ရဲဘော်ကျော်သန်း
သုံးပွင့်တော့ ဆိုင်နေကြပြီ။ ဗမာတွေကို ထာဝရ စစ်ကျွန်ဇာတ်သွင်းဖို့ အစီအမံအတွက် ဆိုပါတော့။ အစကတော့ ဗမာဗိုလ်ချုပ်တွေ သတ္တိနည်းတာကို သိပေမယ့် စစ်သားတွေဆိုပြီး ဒီလောက်ထိ သူရဲဘောကြောင်လိမ့်မယ်လို့ မထင်ခဲ့မိဘူး။ ဗမာ့သမိုင်းမှာ မကြုံစဖူး ထူးကဲတဲ့ အဖျက်စွမ်းတွေနဲ့ မျိုးဖျက်စစ်အာဏာရှင်တွေရဲ့ နောက်ဆုံးအဆင့် မိစ္ဆာသန်းရွှေစစ်အုပ်စုက သူရဲဘောအကြောင်ဆုံးလုပ်ရပ်နဲ့ အမျိုးဂုဏ်သိက္ခာကို ထပ်ပြီး ချပြလိုက်ပြန်ပြီ။
အဲဒါကတော့ သူတို့အပိုင်အနိုင် မယူနိုင်တဲ့ နယ်မြေတွေဖြစ်တဲ့ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ဒေသတချို့မှာ ရွေးကောက်ပွဲမလုပ်တော့ဘဲ ဖျက်သိမ်းလိုက်တာပါ။ မိစ္ဆာသန်းရွှေ စစ်အုပ်စုဟာ သူတို့ရဲ့ကိုယ်ပွား ကြံ့ဖွတ်ပါတီကို သေချာပေါက်အနိုင်ရဖို့ တခြားပြိုင်ဘက် ပါတီတွေကို ကြိုးအမျိုးမျိုးနဲ့ ချည်တုပ်ထားတဲ့ ကြားထဲက အခုလို မသေချာတဲ့ နယ်တွေကို ချန်လှပ်ထားခဲ့တာ ဖြစ်ပါတယ်။
ဒါတောင် အိမ်နီးချင်းနိုင်ငံတွေဆီက ရွေးကောက်ပွဲလွန်ကာလအတွက် ကြိုတင် ကတိကဝတ်တွေ စကားအပေးအယူတွေ ရထားပြီးသားပါ။ ကပ်ပေါင်း စုံသင့်နေတဲ့ ဗမာပြည်ပြဿနာနဲ့ ပတ်သက်ရင် အိမ်နီးချင်းတွေရဲ့သဘောထားက မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဖြစ်နေသလားတော့ မသိပါဘူး။
ဒီလောက် မတော်မတရား လုပ်နေတဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆိုးသည်၊ ကောင်းသည် ဘာဝေဘန်ချက်မှမပေး ရေငုံနှုတ်ပိတ်နေကြတယ်။ သွယ်ဝိုက်ပြီး ထောက်ခံတဲ့ သဘောပေါ့။ တရုတ်၊ အိန္ဒိယနဲ့ အိမ်နီးချင်းနိုင်ငံတွေကို မိစ္ဆာသန်းရွှေကိုယ်တိုင်သွားပြီး ရှင်းလင်းညှိနှိုင်းနေတယ်။ တရုတ် အစိုးရကတော့ ခပ်ပြတ်ပြတ်ပဲ ဒေါ်လာသန်းပေါင်း ငါးထောင်ကျော်ပေးပြီး ရွေးကောက်ပွဲကို တဖက်လှည့် ထောက်ခံပြလိုက်တယ်။
မိစ္ဆာသန်းရွှေရဲ့ ဒီနောက်ဆုံး သူရဲဘောင်မှုလုပ်ရပ်ကြောင့် နိုင်ငံရေးအရ အထိခိုက်ဆုံးကတော့ ကေအိုင်အေခေါင်းဆောင် ဒေါက်တာတူးဂျာပဲ ဖြစ်တယ်။ ငရုတ်သီးနဲ့ ပေါင်းမိလို့ အထောင်းခံရတဲ့ ကြက်သွန်လို အင်ဂျီအိုနဲ့ ဈေးကစားတတ်တဲ့ နိုင်ငံရေးစားဖား ဟန်ညောင်ရွှေရဲ့ ရွေးကောက်ပွဲဟာ လက်တွေ့ကျတဲ့ နိုင်ငံရေး အခွင့်အလမ်းဆိုတဲ့ စကားကို ယုံစားမိလို့ အခုလို နိုင်ငံရေး နှပ်ပစ်ခံရတာဖြစ်တယ်။
သူ့ခမျာ ပါတီမှတ်ပုံတင်ခွင့် မရတာတောင် တသီးပုဂ္ဂလအနေနဲ့ပြိုင်ဖို့ ကြိုးစားရှာပါသေးတယ်။ နအဖက သူပြိုင်မည့် ကချင်ပြည်နယ်ကို ရွေးကောက်ပွဲ မလုပ်တော့ဘူးလို့ ဖြတ်ရိုက်တာ ခံလိုက်ရရှာတယ်။ ဖွတ်မရ ဓားမဆုံးတဲ့ကိန်း။
တကယ်တော့ ဒီရွေးကောက်ပွဲဆိုတာ နိုင်ငံတကာနယ်ပယ်မှာ နိုင်ငံရေးအရ တရားဝင်မှု၊ ပိတ်ဆို့ အရေးယူမှုစတဲ့ အကြပ်အတည်းတွေကနေ လွတ်ဖို့ ထွက်ပေါက်တခုအဖြစ် ယောင်ပြနိုင်ငံရေး ကစားကွက်တခုပဲ ဖြစ်ပါတယ်။ ပြည်ထဲက လူထုဆန္ဒတို့ တိုင်းပြည်ရင်ဆိုင်နေရတဲ့ ပြဿနာတွေ အဖြေရှာဖို့ဆိုတာ တစိုးတစိတောင် ထည့်မတွက်ပါဘူး။ နိုင်ငံတကာကို ပြတဲ့ မျက်လှည့်ပွဲ၊ ရွေးကောက်ပွဲ တံဆိပ်ကပ်ထားတဲ့ နိုင်ငံရေး လိမ်ညာပွဲတခုပဲဖြစ်ပါတယ်။ ပြည်တွင်း အယ်ဒီတာတဦးရဲ့ စကားအတိုင်းဆိုရင် နှစ်ဖက်မိဘတွေကလဲ သဘောမတူ ပတ်ဝန်းကျင်ကလဲ နှာခေါင်းရှုံ့နေကြတဲ့ လိင်တူချစ်သူများရဲ့ မင်္ဂလာပွဲတခုပေါ့။
ထွက်ပေါက်မရှိတဲ့ စစ်ကျွန်ဖွဲ့စည်းပုံ
ပြိုင်ဘက်ကို လက်ပြန်ကြိုးအမျိုးမျိုးချည်ထားတဲ့ ရွေးကောက်ပွဲ နည်းဥပဒေတွေ
လက်လှမ်းမမီတဲ့ ရွေးကောက်ပွဲ မှတ်ပုံတင်ကြေး
စိတ်ကူးပေါက်တိုင်း ထွက်လာတတ်တဲ့ နှုတ်မိန့်ဆိုတာတွေ
ပြီးတော့ သခင်အားရ ကျွန်ပါးဝ ရွေးကောက်ပွဲ ကော်မရှင်ဆိုတာတွေ
“စတဲ့.. စတဲ့” ပြောမဆုံးပေါင် တောသုံးတောင် ဖိနှိပ်ချုပ်ချယ် ကန့်သတ်မှုမျိုးစုံနဲ့ လုပ်ပေးတဲ့ ရွေးကောက်ပွဲကို အခွင့်အလမ်းတခုလို မြင်နိုင်ကြသူတွေ၊ ပြိုင်ချင်ကြသူတွေကလည်း ရှိနေသေးတာ အံ့သြစရာ။
အခွင့်အလမ်းဆိုတာမျိုး တကယ်ဖြစ်ခဲ့ရင်တောင် ဒီအခွင့်အလမ်းဆိုတာ တိုင်းပြည်နဲ့ လူမျိုးအတွက် မဟုတ်တာကတော့ သေချာတယ်။ အတ္တလောဘ ဆန္ဒစွဲကို နည်းနည်းထိန်းချုပ်နိုင်မယ်ဆိုရင်တောင် ၂၀၀၈ က အတုအယောင် ဆန္ဒခံယူပွဲကို သင်္ခန်းစာ ထုတ်ယူနိုင်ပါတယ်။ ဒါပေမဲ့ အနှီပုဂ္ဂိုလ်များဟာ တိုင်းပြည်အတွက် အကျိုးမများတဲ့ ကိုယ့် ဆန္ဒစွဲလောဘ သို့မဟုတ် မိမိကိုယ်ကိုယ်ဗဟိုပြုတဲ့ အမြင်ကြောင့် တံလျှပ်ရေထင် ကြမ္မာငင်ပြီး စစ်ကျွန်ရွေးကောက်ပွဲ ခြောက်ကမ်းပါးထဲ ခုန်ချကုန်ကြတာပဲ။
ပြည်တွင်းပြည်ပက အဲဒီလိုလူတွေကို လေ့လာကြည့်ရင် အရေးကောင်းရင် ဗိန်းဗောင်း တိုက်ပြီး ဖားပြုတ်တွေ မာန်ဖီသလို လေနဲ့ဖောင်းကားနေတတ်တယ်။ နိုင်ငံရေးရာသီ မကောင်းလို့ ပူပြင်းကြမ်းတမ်းလာရင် အေးရာအေးကြောင်း အကြိုအကြားမှာ ချောင်ခိုပြီးတော့ ရှောင်နေတတ်တယ်။ နင်မလာ ငါမကြောက် နင်လာ ငါပျောက်ဆိုတဲ့ အစားထဲကပေါ့။ လူရည်လူသွေးတော်တယ်၊ တတ်တယ်၊ လည်ပတ်နှံ့စပ်တယ်။
သို့သော် စွဲမြဲခိုင်မာတဲ့ ယုံကြည် ချက်တို့၊ ခံယူချက်တို့ဆိုတာ သူတို့အဘိဓာန်မှာ မရှိဘူး။ အဲဒီလိုလူမျိုးတွေဟာ ဘယ်နေရာ ရောက်ရောက် ကိုယ်သက်သာရာ အခွင့်အရေးရှိရာကိုပဲ ရှာဖွေနေတတ်တယ်။ အိမ်ရှင်မရဲ့ ခြေသလုံးကို ခေါင်းကလေးနဲ့ တိုးခွေ့ချော့ပလီပြီး ခေါင်းအုံးပေါ် တက်အိပ် တတ်တဲ့ ကြောင်ပါးဝကြီးတွေလို အစားတွေ။ နိုင်ငံရေး တော်လှန်ရေးထဲ ရောက်လာရင်လဲ အများနဲ့ တန်းတူနေ၊ တန်းတူစား၊ တန်းတူလုပ်ကိုင်ဖို့ ဘယ်တော့မှ မကြိုးစားဘူး။ မြှောက်စားမဲ့သူ အနား ဖားယားခိုကပ်နေတတ်တဲ့ အနားပျာတွေ “ တိမ်လွှာကြားမှာ လရထားကို အခန့်သား စီးချင် သူတွေ”။ ဇာတ်ပျက် တော်လှန်ရေးဗျိုရိုကရက်တွေပေါ့။
လူမှုအဆောက်အဦတခုကို စီမံခန့်ခွဲ အုပ်ချုပ်တဲ့အခါ အဓိကအားဖြင့် အာဏာ ဗဟိုချက် (Power Center) နှစ်ခုနဲ့ ခန့်ခွဲကြတယ်။ တခုကအဆုံးအဖြတ်ပေးပြီး တခုက အကောင်အထည်ဖော်တယ်။ ခေါင်းဆောင်တွေ နိုင်ငံရေးသမားဆိုတာတွေက ဝဲယာ၊ ထက် အောက်၊ ရှေ့နောက် ထောင့်စုံကို ချင့်ချိန်ပြီး အဆုံးဖြတ်ပေးတယ်။
ဗျူရိုကရက်တွေကတော့ လုပ်ထုံးလုပ်နည်းတွေကို အသုံးချပြီး အဲဒီဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်တယ်။ ဒီတော့ ဗျူရိုကရက်ဆိုတာလည်း အရေးပါတဲ့ လိုအပ်ချက်ဖြစ်တယ်။ သို့သော်လည်း သူတို့ဟာ တိုင်းပြည်၊ လူမျိုး၊ အဖွဲ့အစည်း၊ အဆောက်အဦရဲ့ ပကတိအခြေအနေတွေ၊ လိုအပ်တာတွေ ထက် လုပ်ထုံးလုပ်နည်းတွေကိုသာ အလေးထားတယ်။ စာရင်းငှား နွားကျွေးသလို လက်တွေ့ အကျိုးသက်ရောက်မှုထက် လုပ်ထုံးလုပ်နည်းနဲ့ အဆင်ချောမွေ့ပြီး အလုပ်ပြီးမြောက်ဖို့ပဲ ဦးစားပေးတယ်။ အများနဲ့ ဆိုင်တဲ့ အလုပ်တွေကို လုပ်စားနေပေမဲ့ စေတနာ့ဝန်ထမ်းစိတ် ခေါင်းပါးတတ်ပြီး သူတို့ကိုယ်သူတို့ လူတကာထက်ထူးမြတ်တဲ့ မိုးကျရွှေကိုယ်တွေလို့ မှတ်ထင် တတ်တယ်။
ဖြစ်နိုင်ချေ၊ ဖြစ်တန်ချေ၊ (Possibility, Probability) ဆိုတဲ့ စကားတွေကို များများ ပြောပြီး အခွင့်အရေးနောက်ကို ယုန်နဲ့အတူပြေး ခွေးနဲ့အတူလိုက်နေသူတွေ ဖြစ်တယ်။ စွန့်လွှတ်စွန့်စားခြင်း၊ အနစ်နာခံခြင်းဆိုတာ သူတို့အတွက် မပြောကောင်း၊ မကြားကောင်းတဲ့ ဝေါဟာရတွေ ဖြစ်တယ်။ လူမှုဆက်ဆံရေးအမြင်ကြတော့လည်း တန်းတူမရှိ၊ မြင့်တယ်ထင်ရင် ဖားတယ်၊ နိမ့်တယ်ထင်ရင် နှိမ်တယ်။ ဆရာတပည့်ထက်မက ကျွန်မွေးဖို့ လက်မနှေးသလို သခင်မွေးဖို့လည်း ဝန်မလေးဘူး။
ဒါကြောင့် ဒီလို ဗျူရိုကရက်ဉာဉ်နဲ့ လူစားတွေ ခေါင်းဆောင်နေရာ၊ အဆုံးဖြတ်နေရာရောက်လာရင် သက်ဆိုင်တဲ့ လူ့အဖွဲ့အစည်း၊ အဆောက်အဦ၊ လှုပ်ရှားမှု၊ တော်လှန်ရေးဆိုတာတွေ ပျက်စီးပြီး လမ်းကြောင်းပျောက်တော့တာပဲ။
(၈၈) က စခဲ့တဲ့ ကျုပ်တို့တော်လှန်ရေးမှာ ဘုရားကားအောက် မြောက်ကားအထက် ဆိုသလို ဗျိုရိုကရက်ဉာဉ်နဲ့ လူတွေက ခေါင်းဆောင်နေရာ အဆုံးအဖြတ်နေရာတွေမှာ အုပ်စီးထားလိုက်တာ တမိုးလုံး ဖျောက်ဆိပ်သူတို့ချည်းပဲ။ ဒီလိုနဲ့ (၈၈) နိုင်ငံရေး ဒီရေကြီးလဲ နှစ် (၂၀) ကျော်ကာလအတွင်းမှာ ရေစုန်မျော သွားခဲ့ရတယ်။ စစ်တမ်းပြုချက်တခုအရ ဒီမိုကရေစီ တပ်ဦးပါတီ အင်န်အယ်လ်ဒီ ခေါင်းဆောင်မှုရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းကျော်ဟာ အထက်ဖား အောက်ဖိ ဝတ်ကျေတန်းကျေ အကျင့်စွဲနေတဲ့ မဆလတွေဆိုပဲ။
တချို့ ရဲရင့် တက်ကြွတဲ့ ပါတီဝင်တွေ အဖမ်းခံထောင်ချ၊ တချို့ထောင်ထဲမှာ ရိုက်သတ်ခံရ၊ တချို့ပါတီက အထုတ် တောင်ခံရတဲ့ အခြေအနေမှာ ဒီ မလုပ် မရှုပ် မပြုတ်ဆိုတဲ့ မဆလဟောင်း ဗျူရိုကရက်တွေကတော့ စစ်အုပ်စုရဲ့ သက်တော်ရှည်ဘွဲ့ခံ အတိုက်အခံခေါင်းဆောင်ကြီးတွေ ဖြစ်လို့ပေါ့။
ဦးဝင်တင်ရဲ့ မေးမြန်းခန်းတခုမှာ ကြားလိုက်မိပါတယ်၊ ၂၀၀၇ သံဃာတွေ အုံကြွပြီး လမ်းမပေါ် ထွက်လာကြတော့ အယ်န်အယ်လ်ဒီ ခေါင်းဆောင်တွေ စည်းဝေးကြတယ်။ ဘာလုပ်မလဲ ဆွေးနွေးကြတယ်။ အခု အင်န်ဒီအက်ဖ်ခေါင်းဆောင် မဆလဟောင်း ကော့ကရိတ် (ဦး) သိန်းညွန့်က ဥပဒေနဲ့ ဆန့်ကျင်တယ်၊ ပတ်သက်လို့မဖြစ်ဘူးလို့ ပိတ်ပြီးပြောခဲ့တာနဲ့ ဘာ အရေးယူဆောင်ရွက်မှုမှမပါပဲ ပြီးဆုံးခဲ့တယ်လို့ ဆိုတယ်။ ဒီလိုနဲ့ အင်န်အယ်လ်ဒီပါတီဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်လာလိုက်၊ နိုင်ငံရေးတိုက်ပွဲတချို့ဖော်ပြီး လှုပ်လှုပ်ရှားရှားလေးဖြစ်လိုက်၊ ဒေါ်စုပြန်အဖမ်းခံရပြီး ငြိမ်သွားလိုက်နဲ့ ကြေငြာချက်တွေထုတ်တဲ့ စာကူးစက်တလုံး ဖြစ်သွားတော့တယ်။
အင်ဂျီအိုပယောက အပူးခံရတဲ့ ပြည်ပလှုပ်ရှားမှုကတော့ ပိုပြီး အခြေအနေဆိုးပါတယ်။ သူတို့ အပြောနဲ့ ပင်မရေစီး (Mean stream) ထဲက ဇာတ်ပျက် တော်လှန်ရေး ဗျူရိုကရက်တွေဟာ အင်ဂျီအိုဂုဏော အနန္တော ဂါထာကို နာနာရွတ်ပြီး ခေါင်းဆောင်မှုနေရာကို သိမ်းပိုက်၊ ဆူလွယ် နပ်လွယ် ပရောဂျက်တွေနဲ့ ငါးပွက်ရာ ငါးစာချရင်း အချိန်ဖြုန်းခဲ့တယ်။ လုပ်သင့်လုပ်ထိုက်တာထက် အင်ဂျီအိုအကြိုက် လုပ်လို့ရတာတွေနဲ့ပဲ ဝတ်ကြေတန်းကုန် လုပ်ကြတယ်။
ရှစ်လေးလုံးအရေးတော်ပုံကြီးလို နိုင်ငံရေးသက်သက်နဲ့ မရနိုင်လို့ စစ်ရေးနည်း လက်နက်ကိုင်ဖို့ ထွက်လာခဲ့ကြတာကို မေ့ချင်ယောင်ဆောင်ပြီး အင်ဂျီအိုအကြိုက် အကြမ်း မဖက်နိုင်ငံရေးဆိုတဲ့ ဖော်နည်းကားကြီးကို သုံးပြီး ရေသာခိုကြတယ်။ ကိုယ်ရေသာခိုတာကို ဒေါ်စုရဲ့ တိုက်ပွဲလမ်းစဉ်က အကြမ်း မဖက်နည်းဖြစ်လို့ ဒေါ်စုစကားကို နာခံသလိုလို ဖုံးကွယ် တတ်သေးတယ်။
ခေါင်းဆောင်ကြီးတယောက်ဆို လက်နက်ကိုင်လမ်းစဉ်အတွက် ပြင်ဆင်ဖို့ တိုက်တွန်းမိတဲ့သူကို အင်ဂျီအိုမကြိုက်လို့ မလုပ်နိုင်ဘူး ဗြောင်ငြင်းလွှတ်လိုက်သတဲ့။ အင်ဂျီအို ခိုင်းတာအကုန်လုပ်၊ အင်ဂျီအိုမကြိုက်တာ အကုန်ဖြုတ်။ တိုင်းပြည်အတွက် တော်လှန်ရေး အတွက် လိုအပ်တာ၊ မလိုအပ်တာ အကျိုးရှိတာ၊ မရှိတာ ဘေးချိတ်ပဲ။ ဒီလို ဖောက်လွဲ ဖောက်ပြန်အလုပ်တွေကို လုပ်နိုင်ဖို့်အတွက် တော်လှန်ရေးဇာတ်ပျက် ဗျူရိုက်ကရက်တွေ တူရာတူရာ စုဖွဲ့ကြတယ်။ ဝိုင်းကြီးချုပ်လုပ်ကြတယ်။
အမြီးကျက်စား ခေါင်းကျက်စား မလုပ်နိုင်ဘဲ မျိုးမတူ ဇာတ်ခြားလို့ကတော့ နိုင်ငံရေးကို ဘယ်လိုပေးဆပ်ပြီး ဘာတွေပဲ လုပ်ခဲ့လုပ်ခဲ့ အနားကပ်ဖို့မကြိုးစားနဲ့ ဝေးရာကရှားပဲ။ တော်လှန်ရေးနဲ့ မပတ်သက် နိုင်ငံရေးစိတ်မဝင်စားပေမဲ့ လက်ညှိုးထောင် ခေါင်းညိတ်တဲ့သူ၊ ပေးတာယူ ကျွေးတာစားပြီး ခိုင်းတာလုပ်မဲ့သူတွေကတော့ လာခဲ့စမ်း ဝဲလ်ကမ်းပဲ။ နိုင်ငံတကာက ပြည်ပတော်လှန်ရေး ခေါင်းဆောင်မှုဆိုတာ ဒီလိုချည်းပါပဲ။ ဒါကြောင့်လဲ ရန်သူ့သတင်းပေးတွေ အလွယ်တကူ ထိုးဖောက်နိုင်တာပေါ့။
နိုင်ငံအရေး၊ တော်လှန်ရေးကို လုပ်နေပေမဲ့ အဲဒီအထဲမှာ နိုင်ငံတော်သီချင်းကို မျက်ရည်ဝဲအောင် အူလှိုက်သဲလှိုက်ဆိုခဲ့ဖူးသူ ဘယ်နှယ်ယောက်ပါလဲ မပြောတတ်ဘူး။ သူတို့နိုင်ငံရေးက ကိုယ့်တွက်ချန်နိုင်ငံရေးပဲ။ တွက်ခြေမကိုက်ရင် ဘာမှ မလုပ်ဘူး။ ဒီတော့ ပြည်တွင်းအင်အားစုတွေ ဘယ်လောက် ပူလောင်ကြမ်းတမ်းတဲ့ နိုင်ငံရေးကို ရင်ဆိုင်နေရစေဦးတော့ သူတို့အတွက်တော့ နေသာသပ လေညှာကပဲ။ အခုတော့ ပြည်ပတော်လှန်ရေးရဲ့ ခေါင်းဆောင်မှုဆိုတာ လှေကြုံစီးတွေနဲ့ ဝန်ပိပြီး မရွေ့နိုင် တော့ဘူး။
