍ အွန်လိုင်းပေါ်တွင် ပြဿနာ တစ်ခုခု ကြုံတွေ့ပါက ကလေးများအား လူကြီးမိဘကို ဖွင့်ပြော အကူအညီ တောင်းတတ်ရန် သင်ကြားပေးကာ ပြဿနာ တစ်စုံတရာ ကြုံလာပါက မိဘများဘက်မှ ကလေးအပေါ် အပြစ်မတင်ဘဲ လိုအပ်သော အကူအညီနှင့် အပြုသဘောဆောင်သော အကြံဥာဏ်ပေးကာ မိမိကလေးကို လမ်းမှန်သို့ ရောက်အောင် သင်ကြားနိုင်ရန်လည်း လိုအပ်သည်။
အွန်လိုင်းသည် ဆိုက်ဘာပြစ်မှု ကျူးလွန်သူများ၏ ကစားကွင်း အသစ်သဖွယ်ဖြစ်လာရာ ငယ်ရွယ်သော ကလေးများနှင့် စိတ်ဓါတ်ရေးရာ အားငယ်သော သူများမှာ ၎င်းတို့၏ သားကောင်သဖွယ် ဖြစ်လာသည်။ အခြေခံအကျဆုံး နှင့် အရေးကြီးဆုံးအချက်မှာ မိဘများအနေဖြင့် မိမိတို့ကလေး၏ လက်တွေ့ဘဝကိုသာမက အွန်လိုင်း ဘဝကိုပါ မျက်ခြေမပြတ်ဘဲ ပါဝင် ပါတ်သက်မှုရှိရန် လိုအပ်လှပေသည်။
အကယ်၍ မိဘများအနေဖြင့် မိမိတို့ကလေး၏ အွန်လိုင်းဘဝအား စောလျင်စွာ မလေ့လာမိပါက ဒစ်ဂျစ်တယ် နည်းပညာကမ္ဘာတွင် လူမှုကွန်ယက် မီဒီယာများနှင့် အွန်လိုင်း၏ ခြမ်းခြောက်မှုသည် ယနေ့ခေတ် ကလေးငယ်များအတွက် အသစ်ပေါ်ထွန်းလာသော ခေတ်သစ်အန္တရယ်တစ်ခု အဖြစ် လက်တွေ့ ကြုံတွေ့လာနိုင်ပေသည်။
မင်းသက်တန်
ဆက်ဖတ်ရန် . . . .
Friday, August 13, 2010
မြန်မာလိုဖတ်နိုင်သော နည်းပညာစာအုပ်များ









“အမာသည် အပျော့မဟုတ်
အဖြူသည် အမည်းမဟုတ်
အဖြောင့်သည် အကောက်မဟုတ်
အမာကို မပျော့စေနှင့်
အဖြောင့်ကို မကောက်စေနှင့်”