အခုလို စစ်ကျွန်ဇာတ်သွင်းရေး စစ်အုပ်စုရဲ့ ကျိုးပမ်းမှုကို တိုက်ဖျက်ဖို့ ပြည်တွင်း ခေါင်းဆောင်တွေ အင်အားစုတွေက မီးကုန်ယမ်းကုန် လှုံ့ဆော်နေချိန်မှာ အနှီပြည်ပ ခေါင်းဆောင် ဆိုသူများက ဝတ္တရားကြေ ကြေငြာချက်ကလေးတွေ ထုတ်ပြီး ဘာမှ တက်တက် ကြွကြွ လုပ်တာ မတွေ့ရဘူး။ ငွေထုပ်ကြီးနဲ့ အင်ဂျီအို လေညွန်တံ ကုက္ကလံ ဘယ်အရပ်ကို ညွန်သလဲဆိုတာကိုပဲ အာရုံစိုက်နေကြတယ်။
တကယ်တမ်းတော့ နိုင်ငံတကာ မှာ ပြန့်ကျဲနေတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေကို ပြန်စုစည်းပြီး ဒေါ်အောင် ဆန်းစုကြည်နဲ့ ပြည်တွင်းခေါင်းဆောင်တွေ၊ အင်အားစုတွေရဲ့ သဘောထားကို နိုင်ငံတကာမှာ ကျယ်ပြန့်အောင် ဖြန့်ချီတာတွေ၊ စစ်ကျွန်ဖွဲ့စည်းပုံရဲ့ ဖောက်ပြန်မှုတွေကို ဖော်ထုတ်တာတွေ၊ အတုအယောင် ရွေးကောက်ပွဲရဲ့ မတရားမှုနဲ့ ဇာတိရုပ်တွေကို ဖွင့်ချတာတွေ ပြုလုပ်ပြီး စစ်အုပ်စုရဲ့ ရွေးကောက်ပွဲလွန်ကာလ မျှော်မှန်းချက်ဖြစ်တဲ့ နိုင်ငံတကာ အသိအမှတ်ပြုမှု နိုင်ငံရေး တရားဝင်ရေး ကြိုးပမ်းချက်ကို ကြိုတင်ဟန့်တား တိုက်ဖျက်ရမှာဖြစ်ပါတယ်။ အခုတော့ အဲဒီ့အလုပ်တွေကို ပြန့်ကျဲနေတဲ့ အင်အားစုတွေကပဲ ကိုယ့်ဒေသနဲ့ ကိုယ် တကွဲတပြား ဆောင်ရွက်နေကြရတယ်။
တဖက်မှာတော့ ခင်ဇော်ဝင်း၊ နေဝင်းမောင်၊ ဟန်ညောင်ရွှေ၊ ဆလိုင်းလျံမုန်းတို့လို အတွင်းအပြင်က ဖောက်ပြန်ရေးသမား တော်လှန်ရေးဗျူရိုကရက်တွေကတော့ နိုင်ငံတကာ လှည့်ပတ်ပြီး စစ်မိစ္ဆာတွေရဲ့ စစ်ဖိနပ်ကို လျှာနဲ့လျှက် အရောင်တင်ပေးနေကြတယ်။ သူတို့က အမေရိကား၊ ဂျပန်၊ ဥရောပ တဝှမ်းလှည့်လည်ပြီး အတုအယောင်ရွေးကောက်ပွဲ ထောက်ခံရေး စည်းရုံးနေကြတယ်။
သူတို့က မငြင်းသာလို့ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲ ဟာ ဒီမိုကရေစီစံနဲ့ကြည့်ရင် အဆင့်အတန်းမရှိတာ၊ မတရားတာကို ဝန်ခံတယ်။ ဒါပေမဲ့ ဒါဟာ ဗမာပြည်လက်ရှိပြဿနာအတွက် လက်တွေ့ကျတဲ့ အဖြေဖြစ်တဲ့အကြောင်း၊ ပထမဆုံး ခြေလှမ်းဖြစ်လို့ ရွေးကောက်ပွဲဟာ ဒီအဆန့်အတန်းလောက်နဲ့ပဲ သင့်တော်တဲ့အကြောင်း အရှက်မရှိ ပြည်သူကိုစော်ကား ဗြောင်လိမ်မဲဆွယ်နေကြတယ်။ ဒါကို အင်စီဂျီယူဘီတို့၊ အင်စီယူဘီတို့၊ ကုလကိုယ်စားလှယ်ကြီး သောင်းထွန်းတို့ ဘယ်ပျောက်ဘယ်ရောက်ပြီး ဘာကြောင့် ငြိမ်နေကြသလဲ။
ဟုတ်မဟုတ်တော့ မသိဘူး။ အင်ဂျီအိုနဲ့ နီးစပ်ပြီး ရွေးကောက်ပွဲဆန့်ကျင်ရေး ကြေငြာ ချက်ကလေးတွေထုတ်ထားတဲ့ အဖွဲ့အစည်း ခေါင်းဆောင်းတချို့ဆိုလည်း ပြည်တွင်းရွေး ကောက်ပွဲဝင်ကြမည့် ဖောက်ပြန်ရေးသမားတွေနဲ့ အစောကြီးထဲ လက်ဝါးရိုက်ထားကြတယ် ဆိုပဲ။ အင်န်အယ်လ်ဒီနဲ့ ကိုးဆယ်ခုအနိုင်ရ တိုင်းရင်းသားပါတီတွေက ပါတီတွေ မှတ်ပုံပြန် မတင် ရွေးကောက်ပွဲ ပြန်မဝင်ဘဲ သပိတ်မှောက်ကြလို့ အတော်အကြပ်ရိုက်သွား ကြတယ်ဆိုပဲ။
သူတို့မူလ အပေးအယူ ရွေးကောက်ပွဲဝင်ရေး ကျိတ်ပုန်းအစီအစဉ်တွေကို အသာချောင်ထိုးပြီး ထိုင်လက်စ ထိုင်ခိုင်တွေမှာ ဟန်မပျက် ဆက်မှေးနေကြဟန်တူပါရဲ့။ (Burma Fund) ဆိုတဲ့ စားဖားတို့ ပျော်စံရာ ရေကန်သာနဲ့ နီးစပ်သူတွေက ပိုပြီး တိတိကျကျ သိနိုင်လောက်ပါတယ်။ ခုမှပဲ လူကြီးသူမတွေပြောတဲ့ ကုန်သည်ပွဲစား အခွင့်အရေးသမား တွေမှာ ဘက်မရှိဘူး။ အကျိုးးစီးပွား ပဲရှိတယ် ဆိုတဲ့စကားကို ကောင်းကောင်းသဘောပေါက် တော့တယ်။ တဖက်က တဖက်ကို ပြောင်းဖို့လဲ ဝန်မလေး၊ ခြံစည်းရိုးခွထိုင် နှစ်ဖက်ခွတုတ်ဖို့ လည်း အဆင်သင့်ပဲ။
ဒါကြောင့် နယ်ခြားမဲ့သတင်းသမားတို့၊ ဆရာဝန်ဆေးသမားတို့ဆိုတာက စကားပဲရှိတယ်။ နယ်ခြားမဲ့ အခွင့်အရေးသမား အချောင်သမား (Opportunist Sans Frontier) ဆိုတာကမှ တကယ့်လက်တွေ့ ပကတိ။
ဗမာပြည်သူတွေကို ထာဝရကျွန်ဇာတ်သွင်းမဲ့ အတုအယောင်ရွေးကောက်ပွဲ သို့မဟုတ် ဒီမိုကရေစီ သင်းကွပ်ပွဲကို ထောင့်သုံးထောင့်ကနေ လှုံ့ဆော်စီမံနေတာ တွေ့ရတယ်။
အခုမှတကယ် သုံးပွင့်ဆိုင်နေကြပြီ။ အဲဒီမှာ မူလသုံးပွင့်ဆိုင် ဆရာကြီး ဟန်ညောင်ရွှေလည်း ပါတယ်ဆိုတာကတော့ ပြောစရာမလိုတဲ့ အချက်ပဲ။ ဗမာပြည်ပြဿနာ အဖြေရှာဖို့တော့ မဟုတ်ဘူး။ ဗမာပြည်သူတွေကို ကျွန်ဇာတ်သွင်းဖို့ပဲ ဖြစ်တယ်။
နံပါတ်တစ်က သမိုင်းတရားခံ မိစ္ဆာစစ်အုပ်စု
နောက်တစုက ပြည်တွင်းပြည်ပက တော်လှန်ရေးဗျူရိုကရက်တွေ
ပြီးတော့ တော်လှန်ရေးဗျူရိုကရက်တွေနောက်က ကြိုးဆွဲဆရာ အင်ဂျီအိုတွေ။
နအဖရွေးကောက်ပွဲကြောင့် စေတီမှတ် ကိုးကွယ်ခဲ့တဲ့တောင်ပို့တွေ ဖွတ်ထွက် ကုန်တယ်။ တချို့ကတော့ ဖွတ်မထွက်သေးပေမယ့် တောင်ပို့မှန်းတော့ ပေါ်လာပြီ။ တောင်ပို့မှန်း သိပေမဲ့လည်း တချို့က လာဒ်လာဘမျှော်ကိုးပြီး မီးထွန်း ရွှေချ ပူဇော်နေကြတုန်းပဲ။
တလောက ပုဂ္ဂိုလ်တယောက် အမည်မဖော်ပဲ အီးမေးလ်ကတဆင့် စာတစောင် ပို့လာတယ်။ စာက ဂျာမန်အင်ဂျီအို အက်ဖ်အီးအက်စ် (FES-Friedrich Ebert Stiftung-Foundation) နဲ့ ပတ်သက်တဲ့ စာဖြစ်နေတယ်။ သိပ်မကြာပါဘူး အဲဒီအင်ဂျီအိုကနေ ပြည်တွင်းက ဇာတ်ပျက် နေဝင်းမောင်တို့၊ ခင်ဇော်ဝင်း တို့နဲ့ အတုအယောင်ရွေးကောက်ပွဲတွက် ဘာလင်မှာ မဲဆွယ်ပွဲကြီးလုပ်တယ်။ နေဝင်းမောင် ကတော့ မလာတော့ဘူး။ ခင်ဇော်ဝင်းပဲ လာတယ်ကြားတယ်။ ဂျာမနီရောက် မျိုးချစ်တွေက ဆန္ဒပြကန့်ကွက်ကြတယ်လို့ ကြားလိုက်ရတယ်။ ဘရပ်ဆယ်မှာလည်း တပွဲထပ်လုပ် သေးတယ်ကြားတယ်။
အဲဒီစာ ဖတ်ကြည့်တော့မှ ဗမာ့ဒီမိုကရေစီ အရေးကို ထောက်ခံပါတယ် ဆိုတဲ့ အင်ဂျီအိုတွေနဲ့ ပြည်ပ ဒီမိုကရေစီခေါင်းဆောင် တံဆိပ် ကပ်ထားတဲ့ စားဖားတွေ စစ်အုပ်စုနဲ့ ပလူးပလဲ လုပ်နေတာ ၂၀၀၃/ ၂၀၀၄ ကတည်းက ဆိုတာ သိရတော့တယ်။ လက်စသတ်တော့ အဲဒီ့တုန်းက ဟန်ညောင်ရွှေတို့ ပြောနေတဲ့ စစ်မိစ္ဆာတွေကို ရန်သူလို့ မသုံးနှုန်းပါနဲ့ ဆွေးနွေးဘက်တွေလို့ သုံးနှုန်းဖို့ ပြောခဲ့တာ ဒါကြောင့်ပေကိုး။
ပြီးတော့ စစ်မိစ္ဆာတွေကို ရန်ငါစည်းပြတ် ရှုတ်ချတိုက်ပွဲဝင်နေသူတွေကို မရင့်ကျက် သူတွေလိုလို အဆင့်အတန်းနိမ့်တဲ့သူတွေလိုလို ကွန်မြူနစ် စစ်သွေးကြွတွေလိုလို ကဲ့ရဲ့ တတ်သေးတယ်။ အဲဒီလို ဝေဘန်ရင် စစ်အုပ်စုနဲ့ ယုံကြည်မှု တည်ဆောက်ဖို့ ခက်ခဲပြီး တော်လှန်ရေး အကျိုးစီးပွား ထိခိုက်သလိုလို ပြောတတ်ကြသေးတယ်။ ပါးနပ်ပိရိလိုက်တဲ့ ဓားပြ ဆယ်နှစ် လောက်ရှိမှ ကျောချခံရတာ သိရတော့တယ်။ သခင်စိုးကြီးစကားအတိုင်း ခပ်ကြမ်းကြမ်းလေး ပြောရရင် ဟန်ညောင်ရွှေတို့လို တော်လှန်ရေး ဗျူရိုကရက်တွေဟာ လူက လင်ကြီးနဲ့အတူ ခြင်ထောင်ထဲအတူရှိပေမယ့် လင်ငယ်အတွက် ဖင်ကို ခြင်ထောင် အပြင်ထုတ်ထားတာ ဆယ်နှစ်လောက်ရှိပြီးကိုး။
ကျနော်တို့မှာတော့ အမေရိကန်လွှတ်တော်တို့၊ အီးယူတို့က ဗမာ့အရေးအတွက် ဒေါ်လာဘယ်နှသန်း ချပေးလိုက်ပြီ၊ ယူရိုဘယ်နှသန်းချပေးလိုက်ပြီနဲ့ ကြားရတာ မစားရ ဝခမန်းပဲ။ ဒါပေမဲ့ အမေရိကန်နဲ့ ဥရောပအခွန်ထမ်း ပြည်သူတွေရဲ့ အလှူငွေတွေဟာ သူတို့ ရည်မှန်းတဲ့ ဗမာပြည်သူတွေရဲ့အကျိုးအတွက် ရောက်တာကနည်းနည်း အင်ဂျီအိုတွေနဲ့ တော်လှန်ရေးဗျူရိုကရက်တွေအတွက် ကုလားခပ်တဲ့ရေကုလားဖင်ဆေးတာက ခပ်များများပါ။
တိဗက်တွေရဲ့ အဝေးရောက်လှုပ်ရှာမှုတွေဟာ ၁၉၅၉ ခု ကတည်းက စခဲ့တယ်။ ဗမာ အဝေးရောက် လှုပ်ရှားမှုထက် အနှစ်သုံးဆယ်လောက်စောတယ်။ အင်ဂျီအိုနဲ့လည်း အစောကြီးကတည်းက ထိတွေ့ဆက်ဆံခဲ့သလို အတွေ့အကြုံလည်း ပိုများတယ်။ ကျနော့် မိတ်ဆွေ တိဗက်လူငယ်ဥက္ကဋ္ဌနဲ့ အတွေ့အကြုံ ဖလှယ်မိတဲ့အခါ သူက “ဒီကောင်တွေက နေရာတကာ ဆရာလုပ်ချင်တယ်၊ ငွေလေးမဖြစ်စလောက်ပေးပြီး ဟိုဟာခိုင်းချင်၊ ဒီဟာ ခိုင်းချင်။ ပိုဆိုးတာက တို့လူတွေ ခြစားပျက်စီးတာပဲ အဖတ်တင်ကျန်ခဲ့တယ်” လို့ အင်ဂျီအို တွေနဲ့ ပတ်သက်ပြီး ပြောခဲ့ဖူးတယ်။
ဖလှယ်မိသလောက် သူတို့အတွေ့အကြုံနဲ့ ကျုပ်တို့ အတွေ့အကြုံက သိပ်တော့ မကွာခြားလှဘူး။ သူတို့ကတော့ ဘုန်းတော်ကြီး ဒလိုင်းလာမားလို သြဇာပေါက် ခေါင်းဆောင်မှု၊ ပီပြင်တဲ့ အဖွဲ့အစည်းများနဲ့ စည်းလုံးပြီး တာဝန်သိတဲ့ အဝေးရောက်အမျိုးသား အစုအစည်း (Exile Community) ရှိတော့ နည်းနည်းတော့ ခံသာသေးတယ်။ သူတို့ခေါင်းဆောင်မှုကလည်း ဗမာတွေရဲ့ ခေါင်းဆောင်မှုလောက် အမျိုး သားရေးအမြင် မရော့ပါးဘူး၊ ဇာတိမာန်ချွတ်ချုံမကျဘူး။ ဒီတော့ သူတို့အခြေအနေက ဗမာတွေလောက် မဆိုးဘူး။ ပြီးတော့ အင်ဂျီအိုက ဗမာတွေကို ဆက်ဆံသလို မယားငယ် ပေးပေး မယားငယ်ကျင့်ကျင့်တာ သိပ်မခံရဘူး။
ဒါကြောင့် အမေရိကားရောက် မိတ်ဆွေတယောက်ကပြောတယ်။ ဒီမှာတော့ ကျုပ်တို့ ခေါင်းဆောင်တွေဆိုတာ ဥက္ကဋ္ဌဖြစ်ဖြစ်၊ ဝန်ကြီးဖြစ်ဖြစ်၊ အမတ်ဖြစ်ဖြစ် တော်လှန်ရေးဆိုတဲ့ ဆင်ဖြူတော်ကြီးကို ပြစားနေတဲ့ ဇာတ်မှာ ဆင်ကိုပိုင်ဖို့မပြောနဲ့ ဆင်ဦးစီးတောင် မဟုတ်ဘူး။ ဆင်အောက်ကနေ ရှေ့ပြေးလိုက်၊ နောက်ပြေးလိုက်နဲ့ လှံလေးတချောင်းကိုင်ပြီး ဆင်မောင်းပေးရတဲ့ ဆင်နောက်လိုက် ချွန်းကိုင် ပဲ့ချိတ်အဆင့်ပဲရှိတယ်။
ပြောလဲ ပြောလောက်စရာ။ ဒိုင်ယာလော့တို့၊ ဝင်းဝင်းစီကျူရေးရှင်းတို့၊ ရီဂျင်းချိန်းတို့ ဆိုတဲ့ တော်လှန် ရေးမဆန် ဖောက်ပြန်တဲ့ စကားလုံးတွေကို တွင်တွင်ကြီးပြောဟောနေကြတဲ့ ဟန်ညောင်ရွှေ၊ ဇော်ဦး၊ သန်းမြင့်ဦးနဲ့ လူတတ်လိုလို အားလုံးဟာ အဲဒီအင်ဂျီအိုတွေနဲ့ ပလဲနာမ သင့်တဲ့ လူတွေ ချည်းပဲ။ သူဆန်စားထားလို့ ရဲကြရလေသလား၊ ကြက်တူရွေးက တော်တော်ကို မယ်ဘော်ကပဲ ကဲလွန်းနေသလား။
ပြောမယ့်သာပြောရတယ် ဗမာပြည်အခြေအနေက ဒီအင်ဂျီအိုတွေနဲ့ တော်လှန်ရေးဗျူရိုကရက်တွေအတွက် နတ်ကြိုက်နဲ့ ဓာတ်တိုက် အကိုက် ဖြစ်နေတာ။ ချောက်ကျစရာရှိလည်း ဗမာပြည်နဲ့ ဗမာလူထုပဲ။ သူတို့အတွက်တော့ ဘာဖြစ်ဖြစ် အတွေ့ အကြုံတခုထက်မပို နေသာသပ လေညှာကပါပဲ။ ဆောရီးပါကွယ် ဝမ်းနည်းပါတယ် စကားတခွန်းဆိုရင် ပြီးရော။ ဒီတော့ ကိုယ့်ကိစ္စကိုယ့်အရေးကို ကိုယ့်အချင်းချင်းပဲ ဆွေးနွေးပြီး ကိုယ့်ဝန်ကိုယ်ထမ်း ကိုယ့်အားကိုယ်ကိုးရမဲ့ အချိန်ရောက်ပြီ။
ပြည်တွင်း ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ပုံပြင် လေးတွေနဲ့ ပြောတတ်တယ်။ ဆရာကြီးက ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကိုယ့်အချင်းချင်း သူမသာ ကိုယ်မနာ အဖြေရှာဖို့ ကိုယ့်ပြဿနာ ကိုယ်ရှင်းဖို့ သူတပါးကို မယုံဖို့ အမြဲ ပြောလေ့ရှိတယ်။ အဲဒါနဲ့ပတ်သက်တဲ့ ဆရာကြီးရဲ့ ပုံပြင်လေးတခုရှိတယ်။ အင်္ဂလိပ် တွေရဲ့ သန်လျင် တညင်က ကုန်တိုက်ကို ပြည်တွင်းရေး ဝင်စွက်လို့ ပိတ်ပစ်လိုက်တယ်။ ဘိုးတော် ဘုရားလက်ထက်ရောက်တော့ ဟိုင်းကြီးကျွန်းကို ငှားဖို့ အင်္ဂလိပ်တွေက ပြန်ကျိုးစားကြတယ်။
ဟိုင်းကြီးကျွန်းဆိုတာက လူသူမနေ သစ်ကြီးဝါးကြီးတွေနဲ့ ဗွက်တောကြီးဖြစ်တယ်။ ဒါကို တနှစ်ငွေတော်တသိန်း ပေးပြီးငှားဖို့ အင်္ဂလိပ်တွေက ကမ်းလှမ်းတယ်။ ဘိုးတော်ဘုရားကော၊ ကျန်တဲ့ မူးကြီးမတ်ရာတွေက လူသူမနေတဲ့ကျွန်းမို့ ငွေတော်တသိန်း အလကားရတာပဲ ဆိုပြီး ငှားချင်ကြတယ်။ ညီလာခံမှာ အားလုံးက သဘောတူကြတယ်။ ဒါပေမဲ့ အမတ်ကြီး ဦးပေါ်ဦး ကတော့ ဘာတခွန်းမှမပြောပဲ ဆိတ်ဆိတ်နေသတဲ့။
အကြောင်းသိခြင်းဖြစ်တဲ့ ဘိုးတော်ဘုရား က ဟဲ့ ပေါ်ဦး နင့်သဘောကရော ဘယ်လိုလဲလို့မေးတယ်။ ဦးပေါ်ဦးက လမ်းမှာကြားခဲ့တဲ့ ခလေးတွေဆိုနေတဲ့ တဘောင်သီချင်းကို ဆိုချင်တယ်လို့ဆိုတယ်။ ဟိုင်းကြီး ကျွန်းငှားဖို့ ကိစ္စပဲပြောစမ်းပါ၊ ဒီသီချင်းကနောက်မှဆိုစမ်းပါလို့ ပြောတယ်။ ဦးပေါ်ဦးက ဒီသီချင်းက ဟိုင်းကြီးကျွန်းကိစ္စနဲ့ ဆိုင်များဆိုင်မလားလို့ပါလို့ ဆက်လျှောက်တယ်။ ဘိုးတော် ဘုရားကလဲ ဒါဖြင့်ဆိုစမ်းပေါ့။
ဦးပေါ်ဦးက ဆိုပြတယ်။ ဘိုးတော်ဘုရားက အထပ်ထပ် ဆိုခိုင်းတယ်။ နောက်ဆုံးတော့ ဘိုးတော်ဘုရားက ပေါ်ဦးရယ် နင်ပြောချင်တာ ငါသဘော ပေါက်ပါပြီ။ ငွေလေးတသိန်းနဲ့ ရှုပ်ရှုပ်ယှက်ယှက်တွေ အဖြစ်မခံတော့ပါဘူး။ အဲဒီတော့ ဟိုင်းကြီးကျွန်းငှားရေး ကိစ္စလည်း ဖျက်သိမ်းလိုက်ကြတာပေါ့ ဆိုပြီးတော့ ညီလာခံ ရုတ်သိမ်းလိုက်တယ်။ ဟိုင်းကြီးကျွန်း ငှားရမ်းရေးကိစ္စလည်း ဖျက်သိမ်းလိုက်တယ်။ ဦးပေါ်ဦးဆိုပြတဲ့ တဘောင်သီချင်းလေးက “ပြုံးပြုံး ပြုံးပြုံးနဲ့ ပါးမုန်းနဲ့ဟိုလူ၊ ဆေးတံနဲ့ချော့ ငေါ့မယ်လို့မြူ” တဲ့။
ဆက်ဖတ်ရန် . . . .
Monday, October 11, 2010
ဗာလနံစစ်မိစ္ဆာ နအဖ၊ ဇာတ်ပျက်တော်လှန်ရေး ဗျိုရိုကရက်၊ ပြီးတော့ ပြုံးပြုံး ပြုံးပြုံးနဲ့ ပါးမုန်းနဲ့ ဟိုလူ
Wednesday, September 22, 2010
သမ္ဖပလ္လာပ စာနယ်ဇင်းသမားများ (လူထုစိန်ဝင်း)
ဂျာနယ်တစ်ဒါဇင်လောက်မှာ အပတ်စဉ်ပုံမှန်စာတွေရေးဖြစ်နေတာကြောင့် စာဖတ်ပရိသတ်အမျိုးမျိုးဆီက ဖုန်းဆက်တာတွေ စာရေးတာတွေ အမြဲလိုလို လက်ခံရရှိလေ့ရှိတယ်။ တချို့ကအားပေးတယ်။ တချို့က ဝေဖန်ထောက်ပြတယ်။ တချို့ကတိုင်တမ်းတယ်။ တချို့ကတိုင်ပင်တယ်။ တချို့ကရင်ဖွင့်တယ်။ အမျိုးစုံပါပဲ။
အပြုသဘောဝေဖန်သုံးသပ်
ဒီအထဲမှာဂျာနယ်တွေနဲ့ပတ်သက်ပြီး အားမလိုအားမရဖြစ်လို့၊ မကြိုက်လို့၊ စိတ်ပျက်လို့ ပြောပါဦး၊ ရေးပါဦးလို့ တိုက်တွန်းတဲ့စာမျိုးတွေက အများဆုံးပါပဲ။ အတတ်နိုင်ဆုံး တာဝန်ကျေအောင် ရေးခဲ့ပါတယ်။ စာနယ်ဇင်းသမားဆိုတာ အမြင်မတော်တာ၊ အကြားမတော်တာမှန်သမျှ၊ တိမ်းစောင်းနေတာမှန်သမျှ အပြုသဘော ဝေဖန်သုံးသပ်တင်ပြရမြဲဖြစ်တဲ့အတိုင်း မော်ဒယ်မိန်းကလေးတွေ ၀တ်စားဆင်ယင်ပုံ လျှပ်ပေါ်လော်လီတာကအစ၊ ၀န်ထမ်းကြီးငယ်တွေ အကျင့်ပျက်တာမျိုးအလယ်၊ လူတိုင်းလိုလို သိက္ခာကိုရိက္ခာနဲ့ လဲပစ်နေကြတာမျိုးအဆုံး ကြိမ်ဖန်များစွာ ရေးခဲ့ပါတယ်။ ဒီအထဲမှာ ကိုယ့်တာကိုယ်လုံအောင်လုပ်ဖို့အတွက် စာနယ်ဇင်းသမားများ လိုက်နာစောင့်ထိန်းရမယ့် ကျင့်ဝတ်တွေအကြောင်းရေးခဲ့တာက အများဆုံးဖြစ်ပါတယ်။
သမ္ဖပလ္လာပဂျာနယ်လစ်
ကျင့်ဝတ်အကြောင်း ရေးလွန်းအားကြီးလို့ ပွဲတကာလည်တက်ပြီး လက်ဆောင်ယူသူတွေ၊ ဂျာနယ်တွေကိုခုတုံးလုပ်ပြီး ကိုယ့်ကိုယ်ကိုလူရာဝင်အောင် လုပ်သူတွေနဲ့ ကြော်ငြာဆောင်းပါးရေးပြီး ပိုက်ဆံရှာသူတွေ စတဲ့စတဲ့ အသိမ်အဖျင်းရေးသူ 'သမ္ဖပလ္လာပဂျာနယ်လစ်'များက ကွယ်ရာမှာ အောက်ကလိအာပြောကြတာတွေလည်း အများကြီးပြန်ကြားရပါတယ်။ ဒါပေမဲ့လည်း အရေးလျှော့လို့ မဖြစ်ဘူး။ စာနယ်ဇင်းဆိုတာ စတုတ္ထမဏ္ဍိုင် ဖြစ်တယ်ဆိုတော့ တည့်မတ်ဖို့အရေးကြီးတယ်။ ခြစားလောက်ကိုက်လို့လည်း မဖြစ်ဘူး။ ခြတွေလောက်တွေ မကပ်နိုင်အောင်တားဆီးကာကွယ်ရမယ်။ လက်နှီးစုတ်ကို အိမ်ပြင်ထုတ်လှန်းသလို ဖြစ်လည်းမတတ်နိုင်ဘူး။ ရှက်တော့ရှက်တာပေါ့။
ဖန်တရာတေနေပြီ
စာဖတ်ပရိသတ်တွေကတောင် ပြောလာရတာဆိုတော့ ပိုပြီးရှက်စရာကောင်းတယ်။ အကြိမ်ကြိမ်ရေးခဲ့တာ 'ဖန်တစ်ရာတေ' နေပြီဖြစ်ပေမယ့်လည်း စာဖတ်သူများကရေးစေ၊ ပြောစေချင်တော့ ရေးရပါဦးမယ်။ အခုမှ ဂျာနယ်လောကထဲလှမ်းဝင်ဖို့ ကြံရွယ်တဲ့လူငယ်လေးတွေ ဆင်ခြင်နိုင်ကြစေဖို့ဖြစ်တယ်။ အံတိုနေပြီဖြစ်တဲ့ 'သမ္ဖပလ္လာပဂျာနယ်လစ်' များမဖတ်ဘဲ ကျော်လွှားသွားကြပါလိမ့်မယ်။
အများဆုံးညည်းညူသံ
စာဖတ်သူများရဲ့ အများဆုံးညည်းညူသံကတော့ သတ်ပုံမှားတာနဲ့ စာအကျအပေါက်မှားတာတွေဖြစ်တယ်။ ၀ါကျတစ်ခုမဆုံးခင် စာကြောင်းကပြတ်သွားပျောက်သွားတော့ အဓိပ္ပာယ်ဆက်စပ်မရဘဲ ဖြစ်တာကို သူတို့တော်တော်စိတ်ပျက်ကြတယ်။ တစ်ခါတလေ စာပိုဒ်တစ်ပိုဒ်လုံးကျန်ခဲ့လို့ စာရေးသူဘာပြောမှန်း မသိလိုက်ရဘူးလို့ဆိုကြတယ်။ တချို့ကညွှန်းတဲ့စာမျက်နှာမှာ အဆက်ကိုရှာမရတာလည်း စိတ်မရှည်ကြဘူး။ တချို့က စာမျက်နှာနံပါတ်ထိုးတာ မထင်မရှားဖြစ်နေတာကို မကြိုက်ကြဘူး။ ကာတွန်းတွေမှာပါတဲ့ စာကသတ်ပုံမှားနေတာကိုတော့ အများဆုံးထောက်ပြကြတယ်။ ကာတွန်းဆိုတော့ ပိုပြီးသိသာထင်ရှားနေတာကိုး။
သတ်ပုံလေးတောင် မယုံရတော့
ဒီအချက်တွေအားလုံး အမှန်တွေချည်းပါပဲ။ ရှေးကဆိုရင် ကလေးတွေ သတ်ပုံမသိလို့မေးတဲ့အခါ နီးရာသတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတစ်စောင်ဆွဲယူပြီး "အဲဒီထဲမှာရှာကြည့်" လို့ပြောလိုက်ရုံပဲ။ အဲဒီလောက်အထိကို စာဖတ်ပရိသတ်က ယုံကြည်စိတ်ချထားကြတာ။ ခုခေတ်တော့ သတ်ပုံလေးတစ်ခုတောင်မှ စိတ်ချလက်ချယုံကြည်လို့ရတဲ့ စာနယ်ဇင်းတစ်ခုမှကိုမရှိတော့ဘူးလို့ပြောရင် လွန်မယ်မထင်ဘူး။ နောက်ပြီး ကလေးတွေကို တောင်းရမ်းစားသောက်ခိုင်းတဲ့ သတင်းဖော်ပြရာမှာ ကလေးငယ်တွေရဲ့ဓာတ်ပုံကို ထင်ထင်ရှားရှားကြီး ဖော်ပြတာကိုလည်း စာဖတ်သူများက ထောက်ပြဝေဖန်ကြတယ်။ ဂျာနယ်လစ်ဆိုပြီးတော့ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဥပဒေကို မသိရကောင်းလားလို့ အပြစ်တင်ကြတယ်။ ဒါလည်းမှန်တယ်။ မှုခင်းသတင်းတွေ ဖော်ပြရာမှာ ကလေးသူငယ်ဆိုင်ရာသတင်း၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ ဂုဏ်သရေကိုထိခိုက်နစ်နာသွားစေတဲ့ သတင်းနဲ့ တရားရုံးကို မထေမဲ့မြင်ပြုရာရောက်တဲ့ ရေးသားမှုမျိုးကို သတင်းထောက်နဲ့အယ်ဒီတာတိုင်း သိရှိနားလည်ထားဖို့လိုအပ်ပါတယ်။ ဒီခေတ်မှာ ဒီသုံးချက်နဲ့လွတ်ကင်းအောင် မရေးတတ်ကြတာများတယ်။ မှုခင်းဂျာနယ်မဂ္ဂဇင်းတွေက အဆိုးဆုံးဖြစ်တယ်။ အထူးသဖြင့် ရဲအမှုထမ်းတွေနဲ့ အငြိမ်းစားရဲအမှုထမ်းတွေရေးတဲ့ သတင်းဆောင်းပါးမှန်သမျှဟာ တစ်ဖတ်သတ်ရဲအမြင်နဲ့ ရေးသားလေ့ရှိပြီး ရုံးတော်ကစီရင်ချက်မချမီကတည်းက စွပ်စွဲခံရသူများကို ပြစ်မှုကျူးလွန်သူအဖြစ် ကြိုတင်သတ်မှတ်ပြီးဖြစ်ကြတာကို တွေ့ရတယ်။
ရဲကစွပ်စွဲသူသာဖြစ်တယ်
ရဲအလုပ်က ပြစ်မှုကိုခိုင်လုံအောင်တည်ဆောက်ပြီး ရုံးတင်တရားစွဲဖို့ဖြစ်တယ်။ တရားစွဲတင်ခံရသူဟာ ရဲကတရားခံအဖြစ်စွဲတင်သူသာဖြစ်တယ်။ အမှန်တကယ်ပြစ်မှုကျူးလွန်သူ ဟုတ်၊ မဟုတ် တတ်အပ်သေချာ ဘယ်သူမှမပြောနိုင်သေးဘူး။ သက်သေအထောက်အထားခိုင်လုံလို့ ရုံးတော်ကအပြစ်ရှိကြောင်းစီရင်ချက်ချပြီးမှသာ အပြစ်ရှိတယ်လို့ ပြောနိုင်တာဖြစ်တယ်။ ဒါတောင်အောက်ရုံးအဆင့်ဆင့်က အပြစ်ရှိတယ်လို့ ဆုံးဖြတ်ထားခဲ့ပေမယ့် အမြင့်ဆုံးရုံးတော်က အယူခံမှာကွင်းလုံးကျွတ်လွှတ်ပေးလိုက်တာမျိုးတွေ ရှိတတ်သေးတယ်ဆိုတာ သိထားရမယ်။
ပေါ့ပေါ့သဘောထားတဲ့ကိစ္စများ
စာဖတ်ပရိသတ်များကမသိကြလို့ ပြောတဲ့ရေးတဲ့အထဲမှာမပါပေမယ့် ခုခေတ်ဂျာနယ်သမားတွေ ပေါ့ပေါ့သဘောထားပြီး မှားတတ်ကြတာတွေလည်း ထောက်ပြချင်တယ်။ ပထမတစ်ချက်ကတော့ စာရေးသူတစ်ယောက် ရေးတဲ့စာကို ဂျာနယ်အယ်ဒီတာကလွဲပြီး တခြားသူကိုဂျာနယ်ထဲမပါခင်မှာ ပေးဖတ်တဲ့အလေ့ဖြစ်တယ်။ (စာပေစိစစ်ရေးကို ၀တ္တရားအရပေးဖတ်ရတာက သီးခြားကိစ္စပါ)။ ဥပမာ လူထုစိန်ဝင်းနာမည်နဲ့ရေးခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်ပါ အယူအဆတစ်ရပ်ကို တခြားစာရေးသူတစ်ဦးက စောဒကတက်တာ၊ ကန့်ကွက်ချေပတာလုပ်ဖို့ ရေးလိုက်တဲ့ဆောင်းပါးကို လူထုစိန်ဝင်းကို လာပြတာမျိုးဖြစ်တယ်။ ဒါမျိုးက လုံးဝမလုပ်အပ်တဲ့ကိစ္စဖြစ်တယ်။ အဲဒီဆောင်းပါးကို ဂျာနယ်ရဲ့ပေါ်လစီနဲ့ ညီ၊ မညီသုံးသပ်ပြီး အယ်ဒီတာက ထည့်လိုကထည့်နိုင်တယ်။ ပယ်လိုက ပယ်နိုင်တယ်။ တခြားသူများကို မပြရပါဘူး။
မဖြစ်မနေထည့်ရတဲ့ကိစ္စ
စာတစ်ပုဒ်ဂျာနယ်မှာထည့်ခြင်း၊ မထည့်ခြင်းဟာ ဂျာနယ်ရဲ့ပေါ်လစီနဲ့ ညီ၊ မညီဆိုတဲ့ အချက်နဲ့ပဲဆုံးဖြတ်ရတယ်။ ဗဟုခေတ်မို့ ကိုယ့်ပေါ်လစီနဲ့ ဆန့်ကျင်တဲ့အယူအဆကို ထည့်ရမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်မရှိဘူး။ ဂျာနယ်က ၀တ္တရားအရ မထည့်မနေထည့်ပေးရမယ့် စာကတစ်မျိုးပဲရှိတယ်။ သတင်းဆောင်းပါးပါ အချက်အလက်မှားယွင်းတဲ့အတွက် မှားယွင်းဖော်ပြခံရသူက အထောက်အထားခိုင်ခိုင်လုံလုံနဲ့ တင်ပြတာမျိုးဆိုရင် အယ်ဒီတာအဖွဲ့က သီးခြားအတည်ပြုချက်ပြုလုပ်ပြီး မှားယွင်းကြောင်းသေချာပါက ပြင်ဆင်ချက်နဲ့ မှားယွင်းဖော်ပြခံရသူကို တောင်းပန်ချက်ကို သိသာထင်ရှားစွာဖော်ပြပေးရခြင်းဖြစ်တယ်။ အမှားပါတဲ့ သတင်း၊ ဆောင်းပါးကို ပြူးတူးပြဲတဲဖော်ပြထားခဲ့ပြီး အမှားပြင်ဆင်ချက်နဲ့ တောင်းပန်ချက်ကျတော့ မသိမသာ၊ မထင်မရှား ဖော်ပြထားတာမျိုး လုံးဝမလုပ်သင့်ဘူး။
ဗိုက်အငှားနဲ့ ဓားထိုးခံ
နောက်မလုပ်သင့်တဲ့ အချက်တစ်ခုကတော့ ဂျာနယ်မဂ္ဂဇင်းတစ်စောင်ကို နာမည်တပ်ပြီးဆန့်ကျင်ဝေဖန်တဲ့ (တစ်ခါတရံပုတ်ခတ်တိုက်ခိုက်တဲ့) စာမျိုးကိုကိုယ့်ဂျာနယ်မှာ ထည့်ပေးတာမျိုးဖြစ်တယ်။ ဒါမျိုးက 'ဗိုက်အငှားနဲ့ဓားထိုးခံသလို' ဖြစ်ရုံမက စာနယ်ဇင်းအချင်းချင်းစည်းမစောင့်ရာလည်း ရောက်တယ်။ နောက်တစ်ချက်ကတော့ ရိုက်မစစ်ရဘဲနဲ့ ကလောင်နာမည်ကို အလွယ်တကူ ဖွင့်ဟပြောကြားမှုမျိုးဖြစ်တယ်။ မြန်မာစာရေးဆရာအများစုဟာ 'ကလောင်အမည်' တစ်ခုခုခံယူပြီး စာရေးလေ့ရှိကြတယ်။ တချို့ကလောင်နာမည်တွေ အများကြီးထားပြီးရေးကြတယ်။ သူ့အကြောင်းနဲ့သူ အမျိုးမျိုးရှိကြတယ်။ တချို့ကလူမသိစေချင်လို့ ကလောင်နာမည်ခွဲပြီး ရေးတာမျိုးလည်းရှိတယ်။
အယ်ဒီတာဆိုတာ နှုတ်စောင့်စည်းရတယ်
ဒီလိုလူမသိစေချင်လို့ နာမည်ဝှက်နဲ့ရေးနေတာကို အယ်ဒီတာတွေက ခပ်လွယ်လွယ်၊ ခပ်ပေါ့ပေါ့နဲ့ လူရှေ့သူရှေ့မှာ ထုတ်ပြောလေ့ရှိကြတယ်။ ဒါဟာ အယ်ဒီတာတစ်ယောက် စောင့်ထိန်းရမယ့် ကျင့်ဝတ်စည်းကမ်းကိုဂရုမစိုက်၊ အလေးမထားရာရောက်ပါတယ်။ အထူးသဖြင့် ဝေဖန်ရေးစာမျိုးရေးတဲ့အခါ ရေးသူများဟာသူတို့ရေးမှန်း လူမသိစေချင်ကြပါဘူး။ ဒါကို အယ်ဒီတာက နှုတ်စောင့်စည်းရပါတယ်။ အဲဒီစာရေးတာ ဘယ်သူလဲလို့မေးသူကလည်း မမေးအပ်ပါဘူး။ စာရေးသူ အချင်းချင်း စောင့်ထိန်းအပ်တဲ့ကျင့်ဝတ်မျိုးပါ။
မြောင်းထဲရောက်ပြီမှတ်
ဂျာနယ်မဂ္ဂဇင်းသမားတစ်ယောက်ကိုသွားပြီး "စောင်ရေဘယ်လောက်ရှိသလဲ" ဆိုတဲ့မေးခွန်းမျိုးလည်း မမေးအပ်ဘူး။ သူတို့ဟာ သူတို့ပြောချင်ပြောပါစေ။ ကိုယ်ကတော့ မမေးအပ်ပါဘူး။ ဒါမျိုးကို လုပ်ငန်းလျှို့ဝှက်ချက် (Trade Secret)လို့ခေါ်ပါတယ်။ ဒီလိုကိစ္စမျိုးတွေက စာနယ်ဇင်းပညာ စာအုပ်ကြီးတွေထဲမှာ ဘယ်ပါမှာလဲ။ လူကြီးသူမတွေက လုပ်ရင်းကိုင်ရင်း လူငယ်တွေကို နှုတ်ကပြောကြ၊ ဆုံးမသွားကြတာပါ။ အခုခေတ်တော့ အဲဒီလိုဆုံးမသွန်သင်မယ့် လူကြီးသူမတွေရှိကြတော့တာ မဟုတ်လေတော့ လူငယ်လေးတွေမှာ စမ်းတ၀ါးဝါးနဲ့ မှားပြီးရင်းမှားနေကြတာတွေ့နေရတယ်။ လွန်ကဲလာတဲ့အခါ စာဖတ်ပရိသတ် မျက်စိဆံပင်မွေးစူးစရာဖြစ်လာတယ်။ အဲဒီကတစ်ဆင့်တက်ပြီး မျက်စိနောက်လာပြီဆိုရင်တော့ မြောင်းထဲရောက်သွားပြီသာမှတ်ပေတော့။
ဆက်ဖတ်ရန် . . . .
ဗမာ့ခေတ်၊ ကြေးမုံမှ ခေတ်ပြိုင်သို့...အပိုင်း(၂)
မင်းဆွေသစ် / ၁၂ မေ ၂၀၀၈
(က)
“ဂျာနယ်မှ သတင်းစာသို့”
၁၉၅၆ ခုနှစ်၊ အောက်တိုဘာ (၂၂) ရက်။
ဗမာ့ခေတ်သတင်းစာ တာဝန်ခံအယ်ဒီတာအဖြစ်မှ နုတ်ထွက်ခဲ့ပြီး သူသည် ကြေးမုံဂျာနယ်အား ၁၉၅၆ ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်နေ့တွင် စတင်ထုတ်ဝေ၏။ အပတ်စဉ်ထုတ်သည့် ဂျာနယ်ဖြစ်သည်။ ဂျာနယ်က အပတ်စဉ်စောင်ရေ (၄,၅၀၀) ခန့်သာ ကုန်သည်။ မမြတ်သည့် အပြင် အနည်းငယ်ပင် ရှုံးသေးသည်။ ထိုစဉ်က ဂျာနယ်များသည် မဂ္ဂဇင်းနှင့် သတင်းစာများ အကြား၌ ညှပ်နေ၏။ (၅) လခန့် ထုတ်ပြီးနောက် ကြေးမုံဂျာနယ်အား ရပ်၍ ကြေးမုံသတင်းစာ အဖြစ်ထုတ်ရန် သူ ဆုံးဖြတ်လိုက်ရ၏။
ကြေးမုံသတင်းစာက တဦးတည်းပိုင် သတင်းစာမဟုတ်။ အစုစပ်ပိုင် သတင်းစာအဖြစ် ထုတ်ဝေ
၏။ ဦးပွင့်ကောင်း၊ မွန်စံလှိုင် တို့လည်း အစုရှယ်ယာပါဝင်ကြ၏။ (ဦး)ခင်မောင်ရီ၊ ဦးသော်၊ ဆရာ
ဇ၀နတို့က ကြေးမုံတွင် ကိုယ်တိုင်လည်း လုပ်ကြပြီး ရှယ်ယာလည်း ပါဝင်ကြသည်။ ပင်တိုင် ဆောင်းပါးရှင်များအဖြစ် ဒေါက်တာအေးမောင်၊ ရွှေဥဒေါင်း၊ ဇ၀န၊ မောင်ထင်၊ သိန်းဖေမြင့်၊ တက်တိုး၊ တင့်တယ်၊ မာလာ၊ သန်းဆွေ၊ သာဂဒိုးတို့ ရေးကြ၏။ ဆရာသုခက အပတ်စဉ် ၀တ္တုတို ရေး၏။ ကာတွန်းရုပ်ပြောင်များအား ကာတွန်းဦးဖေသိန်းနှင့် ဦးသန်းကြွယ်တို့က ဆွဲ၏။
၁၉၅၇ ခုနှစ် ဧပြီလ (၁၇) ရက်နေ့တွင် ကြေးမုံသတင်းစာအား သူ ဦးစီး၍ စတင်ထုတ်၏။
(ခ)
“ဒုတိယမယားအလိုရှိသည်”
၁၉၅၇ ခုနှစ်၊ မတ်လ။
၁၉၅၇ ခုနှစ် ဧပြီလ (၁၇) ရက်နေ့တွင် သူသည် ကြေးမုံသတင်းစာအား ဦးစီး၍ စတင်ထုတ်ဝေ၏။ ထိုစဉ်က ကြေးမုံတွင် သူပင် အယ်ဒီတာ၊ သူပင် သတင်းထောက်၊ သူပင် ဓာတ်ပုံဆရာ၊ သူပင် မန်နေဂျာ၊ သူပင် ထုတ်ပိုးသူ။ တဦးတည်း သေတ္တာမှောက် လုပ်နေရသည်။ ထိုစဉ်က သူ့အသက် သည် (၃၁) နှစ်ခန့်သာ ရှိသေး၏။
ကြေးမုံထွက်ပြီး တလခန့် တွင် ရန်ကုန်ထုတ်သတင်းစာများ၌ ထူးဆန်းသော ကြော်ငြာတပုဒ်ပါ လာ၏။
“ဒုတိယမယားအလိုရှိသည်”
ကြော်ညာက “သူ့၌ မယားရှိပါသည်။ သို့သော်လည်း ကျန်းမာရေးအခြေအနေအရ ဒုတိယ မယား လိုအပ်ပါသည်။ ဒုတိယမယားအဖြစ် ဖူးစာဆုံလိုသူများ တာမွေစာတိုက်မှတဆင့် “ဖူးစာရှင်” သို့ဟု စာရေးဆက်သွယ်ကြပါ”
ဤကြော်ငြာအား လူအများ စိတ်ဝင်စားကြ၏။ ထို့အတူ ကြေးမုံ၏ သေတ္တာမှောက် “သူ”လည်း စိတ်ဝင်စား၏။ သို့ဖြင့် သတင်းအစအားလိုက်၏။
ကြော်ငြာရှင်က မြန်မာအေးဆေးတိုက်ပိုင်ရှင် “ဆေးဦးအေးမောင်” ဖြစ်သည်။ နောက်နေ့ မျက်နှာ ဖုံးသတင်းအတွက် သူသည် ဓာတ်ပုံဆရာ ကိုရွှေမောင်အား ခေါ်၍ ရေကျော်ရှိ ဦးအေးမောင် တိုက်သို့ သွား၏။ ဦးအေးမောင်နှင့် တွေ့၏။ မေးမြန်း၏။ ဓာတ်ပုံရိုက်၏။ လျှောက်လွှာတင်သည့် ဖူးစာရှင် စာများအား ကြည့်၏။
အားလုံးပြီးစီးပြီးနောက် သူတို့ ကြေးမုံတိုက်သို့ ပြန်ခဲ့ကြ၏။ ကြေးမုံအဖို့ မျက်နှာဖုံးသတင်းထူး တပုဒ်ရပြီ။ သတင်းစာဖတ်သူများအဖို့ ရွှင်ပြုံးဖွယ် ဟာသဆန်သောသတင်း။ ပြီးလျှင် အညှီ အဟောက် အနံ့များလည်း ပါသေး၏။ ထိုစဉ်က ဗမာ့ခေတ်တွင် ၃-၄ လ ရေးခဲ့ရသော “သာဗိန္ဒ” သတင်းကြီးကဲ့သို့ ကြေးမုံသည်လည်း ဤသတင်းအား ဝေေ၀ဆာဆာ အခန်းဆက်ရေးနိုင်မည်။
ဤအတွေးနှင့် သူတို့နှစ်ယောက် ပျော်၏။ တိုက်သို့ရောက်ပြီး ဓာတ်ပုံများအား ဆေး၏။ ဓာတ်ပုံ များမှာလည်း ကောင်းလှ၏။
နောက်တနေ့ ကြေးမုံတွင် ဝေေ၀ဆာဆာပါတော့မည်။ ကြေးမုံတစောင်တည်းကိုယ်ပိုင် “ထူးဦး” သတင်းအဖြစ် ဖော်ပြနိုင်ပေတော့မည်။ အတွေးဖြင့် ပီတိဖြစ်နေမိ၏။
ညနေ (၅) နာရီခန့်တွင် “ထွန်း” နေ့စဉ်သတင်းစာမှ သတင်းထောက် ကိုတင်မောင်ကြီးမှ သူထံသို့ တယ်လီဖုန်းဆက်ပြီး “ယိ” ၏။
“ဟေ့ကောင် မင်းက ကြိတ်ပြီး ကြံသွားတာကိုးကွ” ပြောပြီး ဖုန်းချသွား၏။
သူသိလိုက်ပြီ။ ကြေးမုံ၏ “ထူးဦး” သတင်းအား ထွန်းနေ့စဉ်မှလည်း ရသွားပြီ။ သူ၏ “ထူးဦး” သတင်းကြီးသည် ထွန်းနေ့စဉ်တွင်လည်းပါလာမည်။ ဤသို့ဆိုလျှင်...ကြေးမုံ၏ “ထူးဦး” သတင်းသည် “ထူးဦး” မဖြစ်တော့... သာမန်သတင်းမျှသာ ဖြစ်ပေတော့မည်။ တောက် ....။ ဒီသတင်း ထွန်းနေ့စဉ်မှာ မပါစေရဘူး။ ကြေးမုံတစောင်တည်းမှာပဲ ပါရမယ်။ သူဆုံးဖြတ်ချက်ချ၏။ ပြီးလျှင် ကြေးမုံနှင့် ထွန်းနေ့စဉ် သတင်းစာတိုက်တို့၌ အလုပ်လုပ်နေသည့် စက်ဆရာ တဦးအား စေခိုင်း၏။
“ထွန်းနေ့စဉ်ရဲ့ မျက်နှာဖုံးဖောင်ကိုဖြိုကွာ...”
(ဂ)
စိန်ဓားမြှောင်
၁၉၅၇ ခုနှစ်၊ ဇွန်လ...။
ဇွန်လ (၄) ရက်နေ့တွင် ရန်ကုန်မြို့လယ် ဗိုလ်ချုပ်လမ်း၌ ဆေးလိပ်ခုံပိုင်ရှင်သူဌေး ဒေါ်စိန်ညွန့် အိမ်အား ဓားပြတိုက်၏။ စိန်၊ ရွှေ၊ ငွေ (၆) သိန်းကျော်ဖိုးမျှ ပါသွား၏။
နေရာက ရန်ကုန်မြို့လယ်။ တန်ဖိုးက များ၏။ တိုက်ပုံက ပိရိသေသပ်သည်။ ထိုအချိန်၌ ဓားပြ တိုက်မှုသတင်းသည် သတင်းကြီးဖြစ်၍နေသည်။
ရဲတို့က ဓားပြဗိုလ်အား ဇွန်လ (၉) ရက်နေ့တွင်ပင်ဖမ်းမိခဲ့၏။ ဓားပြဗိုလ်က “စိန်ဓားမြှောင်” ဖြစ် သည်။ စိန်ဓားမြှောင်က နာမည်ကြီး ဓားပြဗိုလ်ဖြစ်သည်။ ရသေ့ကြီး ဦးခန္တီ၏ မန္တလေးတောင် အလှူငွေတိုက်အား ဓားပြတိုက်မှုမှ စ၍ ဓားမြမှုပေါင်းများစွာအား ကျူးလွန်ခဲ့သူ...။
ဤသတင်းအား သတင်းစာများက ဖော်ပြကြ၏။ ကြေးမုံသည်လည်း ဤသတင်းအား ဖော်ပြမည်။ သို့သော်... သတင်းဓာတ်ပုံနှင့် ဖော်ပြလို၏။ သို့နှင့်ရဲများကို စိန်ဓားမြှောင်၏ ဓာတ်ပုံတောင်း၏။ မရ...။
သူ...စဉ်းစားကြံဆရပြီ။
“စိန်ဓားမြှောင်” က ဓားပြဗိုလ် မဖြစ်မီ ဆေးဆရာ ဆရာသိန်းဖြစ်ခဲ့၏။ ဆေးဆရာအဖွဲ့တွင် ဆရာ သိန်း၏ဓာတ်ပုံ ရှိနိုင်မည်။
သူ... ရေကျော်ရှိ ဆေးဆရာအဖွဲ့သို့ သွားပြီး ဆရာသိန်း၏ ပုံအား ရှာ၏။ မတွေ့ခဲ့....။ ဆေးဆရာ အဖွဲ့က သူ့အားအကြံပေး၏။ ဆေးဆရာများအားလုံး အစိုးရ၏ ကျန်းမာရေး ၀န်ကြီးဌာနတွင် မှတ်ပုံတင်ကြရ၍ အစိုးရထံတွင် ရှိနိုင်မည်။
သူ...တိုင်းရင်း-မြန်မာ ဆေးဆရာအဖွဲ့ မှတ်ပုံတင်ရုံးသို့ သွား၏။ အရာရှိက အထက်မှ ခွင့်ပြု ချက်မရဘဲ ဖိုင်များအား မပြနိုင်ပါဟု ဆိုပြန်၏။ သူ ကျန်းမာရေးဝန်ကြီးထံသို့ ပြေးရပြန်၏။
ထိုစဉ်က ကျန်းမာရေးဝန်ကြီးက ဒေါက်တာ စိန်ဘန်း။
ဒေါက်တာစိန်ဘန်းနှင့် တွေ့ရန် စောင့်ရပြန်၏။ တွေ့ခွင့်ရတော့ ၀န်ကြီးက ဈေးဆစ်နေသည်။ ပြန်ကြားရေးဝန်ကြီးက ထောက်ခံရင် ပေးမည်ဟု ဆို၏။ သူ ပြန်ကြားရေးဝန်ကြီးထံသို့ သွား ပြန်သည်။ ပြန်ကြားရေးဝန်ကြီးက သခင်ချစ်မောင်ဖြစ်သည်။ သခင်ချစ်မောင်နှင့်သူတွေ့၏။ ရှင်းပြ၏။ သခင်ချစ်မောင်က သဘောတူပြီး ဒေါက်တာစိန်ဘန်းထံ စာရေးပေးလိုက်၏။ သူ ဒေါက်တာစိန်ဘန်းထံ ပြန်လာပြန်၏။ ဒေါက်တာ စိန်ဘန်းက မှတ်ပုံတင် အရာရှိထံ စာရေး ပေးလိုက်၏။
“ယခုစာပါသူ ကြေးမုံသတင်းထောက်အား လိုရာပုံ ထုတ်ပြလိုက်ပါ”
မှတ်ပုံတင်ရုံးမှ ဖိုင်များအား သူကြည့်ခွင့်တော့ရပြီ။ သို့သော်။ မှတ်ပုံတင်ထားသည့် ဆေးဆရာ ပေါင်းက (၂၂,၅၈၃) ဦး။ အမည် အက္ခရာ မစဉ်ထား။ ကောက်ရိုးပုံထဲ အပ်ရှာရသည်ကဲ့သို့...။
အချိန်က မွန်းလွဲ (၂) နာရီခွဲရှိပြီ။ ဆရာသိန်းအမည်ခံ ဆေးဆရာများကလည်း ရှိသေး၏။ ဓားပြ ဗိုလ် ဆရာသိန်းဆိုသူအားလည်း မြင်ဖူးသည်မဟုတ်။ မတတ်နိုင်။ ဖိုင်တခုပြီး တခုဖွင့်၏။ တရွက်ပြီး တရွက် လှန်၏။ ဓာတ်ပုံတပုံပြီး တပုံကြည့်၏။ မတွေ့သေး။ ရုံးဆင်းချိန်ရောက်ပြီ။ ရုံးအရာရှိ ပြန်၍သွားပြီ။ ရုံးစာရေးတဦးအား အစောင့်အဖြစ် ထားခဲ့၏။ ရုံးစာရေးအား လက်ဖက်ရည်တိုက်၍ ဆွဲထားရသည်။
ညနေ (၅) နာရီခွဲပြီ။ သူကြည့်ပြီးသည့်ဖိုင်ကား နှစ်သောင်းပြည့်လုပြီ။ ဆရာသိန်းအား မတွေ့သေး။ သူ့အနံ့အား ရပြီး ဗမာ့ခေတ်နှင့် အခြားသတင်းတိုက်တို့မှ သတင်းထောက်များ ရောက်လာကြ၏။ သူတို့လည်း ဓားမြဗိုလ် ဆရာသိန်း၏ ဓာတ်ပုံအား ရှာကြမည်။ သူကား သူ့ကြည့်ပြီးသား ဖိုင်နှစ် သောင်းခန့် အပုံအား နောက်ရောက်လာသည့် သတင်းထောက်များအား ရှာရန် အပ်လိုက်၏။ ထိုအထဲတွင် ဆရာသိန်းမရှိ။ သူတို့က မသိရှာ။ ရှာကြ၏။ သူမကြည့်ရသေးသော ဖိုင်အား ဆက်၍ ရှာသည်။
ညနေ (၆) နာရီ...။
တွေ့ပြီ။
၁၁၊၁၊၁၉၅၆ နေ့စွဲဖြင့် မှတ်ပုံတင်ထားသည့် ဆရာသိန်း၏ပုံ...။ ကိုယ်ရေးအကြောင်းအရာ အစုံ လည်းပါ၏။ အခြားသတင်းထောက်များကမူ သူရှာပြီးသား ဆရာသိန်း မပါရှိသည့် ဖိုင်များအား ကုန်း၍ ရှာနေကြဆဲ ....။
သူ ဘာလုပ်မည်နည်း...။ မပေးနိုင်။ သူ တနေ့ကုန် ပင်ပန်းကြီးစွာ လုံ့လပြုထားခဲ့ရမှုအား ခွဲမပေး နိုင်။
သူ ဓားပြဗိုလ် ဆရာသိန်း၏ ဖိုင်အား ပိုက်၍ ရုံးခန်းအတွင်းမှ ပြတင်းပေါက်အား ကျော်ပြီး ထွက်ခဲ့၏။ ကြေးမုံတိုက်သို့ သူပြန်ရောက်တော့ ညနေ (၆း၄၅) မိနစ်ရှိပြီ။ ဓာတ်ပုံအား ချက်ချင်း “ဘလောက်” လုပ်သည်။
ည (၈) နာရီခန့်တွင် ဗမာ့ခေတ် အယ်ဒီတာချုပ် ဦးအုန်းခင်က လူလွှတ်၍ ဓားပြဗိုလ်၏ဓာတ်ပုံအား ဗမာ့ခေတ်သို့လည်း ပေးရန် သူ့ထံမှ တောင်း၏။ သူမပေး။ ငြင်းလိုက်သည်။ ဦးအုန်းခင်ကလည်း လက်မလျော့ ကျန်းမာရေး ၀န်ကြီးထံ သွား၍တိုင်သည်။ ၀န်ကြီးက အစိုးရပိုင်ပုံဖြစ်၍ ဗမာ့ခေတ် ကိုလည်းပေးရန် သူ့ထံ စာပို့သည်။ ဖုန်းဆက်၍လည်းပြော၏။ သူ မပေးနိုင်။ ဤဓာတ်ပုံအား ကြေးမုံသတင်းစာတစောင်တည်းမှာပင် ဖော်ပြလို၏။
နောက်ဆုံး သူ တောင်းသူများနှင့် အဆက်အသွယ် ပြတ်နိုင်ရန် ဓားပြဗိုလ်ဆရာသိန်း၏ဖိုင်အား လွယ်အိတ်တွင်ထည့်၍ ရုပ်ရှင်ညပွဲ သွား၍ ကြည့်နေလိုက်သည်။
(ဃ)
“(၁၃) ဦးသတင်း”
၁၉၆၁ခုနှစ်။
ဧရာဝတီ ရေတပ်စခန်းတွင် တပ်မှူးများ ညီလာခံအား ကျင်းပ၏။ ညီလာခံက အရင်ညီလာခံများ နှင့်မတူ။ သိုသိုသိပ်သိပ် ရှိလှ၏။ ဤသည်ကို သူ သတိထားမိ၏။ အရင်သူ၏ သတင်းလမ်းကြောင်း များသည်လည်း နုတ်ဆိတ်၍ နေနေကြ၏။ ဤသို့ဆိုလျှင် သတင်းသည် ထူးမည်။ သူက လျှို့ဝှက် လေ၊ ဖိလိုက်လေ နောက်ဆုံး သူ သတင်းတပုဒ်လုံးအား ရလာခဲ့၏။
သတင်းမှာ တတိုင်းတပြည်လုံး တုန်လှုပ်စေသည့် “တိုင်းတုန်” သတင်းမျိုး။ ဤသတင်းအား သူတဦးတည်းသာ ရထား၏။ ကြေးမုံတစောင်တည်း၌သာ ဖော်ပြနိုင်မည့် “ထူးဦး” ၊ “တိုင်းတုန်” သတင်း။ သူ ရင်ခုန်မြန်နေ၏။
အချိန်ကား ည (၁၀) နာရီသာ ရှိသေး၍ နောက်နေ့ထုတ် ကြေးမုံတွင် ဖော်ပြနိုင်ရန် အချိန်မီ သေး၏။ ကြေးမုံသတင်းစာတိုက်သို့ သူပြန်ရောက်သည်နှင့် သူ့သတင်းအား အယ်ဒီတာ (ဦး) ခင်မောင်ရီ တဦးတည်းကိုသာ အသိပေးလိုက်၏။
“တည စောင့်ကြည့်ပါအုံးစို့လားဗျာ...”
(ဦး)ခင်မောင်ရီက တုန်တုန်ရီရီနှင့် ပြောသည်။ သူတို့နှစ်ဦး စဉ်းစားကြသည်။ နောက်ဆုံး သူရ လာသည့် သတင်းအား တည ဆိုင်းထားရန် ဆုံးဖြတ်လိုက်ကြသည်။
နောက်နေ့တွင် ကြေးမုံ၏ ဓာတ်ပုံသတင်းထောက် (ကို) ရွှေမောင်အား သူလိုချင်သည့် ဓာတ်ပုံ များအား ရှာခိုင်း၏။ ညနေတွင် ဓာတ်ပုံ “ဘလောက်” အားလုံး လုပ်၍ပြီးပြီ။ (ကို) ရွှေမောင်ကိုမူ သတင်းအကြောင်း အသိမပေး ။
သတင်းကမူ မနေ့ညကတည်းက ရေးပြီးဖြစ်၏။ ည (၁၂) နာရီတွင်မူ ကြေးမုံသတင်းစာ၌ “တိုင်းတုန်” သတင်းကြီးအား ပုံနှိပ်ပြီးဖြစ်လေပြီ။ သို့သော် ....။
သူနှင့် (ဦး) ခင်မောင်ရီတို့ စိတ်၌ ထင့်နေသေး၏။ အကယ်၍များ အခြားသတင်းစာများမှလည်း သူတို့ကဲ့သို့ပင် ဤသတင်းအား ရ၍ ပုံနှိပ်ပြီးဖြစ်ခဲ့လျှင်...။
“နေးရှင်းနဲ့ အထောက်တော် က ရနိုင်တယ်ဗျ... သူတို့ရမရ သိချင်တယ်ဗျာ”
သူက (ဦး) ခင်မောင်ရီအားပြော၏။
မကြာ...။
သူတို့နှစ်ယောက် လမ်း(၄၀) ရှိ နေးရှင်းသတင်းစာတိုက်သို့ ရောက်သွားကြ၏။ မသိမသာ နေးရှင်းသတင်းစာမျက်နှာဖုံးအား ခိုးကြည့်ကြ၏။ မတွေ့ရ...။
သူတို့ရင်ထဲ၌ အလုံးတလုံး ကျသွား၏။ မပြီးသေး...။ (၃၉)လမ်းရှိ အထောက်တော် သတင်းစာ တိုက်သို့ သွားကြပြန်၏။ အထောက်တော် သတင်းစာတွင်လည်း ထိုသတင်းမပါ။ စိတ်အေးရပြီ။ ကြေးမုံတစောင်တည်းမှ ဖော်ပြပါရှိမည့် “တိုင်းတုန်” သတင်းကြီး...။
“တပ်မတော်မှ ထိပ်သီး အရာရှိကြီး (၁၃) ယောက်အား တပ်မှ နုတ်ထွက်စေသည့် သတင်း...”
(င)
“အင်းစိန်တောရ”
၁၉၆၄ခုနှစ်၊ သြဂုတ်လ (၂၀)ရက်။
သူ၏ သတင်းစာဆရာ ဘ၀များအတွင်း၌ အင်းစိန်တောရ၏ ကျောင်းနှုတ်ခမ်းဝသို့ ရောက်ခဲ့ရ သည်များက အကြိမ်ကြိမ်ပင်။ ၁၉၅၆ ခုနှစ် (၇) တန်း မေးခွန်းပေါက်ကြားမှုသတင်းနှင့် ပတ် သက်၍ ပြန်ကြားရေးဝန်ကြီး ဦးထွန်းဝင်းက သူ့အား အစိုးရလျှို့ဝှက်ချက် ပေါက်ကြားမှု ဥပဒေ
နှင့် ဖမ်းဆီးရန်ကြံ၏။ အာမခံရ၍သာ ထောင်အတွင်း မရောက်ခဲ့ရခြင်း ဖြစ်သည်။
၁၉၅၉ ခုနှစ် မတ်လတွင်မူ ကြေးမုံသတင်းစာအား ချိပ်ပိတ်၏။ တာဝန်ခံအယ်ဒီတာ ဦးကြည် မြင့်အား ဖမ်း၏။ သူ့အားလည်း ဖမ်းရန်ရှာ၏။ သူက အဖမ်းမခံဘဲ ၀ရမ်းပြေးနေခဲ့သည်။ ၁၉၆၂ ခုနှစ် ဗိုလ်နေ၀င်း အာဏာသိမ်းပြီးနောက် တော်လှန်ရေး အင်အားစုများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းသည်။ အလံနီ ကွန်မြူနစ်ပါတီမှ ဗိုလ်နေ၀င်းတို့ အဖွဲ့နှင့် ဆွေးနွေးရန် ရန်ကုန်သို့လာ၏။ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်က ရဲနီကျော်ဝင်း။ ရဲနီကျော်ဝင်းက သူနှင့်မိတ်ဟောင်း ဆွေဟောင်း၊ ရဲဘော် ရဲဘက်ဟောင်း။ သို့နှင့် ရန်ကုန်တွင် သူနှင့် ရဲနီ
ကျော်ဝင်းတို့ မကြာမကြာ တွေ့ဆုံကြ၏။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်သည့်အခါ၌ သူ့အား ဗိုလ်နေ၀င်းမှ ထိန်းသိမ်းရန် ရှာ၏။ သူကား အဖမ်းမခံ။ ရှောင်ပုန်း၍ နေခဲ့သည်။ (၆) လခန့် ၀ရမ်းပြေးဘ၀နှင့်။ ၁၉၆၄ခုနှစ်၊ သြဂုတ်လ (၂၀) ရက်နေ့။ နေ့စဉ် နံနက် (၅) နာရီခန့် နိုးနေကြ။ သူသည် ဤနေ့ နံနက်တွင်မူ စောစီးစွာမနိုး။ သူ့ အိမ်မှ ထမင်းချက်သည့်သူမှ သူ့အခန်းတံခါးအား လာခေါက်၍ နိုးမှ နိုးတော့၏။ ဧည့်ခန်းတွင် ဧည့်သည်များစောင့်နေသည်ဟု ဆိုသည်။
သူ...သိလိုက်ပြီ။
ငါ့ကိုဖမ်းဖို့လာတာပဲ။ အလိုလို စိတ်အသိက သိလိုက်၏။ သို့သော်... မတတ်နိုင်။ ယခင်အကြိမ်များ ကဲ့သို့ ရှောင်ချိန်တိမ်းချိန်မရတော့။ သူ့အား စုံထောက်များက ဖမ်းလိုက်ကြ၏။ ပထမ ဘောင်ဒရီ လမ်းသို့ ပို့သည်။ ထိုမှတဆင့် အင်းစိန်ထောင်သို့။ အင်းစိန်ထောင်သို့ ရောက်သည်။ သူ့အရင် စောစီးစွာရောက်နှင့်ကြသည့် ဒဂုန်တာရာ၊ အထောက်တော်လှအောင်၊ (ကို) ခင်မောင်ရီတို့က သူအား သံတိုင်အကြားမှ ပြုံး၍ နုတ်ဆက်ကြ၏။
ထောင်စာရင်းသွင်းရန် ထောင်ရုံးခန်းအတွင်း သူ့အား ထိုင်စေ၏။ ထောင်စာရင်းသွင်းရန်အတွက် စောင့်ရပြန်၏။ အချိန်တို့က ကြာသည်။ စားပွဲပေါ်ရှိ လုပ်သားပြည်သူ့ သတင်းစာအား ဆွဲယူ၍ ဖတ်ကြည့်မိသည်။
“ဟေ့လူ...ဒါ ထောင်ဗျ၊ ထောင်။ ဒီသတင်းစာကို ခွင့်မရှိဘဲ မဖတ်ရဘူး။ ထောင်ထဲမှာ ခွင့်မရှိဘဲ ဘာမှ မလုပ်ရဘူး။ နားလည်လား”
ထောင်မှူးဆိုသူက သူ့အား ကြိမ်း၏။
သူ ...နားလည်လိုက်၏။
သူ....၌ လွတ်လပ်မှုဟူသမျှ မရှိတော့ပြီ...။
(စ)
တဘ၀လုံးရင်းခဲ့သူ
လွတ်လပ်မှုဟူသမျှ ဆိတ်သုဉ်းသည့် ဗိုလ်နေ၀င်း၏ စစ်ဖိနပ်အောက်၌ သူသည် မည်သို့မျှ
အံမ၀င်၊ ရှင်သန်၍မရ ....။ သူကား ....မြင်သလိုရေးမည်။ ယုံကြည်သည့်အတိုင်း ဖော်ထုတ်မည်။ မြင်ရဲ၏။ တွေးရဲ၏။ ရေးရဲ၏။ သူ့ကလောင်က... ကလောင်နီ။ သို့သော်...အိုးဝေ (ဦး) ညိုမြ ရေးသလို လက်ဝဲယိမ်းသည့် အလံနီကလောင်ဟူ၍မဟုတ်။ ရေးရဲသော ရဲရဲနီသည့် ကလောင်နီ။
“ဒေါင်းအိုးဝေ”တွင် ရေး၏။
“Voice of Burma” တွင် ရေး၏။
“ခေတ်ပြိုင်တွင် ပင်တိုင်ဆောင်းပါးများရေးသည်။ ပြီးလျှင်... အယ်ဒီတာချုပ်အဖြစ်လည်း ဆောင် ရွက်၏။”
ဗိုလ်နေ၀င်းအကြောင်းအား နှိုက်နှိုက်ချွတ်ချွတ်ဖွင့်ချ၏။ ဒေါင်းအိုးဝေတွင် ရေးခဲ့သည့် “ချိပ်စု ရှု့မောင်” သည် ဟာသလည်းပါပြီး ဗိုလ်နေ၀င်း၏ အကျင့်ဆိုးကိုလည်း ဖွင့်ပြ၏။ တချိန်က “လက်နက်နှင့် ဒီမိုကရေစီလဲမည်” စစ်တမ်းနှင့်အတူ လက်နက်ကိုင်အဖွဲ့များ လက်နက်ချခဲ့ကြ၏။ ပထစအစိုးရက လက်နက်ချသူများအား အခမ်းအနားတွင် ဖော့ဦးထုပ်တလုံးစီဝေ၏။ ထိုအခါ သူက ကြေးမုံမှ ဝေါဟာရအသစ်ထွင်၍ သတင်းရေးသည်။
“လက်နက်နှင့် ဖော့ဦးထုပ်လဲမည်”
ယခုလည်း (နအဖ) စစ်အုပ်စု၏ အမျိုးသားညီလာခံနှင့် ဖွဲ့စည်းပုံသစ်အား ခေတ်ပြိုင်မှနေ၍ ...
“တစ်မတ်သားအစိုးရ” ၊“တမတ်သား ပါလီမန်” ဟူ၍ ဝေါဟာရသစ်ပေးပြန်၏။
ပြည်သူအတွင်း ရှင်း၏။ သူကား... ၂၀၀၈ ခုနှစ် ဧပြီလ (၄) ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်၌ ကွယ်လွန်ခဲ့လေပြီ။ ကွယ်လွန်ချိန်၌ အသက် (၈၂) နှစ်ရှိပြီ။ လူ့ဘ၀ သက် တမ်းတလျှောက်လုံး၌ သူကား သတင်းစာနယ်ဇင်းဘ၀ထဲ၌ပင် သူ့ဘ၀အား တဘ၀လုံး ရင်းခဲ့သူ။
မြေ၀သုန်ရေ...
ဂုဏ်ပြုအပ်တဲ့ ဧည့်သည်ယောက်ကို
ဆီးကြိုပေတော့...။
(အော်ဒင် )
ကိုးကား-
-ကြေးမုံဦးသောင်း၏ ဗမာ့ခေတ်မှ ကြေးမုံသို့
-အောင်ဗလ၏ ဧ၀ံမေသုတံ
- အောင်ဗလ၏ နိုင်ငံ့အရေး
ဆက်ဖတ်ရန် . . . .
ကျောင်းဆရာဆရာမများကို တန်ဖိုးထားကြပါစို့။
နှစ်စဉ်နှစ်တိုင်း အောက်တိုဘာလ ၅ ရက်ကို ကမ္ဘာ့ဆရာများ(world teachers day) အနေဖြင့် သတ်မှတ်ထားရှိပါတယ်။ ကမ္ဘာ့ ကုလသမဂ္ဂ ယူနက်စကို အဖွဲ့ အစည်း ကြီးကနေ ၁၉၉၃ ခုနှစ်ကတည်းက စတင်သတ်မှတ်ခဲ့ပြီး အဲဒီနေ့ တိုင်း မှာ ကမ္ဘာ တ၀ှမ်းလုံးမှာရှိတဲ့ ကျောင်းဆရာဆရာမများကို ဂုဏ်ပြုတဲ့ အစီအစဉ် များကို ပညာရေးအဖွဲ့ အစည်းအသီးသီးမှ ကျင်းပ ပြုလုပ်ကြတာပါ။ နေ့ စဉ်နေ တိုင်း သန်းပေါင်းများစွာသော စာသင်ခန်းတွေ ထဲမှာ စာသင်ကြားခြင်းနှင့် စာသင်ယူခြင်း ကို ပြုလုပ်နေကြတယ် မဟုတ်လား။ မျိုးဆက်တစ်ခုကနေ နောက်မျိုးဆက် တစ်ခုအတွက် ဘာသာစကား လက်ဆောင် တွေကို လက်ဆင့် ကမ်းယင်း ပညာသင်ယူလိုစိတ်ကို ပျိုးထောင်ယင်း၊ ရှင်သန်မှုအတွက်ဖြည့်ဆည်းယင်း၊ အသိပညာ မွတ်သိပ်မှုကိုလည်း ဖြေဖျောက် ပေးနေကြတာပါ။ အသိပညာတွေကို မျှဝေပေးပြီး စွမ်းရည်တွေ ရရှိလာတဲ့ အခါမှာ ဘ၀တွေဟာ တိုးတက်ပြောင်းလဲ လာမှာပါ။ အဓိကအားဖြင့်တော့ လက်ရှိမျက်မှောက်ခေတ် ကျောင်းဆရာဆရာမများကို အသိအမှတ်ပြု တန်ဖိုး ထားခြင်း ဖြစ်သလို အနာဂတ်မျိုးဆက်များရဲ့ လိုအပ်ချက် တွေ ကိုလည်း ထည့်သွင်းစဉ်းစားပေးခြင်းပါဘဲ။ ကမ္ဘာ့ဆရာများနေ့ ဟာလူ့အဖွဲ့ အစည်းအတွင်းမှာ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်အဆက်ဆက် ကျောင်းဆရာ ဆရာမများရဲ့ အရေးကြီးတဲ့ ပါဝင်ဆောင်ရွက်မှုကို ကျေးဇူးတင်ကြောင်း အထင်ကရ ထုတ်ဖေါ်ပြသခြင်း လည်းဖြစ်တယ်။ သက္ကရာဇ် ၂၀၀၀ ပြည်နှစ်ကတည်းက စတင်ခဲ့တဲ့ ကလေးများအားလုံးအတွက် ပညာရေး လှုပ်ရှားမှု Education for All ဟာ နိုင်ငံတကာ အသိုင်း အ၀ိုင်းမှာ အတော်ကလေး တိုးတက်အောင်မြင်မှုတွေ ရှိခဲ့ပြီးဖြစ်တယ်။ သို့ ပေမဲ့ သက္ကရာဇ် ၂၀၁၅ ရောက်တဲ့ အခါ တစ်ကမ္ဘာလုံးမှာ ကလေးအားလုံးမူလတန်း ပညာရေးဆုံးခန်းတိုင်အောင်နေနိုင်ရေး Universal primary education by 2015 ဆိုတဲ့ မျှော်မှန်းချက် ပန်းတိုင်ကို ရောက်ရှိဖို့ ဆိုရင် လောလောဆယ်မှာ အရည်အချင်း ပြည့်ဝတဲ့ ကျောင်းဆရာဆရာမဦးရေ ၁၈ သန်းကျော် ထပ်မံလိုအပ်နေကြောင်းကို ယူနက်စကိုအဖွဲ့ ကြီးက ခန့် မှန်းထားပါတယ်။ ပညာရေးနေ့ထူးနေ့မြတ် အဖြစ် အောက်တိုဘာ ၁၅ ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့ အဖြစ်သီးခြား သတ်မှတ် ထားခြင်းဟာ ဆရာဆရာမ များကို ချီးကျူးဂုဏ်ပြုခြင်းနှင့် အတူ သူတို့ရဲ့ အင်မတန် အရေးကြီးလှတဲ့ တာဝန် ထမ်းဆောင်မှုကို အသိအမှတ် ပြုခြင်းလည်းဖြစ်ပါတယ်။ မူကြိုအရွယ်ကလေးငယ် လေးတွေ၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကလေး တွေ၊ လူငယ်တွေ၊ လူကြီးတွေအားလုံးအတွက် ဘ၀တစ်သက်တာပညာရေးခရီးကို ရှေ့ ဆောင်လမ်း ထွင်ရင်း ပြုစုပျိုးထောင်ပေးနေတာ ဆရာဆရာမတွေဘဲ မဟုတ်ပါလား။
အရည်အသွေးပြည့်ဝတဲ့ ကျောင်းဆရာဆရာမများ ရှားပါးနေမှုဟာ ၂၀၁၅ ပညာရေးမျှော်မှန်းချက်ပန်းတိုင်ကို ရောက်ရှိဖို့ ရာ အတွက် အကြီးမားဆုံးသော အတားအဆီးဖြစ်နေကြောင်းလည်း ဆိုပါတယ်။ အဲဒီအတွက် ၂၀၀၈ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထူးအစီအစဉ်တွေထဲမှာ အရည်အသွေးပြည့်ဝတဲ့ ပညာရေးအတွက် ကျောင်းဆရာအလုပ်အကိုင်နဲ့  ပတ်သက်တဲ့ ဆရာအတတ်ပညာ အရည်အချင်းမြှင့်သင်တန်းတွေကို ဦးစားပေးထားခြင်းပါ။ နိုင်ငံအသီးသီးမှာရှိတဲ့ ကျောင်း ဆရာ ဆရာမသမဂ္ဂတွေအနေနဲ့ လည်း အာဏာပိုင်အဖွဲ့ အစည်းတွေ၊ သက်ဆိုင်ရာအစိုးရအဖွဲ့တွေကို တောင်းဆိုထားတဲ့ အချက်တွေထဲမှာ လုံလောက်တဲ့ လေ့ကျင့် ပျိုးထောင်ခြင်းနှင့် မွမ်းမံသင်တန်းတွေကို ဆောင်ရွက်ပေးဖို့ ဖြစ်ပါတယ်။ ဒါဟာဘာကြောင့်လဲဆိုတော့ ၂၀၀၈ ခုနှစ် ကမ္ဘာ့ဆရာများနေ့ ဆောင်ပုဒ်ဖြစ်တဲ့ ဆရာဆရာများရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို အသိအမှတ် ပြုထားတဲ့ “ဆရာဆရာမများကို တန်ဖိုးထားကြပါစို့ ” Teacher Matters! အတိုင်းဖြစ်ပါတယ်။
၁၉၆၆ ခုနှစ်ကတည်းက အစဉ်အလာအရ နှစ်စဉ်ကျင်းပခဲ့ကြတဲ့ ကမ္ဘာ့ဆရာများနေ့တိုင်းမှာ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းကြီးများဖြစ်ကြတဲ့ ယူနက်စကို၊ ယူအင်န်ဒီပီ၊ အိုင်အယ်လ်အိုနှင့် ယူနီဆက်ဖ် အဖွဲ့ကြီး လေးဖွဲ့ရဲ့အကြီးအကဲလေးဦးအပြင် ၂၀၀၇ ခုနှစ်မှာ နိုင်ငံတကာပညာရေးအဖွဲ့ကြီး Education International ရဲ့ ဥက္ကဌပါ ပါဝင်ပြီး အကြီးအကဲငါးဦးအနေနဲ့ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို စုပေါင်းသ၀ဏ်လွှာ ပေးပို့ကြ ပါတယ်။ ၂၀၀၈ ခုနှစ်အတွက် စုပေါင်းသ၀ဏ်လွှာထဲမှာ "ကမ္ဘာ့ဆရာများနေ့တွင် နိုင်ငံအားလုံး၊ တောနှင့်မြို့ပါ မကျန် ကမ္ဘာ့တစ်နံတလျားရှိ ဆရာဆရာမများအားလုံးကို ကျွန်ုပ်တို့ ချီးကျူးဂုဏ်ပြုအပ်ပါသည်။ အရည်အချင်း ပြည့်ဝသော လူတိုင်းအတွက် ပညာရေးကို လက်ဝယ်ရရှိရန် ဆရာဆရာမများ၏ အခန်းကဏ္ဍကို ရှင်းရှင်း လင်းလင်း ဖော်ထုတ်ပြောဆိုပြီး တက်ကြွမှုရှိသော၊ လေးစားတန်ဖိုးထားအပ်သော၊ ထိရောက်သော ဆရာ ဆရာမ အင်အားစုကို အားပေးမြှင့်တင်သည့် မူဝါဒများပေါ်ထွက်လာစေရန် လိုအပ်လျက်ရှိကြောင်း ကျွန်ုပ်တို့ အခိုင်အမာပြောဆိုပါသည်။ ယနေ့ကမ္ဘာ့ဆရာများနေ့တွင် ဆရာဆရာမများကို ကျေးဇူးတင်ရှိ ပါကြောင်းနှင့် ဆရာဆရာမများကို တန်ဖိုးထားကြပါစို့ ဆိုသည်ကို အခိုင်အမာ ပြောဆိုလိုပါသည်။" လို့ဆိုပြီး ဆရာဆရာမ များကို အားပေးမြှင့်တင်ဖို့လိုတဲ့အချက်ကို အဓိကထားခဲ့ပါတယ်။
မြန်မာ့ပညာရေးလောကမှာ ထင်ရှားတဲ့ ဆရာကြီးဦးသန်းဦးက ပညာ့ဝန်းကျင်ကောင်းနှင့် ဆရာ့ ၀န်းကျင် ကောင်းတွေကို ကြံဆဖန်တီးဖော်ဆောင်နိုင်ရေးဟာ နှစ်ဆယ့်တစ်ပညာရာစု၊ ပညာခေတ်၊ ပညာလူ့အဖွဲ့ အစည်းရဲ့တကယ့်လိုအပ်ချက် အနှစ်သာရဖြစ်ကြောင်းကို ၂၀၀၈ ကမ္ဘာ့ဆရာများနေ့ထုတ် မြန်မာ့အလင်းမှာ မီးမောင်းထိုးတင်ပြဆွေးနွေးခဲ့ပါသည်။ မှန်ပါတယ်။ ခေတ်အစဉ်အဆက် မြန်မာတွေရဲ့ ယဉ်ကျေးမှုမှာ ဆရာ ဆရာမတွေကို တန်ဖိုးထားခဲ့၊ လေးစားခဲ့၊ မြတ်နိုးခဲ့၊ ရိုသေခဲ့၊ ဂုဏ်သိက္ခာနှင့်အညီ ရှင်သန်ခွင့်တွေပေးခဲ့ပါတယ်။ ပညာ့ဝန်းကျင်ကောင်းနှင့် ဆရာ့ဝန်းကျင်ကောင်းတွေကို ပိုင်ဆိုင်ခဲ့ဘူးတဲ့ လူ့အဖွဲ့အစည်းလည်းဖြစ်တယ်။ အဲဒီခေတ်တွေ အတော်ကလေး အလှမ်းဝေးဝေးမှာ ကျန်ရစ်နေခဲ့ပါပြီ။ မျိုးဆက်သစ်များအတွက် ဘယ်လိုအမွေ တွေကို ထားရစ်ခဲ့ကြမလဲ။
မျက်မှောက်ပညာခေတ်ရဲ့ မြန်မာ့ပတ်ဝန်းကျင်က ပညာရေးနှင့် ဆရာဆရာမများရဲ့လူမှုဘ၀တွေကို လေ့လာ ကြည့်သင့်ပါတယ်။ မြန်မာနိုင်ငံဟာ ပညာ့ဝန်းကျင်ကောင်းနှင့် ဆရာ့ဝန်းကျင်ကောင်းရှိနေပါသလား။ ကျောင်းပညာရေးကဆင့် အနာဂတ်လူ့အဖွဲ့စည်းကို ပုံဖေါ်ထုဆစ်နေကြတဲ့ လူသားဗိသုကာဆရာဆရာမများရဲ့ အရည်အသွေးမြင့်မားနေပါပြီလား။ အသိပညာနှင့် အသိတရားတွေဖြန့်ဖြူးသူတွေမှာ လုံလောက်တဲ့ အသိပညာတွေ ရရှိပါရဲ့လား။ လူ့ဂုဏ်သိက္ခာနှင့်အညီ ပတ်ဝန်းကျင်မှာ ရှင်သန်ရပ်တည်ခွင့်တွေကောရှိပါရဲ့လား။
မြန်မာနိုင်ငံရဲ့ အခြေခံပညာမှာ နှစ်စဉ်ကျောင်းဆရာဆရာမအသစ်လိုအပ်ချက်ဟာ တစ်သောင်းငါးထောင် နီးပါခန့် ရှိတယ်လို့ ပြည်တွင်းစစ်တမ်းများအရ အကြမ်းဖျင်း ခန့်မှန်းပါတယ်။ မြန်မာနိုင်ငံမှာ ၁၉၉၈ ခုနှစ်က ရေရှည်အနှစ် ၃၀ ပညာရေး စီမံချက်တွေကို ချမှတ်ထားခဲ့တဲ့အထဲမှာ ဆရာအတတ်ပညာ အရည်အသွေးမြင့်မား ရေး လုပ်ငန်းတွေကိုလည်း ထည့်သွင်းထားခဲ့တာတွေ့ရပါတယ်။ နှစ်နေရာတည်းသော ပညာရေးဘွဲ့ သင်တန်း တွေ ထားရှိတဲ့ ရန်ကုန်ပညာရေးတက္ကသိုလ်ရယ်၊ စစ်ကိုင်းမှာရှိတဲ့ ပြည်ထောင်စု တိုင်းရင်းသား ဖွံ့ဖြိုးရေးသိပံ္ပ၊ ပညာရေး ကောလိပ်ရယ်၊ ၅၀ ရာခိုင်နှုန်းကျော်ရှိနေတဲ့ လက်မှတ်မဲ့ ကျောင်းဆရာဝန်ထမ်းအရေးပေါ် အခြေအနေကြောင့် ဖွင့်လှစ်ထားရှိတဲ့ ဒေသအသီးသီးမှာရှိတဲ့ ပညာရေးကောလိပ် ၂၀ နီးပါးဟာ နှစ်စဉ် လိုအပ်ချက်ရဲ့ တစ်ဝက်ကိုတောင် မဖြည့်ဆည်း ပေးနိုင်သေးပါဘူး။
ကလေးကျောင်းထွက်နှုန်းနှင့် အပြိုင် လက်ရှိကျောင်းဆရာဆရာမများရဲ့ အလုပ်စွန့် နှုန်း ဟာလည်း ကြောက်ခန်းလိလိ ဖြစ်နေတယ်ဆိုတာတွေ့ ရှိရပါတယ်။ ဘယ်သူမှ မလုပ်ချင်ဆုံး ၀န်ထမ်းအလုပ်အကိုင်ဟာ ကျောင်းဆရာဆရာမ အလုပ်အကိုင်ဖြစ်နေရတာဟာ စိုးရိမ်ဖွယ်ရာ ဖြစ်ပါတယ်။
စားဝတ် နေရေးမပြည့်စုံ၊ မဖူလုံခြင်းနှင့်အတူ ကျောင်းဆရာ ဆရာမ အလုပ်ရဲ့ ဂုဏ်သိက္ခာဟာ မြန်မာနိုင်ငံ ပညာရေး သမိုင်းခေတ်အဆက်ဆက်မှာ အနိမ့်ကျဆုံးဖြစ်နေတာကတော့ အင်မတန် ၀မ်းနည်းကြေကွဲစရာပါ။ မူတန်းပြ ကျပ် သုံးသောင်းလစာဟာ ကျောင်းဆရာ ဆရာမ အလုပ်အကိုင်တစ်ခုတည်းနဲ့မိမိတစ်ဦးတည်းရဲ့ စားရေးကို (၀မ်းစာတစ်ခုတည်းကို) လ၀က်တောင်မဖူလုံနိုင်ပါဘူး။ အဲဒီအတွက် တစ်နေ့ရှစ်နာရီ အချိန်ပြည့် ကျောင်းဆရာ ဆရာမ အလုပ်အကိုင်ကို မလုပ်ချင်ကြတော့တာဟာ အံ့သြစရာတော့မဟုတ်ပါဘူး။
ဆရာဆရာမများဟာ ကျောင်းဆရာ အလုပ်အကိုင် တစ်ခုတည်းနဲ့ စားဝတ်နေရေး မဖူလုံ နိုင်တဲ့အတွက် အခြားအခြားသော အလုပ်အကိုင်များကို တွဲဖက် လုပ်ကိုင် နေကြရတယ်။ ခေါင်းရွက် ဈေးခြင်းတောင်းတဲ့မှာ ခပ်နွမ်းနွမ်း အဖြူအစိမ်း ကျောင်းဆရာမ ၀တ်စုံကို ထည့်ပြီး ကျောင်းမတက်ခင် နှင့် ကျောင်းအဆင်းမှာ လမ်းဘေး ဈေးရောင်း နေကြရတဲ့ အခြေခံပညာ ကျောင်းဆရာ ဆရာမများရဲ့ ဘ၀တွေ၊ မနက် စောစောထပြီး အလုပ်ကြမ်း လုပ်တဲ့ စာသင်ခန်းထဲက ကလေးတွေရဲ့ လစာက အချိန်ပြည့် နိုင်ငံ့ဝန်ထမ်း ကျောင်းဆရာမရဲ့ လစာထက် မြင့်နေတာတွေ၊ မအောင်ရင် ငွေပြန်အမ်းမယ် ဆိုတဲ့ အတန်းပိုင် ဆရာ ဆရာမတွေရဲ့ ကျူရှင်တွေ၊ မြတ်နိုးတဲ့ ဆရာမအလုပ်ကို ကျောခိုင်းပြီး အိမ်နီးချင်း တိုင်းပြည်တွေမှာ အောက်ခြေသိမ်း လုပ်ကိုင် နေကြ ရတာတွေ၊ လဘက်ရည်ဆိုင်မှာ ကျွန်တော် ကျောင်းဆရာပါလို့ မပြောရဲတာတွေ၊ စာသင်ခန်း အတွင်းဘက်ကို တစ်ခါမှ မ၀င်ဘူးတဲ့ ကလေးငယ်တွေ၊ ဘီအီးဒီ ပညာရေးဘွဲ့ကို လေးနှစ် တက်ရောက် နိုင်ဖို့ ကုန်ကျစရိတ်ကို တွက်ချက်ပြီး ဒီတစ်သက် ကျောင်းဆရာမ အလုပ်နဲ့ ပြန်ဆပ်လို့ မကျေနိုင်ဘူး ဆိုတဲ့ ၀ါသနာပါတဲ့ လူငယ်တွေ၊ ဘ၀တွေ -- ဘ၀တွေ---ပညာရေးနှင့် အခြားအခြားသော ဘ၀တွေ။
လူငယ်တွေ အတွက် စံပြုနိုင်သူ ဖြစ်သင့်တယ် ဆိုတဲ့ ကျောင်းဆရာ အလုပ်အကိုင်ရဲ့ ဆောင်ပုဒ်ဟာ ပျောက်ဆုံး ခဲ့ရပါပြီ။ ပြိုလဲနေပြီဖြစ်တဲ့ နိုင်ငံရဲ့ စာရိတ္တမဏ္ဍိုင်ကို ကယ်ထူဖို့ ဘယ်သူတွေမှာ တာဝန်ရှိပါလဲ။ အာစရိယ ဂုဏော အနန္တော၊ ပညာသမာ အာဘာနတ္ထိ အစရှိတဲ့ သီကျူးသံတွေ ဆိတ်သုန်းခဲ့ရပါတယ်။ အစဉ်အလာ ကြီးမားခဲ့တဲ့ ကျောင်းဆရာ၊ ဆရာမအလုပ်အကိုင်ရဲ့ တန်ဖိုးနှင့် ဂုဏ်သိက္ခာတွေ မြန်မာ့ပညာရေးရှုခင်းက ပျောက်ကွယ်လုနီးပါး ဖြစ်နေပါပြီ။
လွန်ခဲ့သော အနှစ် ၃၀ကျော် တခေတ်တခါက စာရေးသူတို့ ရဲ့ ဆရာဆရာမများဟာ ဂုဏ်ယူစွာ၊ ပျော်ရွှင်စွာ၊ ကြည်နူးစွာ၊ ကျေနပ်စွာ၊ လိုလားစွာ၊ ဂုဏ်သိက္ခာရှိစွာ၊ ၀ါသနာကြီးမားစွာ တန်ဖိုးထားပြီးလုပ်ခဲ့ကြတာပါ။ အနာဂတ်ကာလ ပန်းခင်းအတွက် မျှော်မှန်းချက်တွေ၊ ရည်မှန်းချက်တွေ၊ အိပ်မက်တွေကို ဖူးပွင့်စေဖို့ ဆရာ ဆရာမများရဲ့  ရင်မှာ ပျိုးထောင်ခဲ့တာပါ။ ပညာရေးစေတနာအင်အားတွေ ဆရာ၊ဆရာမများရဲ့ ရင်ဘတ်ထဲမှာ အပြည့်ရယ်ပါ။ ဒီကျောင်းဆရာဆရာမအလုပ်နဲ့ ပတ်သက်ပြီးအဲဒီဆုတ်ကပ်ခေတ်ကာလမှာ လက်ကိုင်ဆိုရိုး စကားတစ်ခွန်းရှိခဲ့ပါတယ်။ “ရိက္ခာမရှိပေမဲ့ သိက္ခာရှိတယ်” ဆိုတာပါ။ ၂၁ ရာစုနှစ်ဦးပိုင်းမှာတော့ ဆိုရိုး စကားပြောင်းလဲခဲ့ရပါပြီ။ “ရိက္ခာရော သိက္ခာပါမရှိတော့ပြီ” တဲ့။ မျက်မှောက်ခေတ် မြန်မာကျောင်းဆရာ ဆရာမများ ဘယ်လိုရှင်သန်ရပ်တည်နေကြရပါသလဲ။ လက်ရှိဘ၀တွေနဲ့  အနာဂတ် ကံကြမ္မာများအတွက် ဘာတွေ ရည်မှန်းချက်များ ထားရှိကြပါ သလဲ။ ထားရှိခွင့်ရောရှိပါသေးရဲ့ လား။ အစဉ်အလာနဲ့ ကျောင်းဆရာ ၊ဆရာမ အလုပ်အကိုင် ရဲ့စေတနာ၊ ၀ါသနာ၊ အနစ်နာ၊ အသိပညာ ခွန်အားတွေကို ဆရာ၊ ဆရာမတွေ ရဲ့ ရင်ဘတ် ထဲ က ဘယ်သူထုတ်ယူသွားခဲ့ပါသလဲ။
လက်မှတ်မဲ့ဆရာဆရာမအရည်အတွက် ၅၀ ရာခိုင်နှုန်းကျော်ရှိနေတဲ့အတွက် ပညာရေး ကောလိပ်တွေကို နယ်အသီးသီးမှာ ဖြစ်သလိုဖွင့်လှစ်ခဲ့ရတယ်။ မပြည့်စုံတဲ့ အခြေအနေတွေ၊ အင်္ဂါစဉ်မမီတဲ့ကျောင်းတွေ၊ တက္ကသိုလ်တွေ၊ ၀န်ထမ်းအင်အား၊ ပညာရေး အရင်းအမြစ်နဲ့ စာကြည့်တိုက်၊ သင်ကြားရေးဆိုင်ရာ သင်ရိုး ညွှန်းတမ်း လိုအပ်နေမှုတွေဟာ နည်းပြများ နှစ်စဉ်ကြုံတွေ့နေရတာပါ။ ဖွံ့ ဖြိုးတိုးတက်မှုနိမ့်ပါးနေသေးတဲ့ နိုင်ငံတွေမှာ မသင်မနေရ မူလတန်းပညာရေးကို ကလေးတိုင်း ရရှိနိုင်ဖို့ ဆိုရင် ဆရာအင်အားကို ၂၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ရမှာဖြစ်ကြောင်း တင်ပြထားပါတယ်။ ဒီပညာရေး သင်တန်းတွေမှာ လည်း ခေတ်မီ ဆရာအတတ်ပညာရေး သင်ရိုးညွန်းတမ်းတွေ တည်ဆောက်ဖို့ လိုအပ် နေပါတယ်။ မျက်မှောက်ခေတ်ရဲ့ တောင်းဆိုချက်ဖြစ်တဲ့ ဒီမိုကရေစီနိုင်ငံသားတွေကို လေ့ကျင့်ပျိုးထောင်ပေးနိုင်တဲ့ အစီအစဉ်တွေ၊ လုပ်ငန်းခွင်အရည်အချင်းမြှင့်သင်တန်းတွေမှာ ကလေးဗဟိုပြု ပညာရေးအစီအစဉ်တွေ၊ တက်ကြွတဲ့သင်ယူ လေ့လာမှုနည်းစနစ်တွေ၊ စဉ်ဆက်မပြတ် အကဲခတ်ပြီး ဘက်စုံစစ်ဆေးခြင်းစနစ်တွေ၊ ဘက်စုံပညာရေး အစီအစဉ်တွေကို အရှိန်အဟုန်နဲ့ ရော အရည်အသွေးပါမြှင့်တင်လုပ်ဆောင်သင့်ပါတယ်။ ကျောင်းဆရာ ဆရာမအလုပ်ကို ၀ါသနာပါပြီး အရည်အချင်းရှိတဲ့သူတွေ လက်လှမ်းမီ တက်ရောက် သင်ကြားနိုင်ခွင့် အတွက်လည်း ပညာတော်သင်ဆုတွေကို ဖန်တီးထားရှိသင့်ပါတယ်။
ပညာရေးပညာရှင်တွေကဒီလိုဆိုပါတယ်။ အဂတိလိုက်အစားဆုံးတိုင်းပြည်တွေမှာ အထိခိုက်ဆုံးကဏ္ဍဟာ ပညာရေးဖြစ်ပါသတဲ့။ ရှင်းပါတယ်။ တိုင်းပြည်ရဲ့ အသိပညာ၊ အနာဂတ်စာရိတ္တ၊ စံတန်ဖိုးတွေရယ်နဲ့ တိုင်းပြည်ရဲ့ စိတ်ဓါတ်တွေကို ပြုစုပျိုးထောင်နေရတဲ့ ကျောင်းပညာရေးဟာ နစ်နာနေပြီ၊ ထိခိုက်နေပြီ၊ အရည်အသွေး ကျဆင်းနေပြီ၊ ခေတ်မမီ တော့ပြီ၊ ခွဲခြားမှုတွေကိုခံစားနေရပြီ ဆိုရင် အနာဂတ်ဘ၀တွေ ဘယ်လိုရှင်သန် နိုင်မှာလဲ။ သေချာတဲ့အကျိုးဆက်ကတော့ အများစုကြီးရဲ့အနာဂတ်ဘ၀တွေ နစ်နာတော့မယ်၊ ထိခိုက်တော့မယ်၊ လူသားအရည်အသွေးတွေ ကျဆင်းသွားမယ်၊ ခွဲခြားတတ်လာမယ်။ ရှင်သန်နေတဲ့ လူ့အဖွဲ့အစည်း ဖြစ်နိုင်ပါတော့မလား။
ကျောင်းပညာရေးရဲ့ ကျဆုံးမှု (သို့မဟုတ်) အောင်မြင်မှုဟာ ကျောင်းဆရာဆရာမများရဲ့ အရည်အသွေးများနဲ့ စွမ်းရည်တွေအပေါ်မှာ အများကြီးမူတည်နေတာပါ။ ဒါကြောင့် ဆရာအတတ်ပညာ သင်တန်းတွေ၊ အရည်အချင်း မြှင့်သင်တန်းတွေ ၀န်ထမ်းအသစ် ခန့်အပ်ရေးတွေနဲ့ လုပ်ငန်းခွင်သင်တန်းတွေအတွက် နိုင်ငံတိုင်းမှာ မူဝါဒတွေကို စနစ်တကျ ချမှတ်ပြီး ဆောင်ရွက်ကြရပါတယ်။ နိုင်ငံတိုင်းလိုလိုမှာ ကျောင်းဆရာလုပ်နိုင်ဖို့ရာ ကျောင်းဆရာဘွဲ့ (သို့မဟုတ်) ပညာရေးဘွဲ့ရရှိထားဖို့လိုအပ်ပါတယ်။ ဘယ်ဌာနမှာ ဘယ်နှစ်နှစ်ကြာကြာ တာဝန်ထမ်းဆောင်ခဲ့သည်ဖြစ်စေ၊ ဘယ်ပညာရပ်မှာဖြစ်ဖြစ် မဟာဘွဲ့တွေ၊ ပါရဂူဘွဲ့တွေအထိရသည်ဖြစ်စေ၊ ကျောင်းဆရာဘွဲ့မရှိရင်တော့ ကျောင်းစာသင်ခန်းတွင်းမှာ စာသင်တဲ့ ကျောင်းဆရာအလုပ်ကို မရရှိနိုင်ပါ။ ပညာရပ်ဆိုင်ရာ တန်ဖိုးမြင့်မားတဲ့ ကျောင်းဆရာအတတ်ပညာဟာ အသေအချာလေ့ကျင့်ယူရမည့် ပညာတစ်ရပ် ဖြစ်လို့ပါဘဲ။ အဲဒီအတွက် စာရေးသူဟာ သြစတြေးလျနိုင်ငံမှာ ပညာရေးဘွဲ့ သင်တန်းကို တက်ရောက်နေခဲ့စဉ်မှာ အသက် ၄၀၊ ၅၀ ကျော်အရွယ် လုပ်သက်ရှိ သိပ္ပံပညာရှင်တွေ၊ ပညာရပ်နယ်ပယ် အသီးသီးက ပါရဂူဘွဲ့ရတွေ၊ လေယာဉ်မောင်း အင်ဂျင်နီယာကြီးတွေဟာ (ကျောင်းဆရာဘွဲ့) ပညာရေး ဘွဲ့အတွက် သင်တန်း ပြန်လည် တက်ရောက်ကြရပါတယ်။ ဘွဲ့တွေအလီလီရထားကြပေမယ့် အနည်းဆုံး အချိန်ပြည့် တစ်နှစ်လောက်တော့ ပြန်တတ်ကြရတာပါ။ သူတို့နိုင်ငံတွေမှာ တစ်သက်တာမှာ ပရော်ဖက်ရှင်နယ် အလုပ်တွေကို မကြာခဏ ပြောင်းလဲလုပ်တတ်လေ့ရှိကြတယ်မဟုတ်လား။ အခြားသော အတွေ့အကြုံတွေဟာ ကျောင်းပညာရေးလုပ်ငန်းများမှာ များစွာ အထောက်အကူပြုမှာပါ။ သို့ပေမဲ့ ပညာရေးဘွဲ့တော့ လိုအပ်နေသေး တယ်လေ။ ကလေးသူငယ်တွေကို ပညာသင်ကြားပေးနေတဲ့ မူကြို၊ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း စတဲ့ အခြေခံပညာကျောင်းတွေမှာ တက္ကသိုလ်က အသိအမှတ်ပြု ပညာရေးဘွဲ့ တစ်ခုခုရရှိထားပြီး အကျင့်စာရိတ္တ ကောင်းမွန်ကြောင်းထောက်ခံစာရယ်၊ အစိုးရ ပညာရေးဌာန မှ အသိအမှတ်ပြု ကျောင်းဆရာလိုင်စင်တွေရှိမှသာလျှင် ကျောင်းဆရာအလုပ် လျှောက်ထားခွင့်ရှိတာပါ။ ဆွဲခန့်ဆိုတာမျိုး မရှိပါဘူး။ ကလေးတွေအကြောင်း၊ ကလေးဖွံ့ဖြိုးမှု အကြောင်း၊ ပညာသင်ကြားရေးနှင့် သင်ယူရေးအကြောင်း၊ ပညာရေးဒဿနအတွေးအခေါ်၊ ပညာရေးစိတ်ပညာ၊ သင်ခန်းစာစီစဉ်ပြင်ဆင်ခြင်း၊ ပညာရည်တိုးတက်မှုကို စစ်ဆေးနည်း အမျိုးမျိုး၊ ဒီမိုကရေစီစံနှင့် ယဉ်ကျေးမှုတွေကို ကျောင်းပညာရေးမှ ပျိုးထောင်ပေးခြင်း၊ ပညာရေးစီမံခန့်ခွဲမှုပညာ၊ ဆရာ့ဘ၀ဆရာ့အလုပ်အကိုင်၊ လူ့အဖွဲ့အစည်းနှင့် ပညာရေး ဆက်နွယ်နေမှု၊ အနာဂတ်ဘ၀များရဲ့ ရှင်သန်ရေး စတဲ့ပညာရပ်ဆိုင်ရာ အကြောင်းတရားတွေ၊ ဗဟုသုတတွေဟာ ကျောင်းဆရာအလုပ်အတွက် မရှိမဖြစ်တွေပါ။ ဘာသာရပ်နယ်ပယ်အလိုက်၊ အတန်းအလိုက် သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာများ၊ ခေါင်းစဉ်များ၊ အကြောင်းအရာများနှင့် စာသင်ကြားနည်း အမျိုးမျိုး ကိုလည်း ခြေခြေ မြစ်မြစ် လေ့လာကြရတယ်။ တက္ကသိုလ်ကပါမောက္ခတွေရယ် ၀ါရင့် ဆရာဆရာမကြီးများရဲ့ ကြီးကြပ်မှုတွေ အောက်မှာ ကျောင်းစာသင်ခန်းတွင်း လက်တွေ့တန်းပြသင်ကြားခြင်းကိုလည်း နှစ်စဉ်ဆင်းကြရပါတယ်။ သင်တန်းဆင်းကျောင်းဆရာဆရာမများကိုလည်း ထိုက်တန်စွာ ပံ့ပိုးပြီး တန်ဖိုးထားကြပါတယ်။
မြန်မာ ကျောင်းဆရာဆရာမတစ်ဦးရဲ့ ၀င်ငွေလစာဟာ အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံက ကျောင်း ဆရာဆရာမများရဲ့ လစာတွေနဲ့ ၁၀ ဆ ကွာခြားနေတယ်။ လူနေမှုစရိတ်ကတော့ အတူတူလောက်ရှိတာပါ။ ဆယ်စုနှစ်များစွာမှာ ပေးဆပ် စွန့်လွှတ်ခဲ့ကြသူ ကျောင်းဆရာဆရာမများရဲ့ လူမှုဘ၀ကို စာနာထောက်ထား သင့်ပါတယ်။
ကျောင်းဆရာဆရာမတွေက ပြုစုပျိုးထောင်ပေးခဲ့လို့ အခုလို အသိဥာဏ်တွေရရှိခဲ့၊ လူလားမြောက်လာခဲ့၊ မိမိနှင့် မိမိရဲ့  ပတ်ဝန်းကျင်အကြောင်း၊ ကမ္ဘာကြီးအကြောင်းကို တိုးတက်သိမြင်ခွင့်တွေ ရရှိခဲ့တဲ့ ကျေးဇူးတရားတွေကို အစဉ်သဖြင့် သတိရနေသင့်တယ် မဟုတ်ပါလား။ လက်ရှိလုပ်ငန်းခွင်မှာရှိနေတဲ့ အခြေခံပညာ ကျောင်းဆရာ ဆရာမများကို တန်ဖိုးထားခြင်းဟာ မိမိရဲ့ ဘ၀ကို ဆယ်စုနှစ် တစ်ခုကျော် ပဲ့ကိုင်ထိန်းကျောင်း လမ်းညွန်ပေး ခဲ့တဲ့ ကျေးဇူးတရားကို ပေးဆပ်ရာရောက်သလို အနာဂတ်ဘ၀များစွာအတွက်လည်း ပံ့ပိုးကူညီခြင်းဖြစ်ပါတယ်။ ကျောင်းဆရာဆရာမများရဲ့  ပညာ အရည်အသွေးမြင့်မားရေး၊ စား၊ ၀တ်၊ နေရေး လူမှုဘ၀ပြည့်စုံဖူလုံရေးနှင့် ဆရာအလုပ်အကိုင် ဆရာဆရာမ ဂုဏ်သိက္ခာနှင့် အညီ ဘ၀ရှင်သန်ရပ်တည်နိုင်ရေးတွေအတွက် နိုင်ငံတော်၊ အာဏာပိုင်အဖွဲ့ အစည်းများ၊ ပြည်နယ်၊ မြို့ ၊ ရပ်ရွာဒေသလူ့ အဖွဲ့ အစည်းများဟာ အကောင်းဆုံးဖြည့်ဆည်း ပေးရမှာပါ။ ဒါဟာ ၂၀၀၈ ကမ္ဘာ့ဆရာများနေ့  ဂုဏ်ပြုဆောင်ပုဒ်ဖြစ်တဲ့ “ဆရာဆရာများကို တန်ဖိုးထား ကြပါစို့ ” နှင့် အညီလည်း ကျင့်ကြံလုပ်ဆောင်ရာဖြစ်သလို မြန်မာတွေရဲ့ အနာဂတ် အတွက်လည်း ဖြစ်ပါကြောင်း။
ကျောင်းဆရာဆရာမများကို တန်ဖိုးထားခွင့်ရှိသော ပညာ့ဝန်းကျင်ကောင်းနှင့် ဆရာ့ ၀န်းကျင်ကောင်း လူ့အဖွဲ့ အစည်းတစ်ရပ်ကို အမြန်ဆုံး ပြန်လည်ပိုင်ဆိုင်နိုင်ပါစေ။
သိန်းနိုင်
၅ ရက် အောက်တိုဘာ ၂၀၀၈၊ ကမ္ဘာ့ဆရာများနေ့  ၂၀၀၈ အမှတ်တရ ဆောင်းပါး။
ဆက်ဖတ်ရန် . . . .
Tuesday, September 21, 2010
ရပါတယ် - ရပါတယ်
Labels: ဦးပေါ်ဦး၏ စကားအလင်္ကာ
တစ်ခုသော နံနက်မှာ အမတ်ကြီးဦးပေါ်ဦးရဲ. အိမ်ရှေ. ပြောင်လက်ရှင်းသန်.နေတဲ့ အိမ်ဝင်းထဲကို လူတစ်ယောက် ဝင်လာတယ်။ သူက မင်းလုလင်တစ်ယောက်ဖြစ်တယ်။ နန်းမြို.မြို.ရိုးအတွင်း ရွှေနန်း တော်ကြီးနဲ. မနီးမဝေးမှာ တည်ရှိတဲ့ ဦးပေါ်ဦးရဲ.အိမ်အနေနဲ. အမြဲ သန်.ရှင်းနေတယ်။ အိမ်ရှေ.မှာလည်း ဦးပေါ်ဦးကိုယ်တိုင်နံနက်တိုင်း တံမြက်လှည်းထားလေတော့ အမှိုက်တစ်ပင်မရှိဘူး။ ရှင်းသန်.ပြောင်လက် နေတယ်။ အဲ့ဒီနေရာကို ရောက်လာတဲ့မင်းလုလင်ဟာ ဘာမပြော ညာမပြော အခင်းကြီး သွားမယ့်ပုံနဲ.
ထိုင်ချလိုက်တဲ့အတွက်......
'ဟဲ့ ဟဲ့ ....အဲ့ဒါက ဘာလုပ်မလို. လဲဟေ'
ဦးပေါ်ဦး ပြူးပြူးပြာပြာ ပြေးသွားပြီး မေးတယ်၊ ထိုင်ချလိုက်တဲ့လူလည်း ထရပ်ရတယ်လေ။
'မစင်စွန်.မလို.ပါ အမတ်ကြီး'
'တယ်......ကျူးကျူးကျော်ကျော် စော်စော်ကားကား'
'မင်းတရားကြီးကိုယ်တော်တိုင်က ပေါ်ဦးအိမ်ရှေ. မြေတလင်းမှာ အခင်းကြီးသွားချေ၊ အမိန်.တော် ချမှတ် လိုက်လို. ပါခင်ဗျာ၊ သည်းခံတော်မူပါ'
သူတစ်ပါးကိုသာ ကသိကအောင့် လုပ်ခဲ့တဲ့ ဦးပေါ်ဦးအလွန် အခံခက်သွားတယ်။ သို.သော်လည်း မင်းမိန်.ကို သူမတားဆီးနိုင်။
'မင်းတရားကြီးရဲ.အမိန်.တော်က အခင်းကြီးသွားချေလို. ပါတယ်နော်၊ ဟုတ်စ'
'မှန်ပါတယ် ခင်ဗျာ'
'အေးအေး .... မင်းမိန်.ကိုကွယ်၊ နာခံရမှာပေါ့၊ သို.သော်လည်း ခဏနေဦးကွယ်၊ ခဏလေး ခဏလေး'
အမတ်ကြီး ဦးပေါ်ဦးအနေနဲ. အဆောင်ကိုင် တစ်ယောက် ဓားသွေးနေတာ လှမ်းခေါ်ပြီးဓားတောင်း လိုက်တယ်။ ချက်ချင်း မင်းလုလင်ရဲ. ခေါင်းပေါင်း မှာ မိုးထားလိုက်တယ်။
'ကဲ ..... အမိန်.တော်ထဲမှာ အခင်းကြီးသွားစေပါတဲ့အတွက် အခင်းကြီးသွားပေတော့၊ သို.သော် အခင်းလေး သွားစေ မပါတဲ့အတွက် ကျင်ငယ် မထွက်ရဘူး ၊ ကျင်ငယ် တစ်စက်ထွက်ရင် ဇတ်အပြတ်ပဲ'
မင်းလုလင် ထရပ်လိုက်ရတော့တယ်။
'အခင်းကြီးသွားတဲ့အခါ ကျင်ငယ်မထွက်ရဘူးလို. ဘယ်သူမျှ အာမမခံနိုင်ဘူးလေ၊ ဘုရင့် အမိန်.ထဲမှာလည်း ကျင်ကြီးသာ စွန်.ခိုင်းတာ၊ ကျင်ငယ်မပါဘူး၊ ဦးပေါ်ဦးက အဲဒီဟာအတွက်ကိုအမိအရ ဖမ်းကိုင်ပြီး ဓားမိုးထားတာပါပဲ။
'ဟဲ့ကောင် ကျင်ကြီး စွန်.လေ'
'ကျွန်တော် ကျင်ငယ် မထွက်အောင် မတတ် .... မတတ်နိုင်လို.'
မင်းလုလင်ဟာ ထစ်ထစ်ငေါ့ငေါ့ ပြန်ဖြေပြီး အမတ်ကြီးရဲ. အိမ်ရှေ.တလင်းပြင်က ထွက်ခွာသွားလေရဲ. ။
အဲဒီ မင်းလုလင်ဟာအမှန်ပဲ အမိန်.တော်ကြီးနဲ. လာသူဖြစ်တယ်။ ဒါကြောင့် အကျိုးအကြောင်း ပြန်လည်သံတော်ဦး တင်ဖို.ဘုရင့်ရှေ.တော် ကိုဝင်ရောက်ခစားရတယ်။
'ပေါ်ဦးအိမ်ရှေ. မြေတလင်းမှာအခင်းကြီး သွားခဲ့ပြီး ပြီလား၊ ပေါ်ဦးဆိုတဲ့ကောင်က ဘာပြောသတုန်းဟဲ့'
'မှန်လှပါ၊ အမိန်.တော်ထဲမှာ အခင်းကြီးပဲပါတယ်၊ အခင်းလေးစွန်.စေ မပါတဲ့အတွက် ကျင်ငယ် တစ်စက်ထွက်ရင် ဇက်အပြတ်ပဲဆိုပြီး ဓားမိုးထားတဲ့အတွက် မဆောင်ရွက်ခဲ့ရပါ ဘုရား'
သံတော်ဦး တင်အဆုံးမှာ မင်းတရားကြီး အနေနဲ. လှိုက်လှိုက်လှဲလှဲ ရယ်မောတော်မူသတဲ့။
ဆက်ဖတ်ရန် . . . .
ဖိုးသူတော်ဦးပေါ်ဦး
Labels: ဦးပေါ်ဦး၏ စကားအလင်္ကာ
ဘိုးတော်မင်းတရားကြီး၏ ငယ်ကျွန်တော်အမတ်ကြီး ဦးပေါ်ဦးအနေနဲ. သူတစ်ပါးဒုက္ခရောက်လျှင်တတ်စွမ်း သလောက် စောင့်ရှောက်ကူညီတယ်။ ဘုရင်ကိုလည်း မခိုးမခန်. လျှောက်လားလျှောက်ရဲ.၊ ရယ်စရာဖြစ်အောင် လုပ်လား လုပ်ရဲ. ၊ အဲ့ဒါတောင်မင်းတရားကြီးက ခွေးမသားခေါ်လို.ခေါ် ၊အရူးလို. ငေါက်လို.ငေါက်နဲ. အရေးပေးတော်မူတယ်။
ဦးပေါ်ဦးရဲ. အိမ်ကိုကြည့်အုံးမလား။
ထွက်ဝင်ခစားသူတရုန်းရုန်း၊ လက်ဆောင်ပဏ္ဏာတွေလာရောက်ဆက်သသူတွေကလည်း တစ်နေ.တစ်နေ. မနည်းဘူး။
မနာလို မရှုဆိပ်သူတို.အတွက် မျက်စိစပါးမွေး စူးစရာမြင်ကွင်း မြင်ခွင်ပါပဲ။ ဒီအခါမှာမနာလိုစိတ်တွေ ထကြွ ရတော့တာပေါ့။ အဲဒီလို ဦးပေါ်ဦးကို မင်းမိဖုရားအစ ဝန်စုမှူးစုအလယ် ဆင်းရဲသား ကျွန်တော်မျိုးများအဆုံး ချစ်ခင်ကြတာကို မနာလိုသူတွေရှိတယ်။ မနာလိုသူတို.ရဲ. ထိပ်ခေါင်ကတော့ မင်းကြီးမဟာကျော်ထင်ဘွဲ. ရ အသည်ဝန်ကြီးပေါ့။
ဒါကြောင့်ဦးပေါ်ဦးမင်းတရားကြီးရဲ. ရှေ.မှောက်မှာ မရှိတဲ့အခါနဲ. ကြုံရင် အသည်ဝန်ကြီးက ကုန်းတိုက် ချောပစ်စကား လျှောက်ထားတယ်။
'ဦးပေါ်ဦးကို သတိထားတော်မူပါဘုရား၊ နေ.ညမစဲ သူ.အိမ်မှာ လူသူတရုန်းရုန်းနဲ. အရှင့်ကို မကောင်းကြံနေ တယ်လို. သိုးသိုးသန်.သန်. ကြားရပါတယ်ဘုရား'
ဦးပေါ်ဦးကိုမကြည်မသာဖြစ်နေတဲ့အချိန်မှာ ရွေးပြီးတင်တာဖြစ်ပေမယ့် မင်းတရားကြီးယုံတော်မမူဘူး။ ဒါပေမယ့် ပေါ်လဇနက နဲ. အရိဌဇနက ညီအစ်ကိုအရင်းကြီးတောင်ကုန်းချောစကားကြောင့် စစ်ဖြစ်ကြ သေးတာပဲ။ အခုဟာကကျွန်နဲ.အရှင်ပဲဟာကို။
အသည်ဝန်ကြီးတင်သလို အခြားဝန်ကြီးတစ်ယောက်စနှစ်ယောက်စကလည်းအခွင့်သင့်ရင် သင့်သလိုတင်ကြ၊ အသည်ဝန်ကြီးကလည်းမလျှော့သောဇွဲနဲ. အချိန်အခါအလိုက်တွန်းထိုးတယ်။ အချိန်လည်းကြာ ကြိမ်ဖန်များစွာလည်းဖြစ်လာတဲ့အခါမှာ မင်းတရားကြီး သံသယဝင်လာပြီလေ။
'အင်း ... ဟုတ်သော်ရှိ မဟုတ်သော်ရှိ ထောက်ကြည့်ဦးမှပဲ'
ဒါကြောင့် ညညီလာခံအစဲမှာ ဦးပေါ်ဦးနေခဲ့ဖို. အမိန်.တော်ရှိတယ်။ ကျွန်အရှင်နှစ်ဖော်ကျန်ခဲ့တော့မှ တောထွက်ပြီး ရဟန်းဝတ်လိုကြောင်း မိန်.တော်မူတယ်။
ထေရဝါဒဗုဒ္ဓဝါဒီတို.အတွက် နိက္ခမစောပြီး တောထွက်တဲ့ရဟန်းအလုပ်ဟာ အကြီးအမြတ်ဆုံးပဲလေ၊ ဦးပေါ်ဦးလည်း သဘောရိုးနဲ. ကောင်းလှကြောင်းပါဘုရားပေါ့။
ဒါကိုလည်း တင်လိုက်ရောမင်းတရားကြီးအနေနဲ. မျက်နှာကြီးညိုမည်းပြီး သုတ်ခနဲ ထထွက်သွားတော် မူတော့တယ်။
ဒီအခါကျတော့မှ သူ.အကြောင်းမကောင်းစကားတင်လျှောက်သံတွေကို ဦးပေါ်ဦးကြားယောင်လာတယ်။ ဒီလို ကြားယောင်တော့မှ ဟာ....ငါမှားပြီိလို.သိတယ်။ သက်ဦးဆံပိုင်ဘုရင်အထင်လွဲသွားပြီ။ သေဘေးဟာ အချိန်မရွေးရောက်လာနိုင်တယ်။ ဦးပေါ်ဦးဘယ်လိုလုပ်မလဲ။ အိမ်ကိုပြန်ရောက်တော့လည်းစားဖို. အိပ်ဖို. သတိမရတော့ဘူး။ 'ဘယ်လိုလုပ်ရပါ့ဘယ်လိုလုပ်ရပါ့'နုသတိကိုပဲ စီးဖျန်းနေမိတော့တယ်။ တစ်ညလုံး အကြံထုတ်လိုက်တာ အာရုဏ်တက်တော့မှပဲ အကြံရတယ်။ ဒါကြောင့် အဆောင်ကို တစ်ယောက်ကိုခေါ်ပြီး ခေါင်းတုံးတုံးတယ်။ အဲဒီနောက်ပိတ်ဖြူ ဝတ်ပြီးဖိုးသူတော်လုပ်တယ်။ ဖိုးသူတော်ဦးပေါ်ဦးအနေနဲ. ပေထုပ် တစ်ထုပ်ကို ထမ်းပြီး ပုတီးတစ်ကုံး၊ တောင်ဝှေး တစ်ချောင်း၊ ကြေးစည်တစ်လုံးဆွဲလို. နန်းတော်ကို ထွက်လာခဲ့တယ်။
အရှေ.စမုဒ်မှာ မျက်နှာသစ်တော်ရေ ဆက်သတဲ့အမှုတော်ထမ်းတွေ အသင့်ရှိနေကြပြီ။ ဦးပေါ်ဦးကလည်း ကြေးစည်တနောင်နောင်နဲ.ပေါ့။
ဟော.....လေးချက်တီးပြီ။
မင်းတရားကြီးမျက်နှာသစ်ဖို. ထွက်စံတော်မူလာတယ်။ ကြေးစည်သံတလွင်လွင်နဲ. ဖိုးသူတော်ကိုမြင်တယ်။ ဟာ ...ဦးပေါ်ဦးပါကလား။
'ဟဲ့....ပေါ်ဦး၊ ပိတ်ဖြူစည်းပြီး၊ ကြေးစည်သံတနောင်နောင်နဲ. ဘာပြုလို.အခမဲ့ ခစားလာရသလဲ မောင်မင်း'
'အရှင့် ရွှေဘုန်းတော်ကြောင့် ဘုရာ့ကျွန် ဝန်ငပေါ်ဦးဟာ အရှင်မင်းကြီးတောထွက်တော်မူရာမှာ သိဒ္ဓတ္တကုမာရ အနော်မာသောင်သို. တောအထွက်၌ ဖွားဖက်တော်ငဆန်သည် နောက်တော်မှ ထက်ကြပ်လိုက်ပါသကဲ့သို. ပါရမီတော်ကိုကူညီဖြည့်စွမ်းပြီး ဝတ်ကြီးဝတ်ငယ်ပြုစုရန်အတွက် လာရောက်စောင့်ဆိုင်းနေတာ ဖြစ်ကြောင်းပါဘုရား'
ဒီအချက်တစ်ချက်တည်းနဲ.ပဲ ဘိုးတော်မင်းတရားအနေနဲ.ဦးပေါ်ဦးကို အထင်လွဲတာ ပျက်ပြယ်သွားတယ်။
'ကြည့်စမ်း ပေါ်ဦးဟာ အသည်ဝန်ကြီးနဲ. အမတ်တစ်ချို. ကုန်းချောသလို မဟုတ်ပါကလား။ ငါ့ကိုပေါ်ဦးဟာ တစ်ကယ် ချစ်တဲ့အတွက် သူပါလိုက်ပြီး တောထွက်မယ်ဆိုပြီး လုပ်လာတာပါကလား'
လို. တွေးတော်မူတဲ့အတွက် ဖြစ်ပေတော့တယ်။ ဒါကြောင့်မင်းတရားကြီးဟာ နှစ်ခြိုက်စွာပြုံးတော်မူတယ်။
'ငါက တောထွက်ဖို. ကြံရုံပဲ ရှိသေးတာပါဟဲ့ ပေါ်ဦးရဲ. ၊ ကဲ....အခုတော့အိမ်ကိုပြန်ပေဦး၊ ကိုယ်တော်ရှင်မြတ် တစ်ကယ်တောထွက်မှ ခေါ်တော်မူမယ်'
ဒီအခါကျမှ ဦးပေါ်ဦးခမျာ ဟင်းချနိုင်တယ်။ ဒါပေမယ့် သျှောင်တစ်လုံး ဆုံးခဲ့ရပြီကော။
ဆက်ဖတ်ရန် . . . .
ငှက်တစ်ကောင် အကြောင်း
'ဟဲ့....ပေါ်ဦး၊ တောင်ငါးလုံးပိတ်ဖုံးကာခို ရာဇဂြိုလ်ရွှေပြည်ကြီးလို. အများသူငါ ခေါ်ဝေါ်သမုတ်ကြတဲ့ မင်းနေပြည်ကြီးကို ကာရံပတ်ခြုံနေတဲ့တောင်ငါးလုံးအနက် နောက်ဆုံးတောင်ကိုဂိစ္စကုဋ်တောင်လို. ခေါ်တာဟာ တောင်ကိုက လင်းတနဲ. တူလို.လား၊ သို.မဟုတ် တောင်ထိပ်မှာလင်းတတွေ နေလို.လား မောင်မင်း'
'မှန်လှပါ ဘုရား၊ တောင်ငါးလုံးရဲ. အမည်တွေကတော့ ပဏ္ဍာ၊ ဝေဘူလ၊ ဝေဘာလ၊ ဣသီဂီလ၊ ဂိစ္စကုဋ်တို.ဖြစ်ကြောင်းပါဘုရား'
'အနို. ဂိစ္စကုဋဋ် ခေါ်ရခြင်းကတော့ကွယ်'
'တောင်ရဲ.အထွတ်မှာ လင်းတတွေ ကျက်စားပါသဖြင့် ပါဋ္ဌိဝေါဟာရအားဖြင့် ဂစ္စခေါ်ခြင်းဖြစ်ကြောင်းပါ ဘုရား'
'အေးကွယ်၊ သို.သော်လည်း ကိုယ့်တော့်စိတ်ထဲ မရှင်းတာရှိနေတယ်။ လင်းတအခေါ်အဝေါ်မှာ တစ်ချို.က လကလေးနဲ လင်းတ ရေးကြပြီး၊ တစ်ချို.ကလည်း ဋ္ဌကြီးနဲ. ဋ္ဌင်းတရေးကြတယ် မောင်မင်း ၊ ဝိဝါဒမကွဲဘူး မောင်မင်း'
'မှန်လှပါ ၊ ဘုန်းတော်ကြောင့် ......'
ဦးပေါ်ဦးက လက်အုပ်ချီပြီါ် ပါးစပ်ပြင်ရုံရှိသေးတယ်။ ဘာတစ်လုံးမျှမတင်ရသေးခင် နောက်အမေးက ဆင့်လာတယ်။
'တောက်မဲ့ကြောင့် ရေးသားရသတုန်း မောင်မင်း ၊ ခွဲထားတာရှိသလားဟဲ့'
ခွဲထားဆိုတာ ကျွတ်ကျွတ်ဆူနဲ. ကြွက်သတ္တဝါ။ ကြန်အင်လက္ခဏာ၊ အကြံအစည်နဲ. အကျန်အကြွင်းမှာ ကျွက်နဲ. ကြွက်၊ ကြန်၊ကြံနှင့် ကျန်တို.ဟာ အသံထွက်တူပြီး အဓိပ္ပာယ် မတူတာကိုခေါ်တာပဲ။ အဲဒါဟာ ခွဲထားပဲ။ အဲဒါလိုဟာမျိုး မှန်သမျှဟာ ခွဲထားပေါ့။
'ခွဲထားမရှိကြောင်းပါ ဘုရား'
မင်းတရားကြီးမကျေလည်သေးပါ။ အမေးတော်ကထပ်ဆင့်လာပြန်ချေသေးရဲ.။
'ခွဲထားမရှိဘဲနဲ. ဋ္ဌကြီးနဲ. ရေးတဲ့အကြောင်း ကိုယ်တော်သိချင်တယ် မောင်မင်း'
အတော်ခွကျတဲ့ အမေးတော်ဖြစ်တယ်။ အတူခစားနေသော အခြားအမတ်တွေလည်း ဦးပေါ်ဦးကို လှမ်းကြည့်ကြတယ်။ အမတ်ကြီးဘယ်လိုများဖြေမှာပါလိမ့်။
'လ ကလေးနဲ. ဋ္ဌကြီးကို ဘယ်နေရာမှာ ဘာသုံးရမယ် ဆိုတဲ့အဆိုအမိန်.များ ၊ စာပေကျမ်းဂန်များမှာ မတွေ. ဘူးကြောင်းပါဘုရား၊ သို.ရာတွင် ကျွန်တော်မျိုး၏သဘောအရမူ ငှက်တကာတို.ထက် အကျည်းတန်တဲ့ ဋ္ဌင်းတကို အက္ခရာတကာတို.ထက် အရုပ်ဆိုးတဲ့ ဋ္ဌကြီးနဲ.ရေးမှသာ လိုက်ဖက်သင့်လျော်မည် ထင်မိကြောင်းပါ ဘုရား'
မင်းတရားကြီးမှာရွှေဘောတော်ကျသွားတယ်။ 'ဟုတ်ပေသားပဲ'ဆိုကာရယ်မောတယ်။ အမတ်တွေလည်း ခိုးခိုးခွိခွိ ဖြစ်ကုန်လေရဲ.။
ဆက်ဖတ်ရန် . . . .
Wednesday, September 8, 2010
ရှုတိုင်းလှသည့်သာလွတ်ထွတ်တင်ဇာတ်လမ်း(တက္ကသိုလ်ဘုန်းနိုင်)
(၁)
စာဆို (၀ါ) ကဗျာဆရာဟူသည် စိတ်နှင့် အလွန်နီးစပ်သူတို့ ဖြစ်ကြလေသည်။
အမှန်ဆိုရလျှင် လူမှန်သမျှ၌ ကိုယ်အလုပ်၊ နှုတ်အလုပ်၊ စိတ်အလုပ် ရှိကြသည်ချည်း ဖြစ်လေသည်။ လူမှန်သမျှ၌ တွေးခြင်း၊ ကြံခြင်း၊ ဆင်ခြင်ခြင်း၊ သုံးသပ်ခြင်း၊ ခံစားခြင်းတို့ ရှိကြသည်ချည်း ဖြစ်လေသည်။ လူတိုင်း၌ အထက် ဆောင်းပါးတခုတွင် ကျွန်တော် တင်ပြခဲ့သကဲ့သို့ သူ့ကိုနားလည်ရေးအတွက် သူ့နေရာတွင် ကိုယ်ဝင်ကြည့်လိုက်ခြင်းစွမ်းရည် [အင်ပသီ]၊ သူခံစားသကဲ့သို့ လိုက်ခံစားမှုတူညီခြင်း စွမ်းရည် [ဆင်ပသီ] မရှိမဟုတ်၊ ရှိကြသည်ချည်း ဖြစ်လေသည်။ ထို့ကြောင့်လည်း သာမန်တိရစ္ဆာန်တို့၌ မရှိသော မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပက္ခာ ဟုခေါ်သည့် ဗြဟ္မာစိုရ်တရား မည်သော စိတ်အရည်အသွေးတို့သည် လူ၌ ရှိသည်။
စာဆိုများ၌ ထူးခြားသော အာရုံထက်မြက်ခြင်း [Special sensitivity] ရှိသည်ကို ခေါမပညာရှင်ကြီး အရစ္စတိုတယ်လ် လက်ထက်ကတည်းက အသိအမှတ်ပြုခဲ့ကြောင်း ကျွန်တော် ရေးခဲ့ပြီးပြီ။ သူတို့ကား ပြင်ပလောကမှ အာရုံများကို ဖမ်းရာ၌ သာမန်လူများထက် ပို ထက်မြက်သည်။ ထို့ကြောင့်လည်း သူတကာ မမြင်သည်ကို သူတို့ မြင်တတ်သည်။ သူတကာ သတိမပြုမိသည်ကို သူတို့ သတိပြုမိတတ်သည်။ သူတကာ မခံစားတတ်သည်ကို သူတို့ လိုက်ခံစားတတ်သည်။ သူတကာ မတွေးမိသည်ကိုလည်း သူတို့ တွေးမိ တတ်ကြသည်။ သူတို့သည် အခြားသူများ၏ အထက်၌ ရှိနေသည်ဟု ကျွန်တော် မဆိုလိုပါ။ ဥာဏ်သဘော သက်သက်အရာ၌ သူတို့ထက် သာလွန်သူများ ရှိပါသည်။ သူတို့ ၀ါသနာ၊ သူတို့ အလေ့အထကြောင့် အာရုံထက်မြက်ခြင်း အထူးရှိကြောင်းကိုသာ ဆိုလိုပါသည်။
သူတို့အလုပ်ကလည်း လောက၌ ဖြစ်နေသည်ကို ကြည့်သည်။ မှတ်သည်။ ကြည့်ရုံ မှတ်ရုံနှင့် မရပ်သေး၊ တွေးသည်၊ ကြံသည်၊ ဆင်ခြင်သည်၊ သုံးသပ်သည်။ တပြိုင်နက်တွင် လိုက်လည်း ခံစားသည်။ ခံစားရုံမက... ခံစားမှုကိုလည်း သိနေသေးသည်။ တဖန် သူတို့က ဤမျှနှင့် မရပ်သေးဘဲ သူတို့ မြင်သမျှ၊ တွေးသမျှ၊ ခံစားမိသမျှတွေကို တပါးသူအား ထပ်ဆင့် ဝေမျှ ပေးချင်ကြသေးသည်။ သည်အတွက်.... ကိုယ့်စိတ်ကိုလည်း သိမြင်နားလည်ရသည်။ သူတပါး စိတ်ကိုလည်း သိမြင်နားလည်ရသည်။ ထို့ကြောင့် စာဆို (၀ါ) ကဗျာဆရာ ဟူသည် စိတ်နှင့် အလွန်နီးစပ်သူတွေ ဖြစ်သည်ဟု ကျွန်တော် ဆိုခဲ့သည်။ စိတ်၊ စေတသိက်တွေကို အလွန်သတိပြုမူတတ်သူဟု ဆိုလိုရင်း ဖြစ်ပါသည်။ မိမိ၏ စိတ် စေတသိက်တွေကိုလည်း သတိပြုမိတတ်သည်။ သူတပါး၏ စိတ်စေတသိတက်တွေကိုလည်း သတိပြုမိတတ်သည်။ သည်လိုဖြင့် သူတို့သည် လူ့လောက၌ အလွန် 'ကိုယ်ချင်းဖလှယ်ကြည့်နိုင်' တတ်ပြီး အလွန်လည်း 'ကိုယ်ချင်းစာတရား' ရှိတတ်ကြသည်။
ကိုယ်ချင်းဖလှယ်ကြည့်နိုင်မှ ကိုယ်ချင်းစာတရားရှိနိုင်ကြောင်းကိုလည်း ကျွန်တော်ရေးခဲ့ ပြီးပါပြီ။
တခါတရံ ကိုယ်ချင်းစာတရားမှ ထွက်လာသော သူတို့ စာသည် အလွန်သိမ်မွေ့တတ်လေရာ အပေါ်ရံ လျှပ်ကြည့်ရုံနှင့် နားလည်ရန် ခက်ခဲသည်။
ဤကဲ့သို့ နားလည်ရန် ခက်ခဲသော သဘောကို မမျှော်လင့်သော ခေတ်တခုမှ မမျှော်လင့်သော စာဆိုတဦး၏ မမျှော်လင့်သော စာပေပုံသဏ္ဍာန် တခုအတွင်း၌ ကျွန်တော် တွေ့မိခဲ့သည်။
(၂)
ပထမ အင်းဝခေတ်ကြီးသည် အဓိကအားဖြင့် ပျို့ခေတ်ကြီးဖြစ်လေသည်။ ပျို့ခေတ်ကြီးကို ဦးဆောင်သူ များမှာ ရှင်မဟာသီလ၀ံသ၊ ရှင်မဟာရဌသာရ စသော ရဟန်းစာဆိုများ ဖြစ်ကြလေသည်။ ရဟန်းစာဆိုများ၏ မေတ္တာနှင့် စေတနာကား လူတို့ကို လိမ္မာ ယဉ်ကျေးစေလိုခြင်း ဖြစ်လေသည်။ ထိုအရှင်များ၏ စာများသည် ယေဘူယျဆိုလျှင် ပုဂ္ဂလိက အတ္တခံစားမှုကို အသားမပေး။ ရှေ့တန်းမတင်။ ဘုရားဟော ဇာတ်တော်များမှ တရားဓမ္မများ လူတို့စိတ်တွင် မြဲစွာ ပြန့်ပွားရန်သာ ဂရုဓမ္မ ထားတော်မူကြသည်။
တောင်ငူခေတ်ကား လူစာဆိုတို့၏ ခေတ်ကြီးဖြစ်လေသည်။ လူစာဆိုတို့ ခေတ်ပီပီ ပုထုဇဉ်လူသားဘ၀ ကို သူတို့စာတွေက ရောင်ပြန်ဟပ်ပြသည်။
တောင်ငူခေတ်၌ ဧချင်း၊ ရွှေနားတော်သွင်း၊ ရတု ဟူသည့် စာပေပုံသဏ္ဍာန်များ ခေတ်စားသည်။
ရောမအင်ပိုင်ယာကြီး အပြီး၌ ဥရောပသည် အစိတ်စိတ် အမွှာမွှာကွဲသကဲ့သို့ ပထမအင်းဝခေတ်ကြီး အပြီးတွင် မြန်မာနိုင်ငံတော်ကြီးလည်း အစိတ်စိတ် အမွှာမွှာ ကွဲနေသည်။
ရောမအင်ပိုင်ယာ တန်ခိုးထွားစဉ်က ဥရောပသည် ငြိမ်းချမ်းနေရာ... ထိုငြိမ်းချမ်းရေးကြီးကို ကမ္ဘာ့သမိုင်း၌ ပက်(စ်)ရိုးမားန [Pax Romana] ဟုခေါ်သည်။ ရောမက ထိန်းသိမ်းကြပ်မတ်ထားသော ငြိမ်းချမ်းရေးဟု အဓိပ္ပါယ်ရှိသည်။ ရောမအင်ပိုင်ယာကြီး ပျက်စီသွားသောအခါ ဥရောပသည် အစိတ်စိတ် အမွှာအမွှာကွဲသွားပြီး ပဒေသရာဇ်မင်းငယ်တို့ တဦးနှင့်တဦး အပြိုင်အဆိုင် တိုက်ခိုက်ကြ၍ စစ်မက်ထူပြော လာသည်။ ရှေးယခင် ရောမအင်ပိုင်ယာကြီးကဲ့သို့ ပြန်လည် တည်တံ့ ငြိမ်းချမ်းရန် လက်ရုံးရည် နှလုံးရည်သုံးပြီး ကြိုးပမ်းကြသည့် တန်ခိုး အတန်အသင့်ကြီးသည့် ဘုရင်များ ပေါ်ပေါက်လာကြသည်။ဥပမာ.. ဘုရင်ကလိုးဗစ်(စ်) [King Clovis][466-511အေဒီ] ဧကရာဇ်ရှားလ်မိန်း [Emperor Charlemagne][742-814 AD] သူရို့၏ ကြိုးပမ်းချက်သည် ရာခိုင်နှုန်းပြည့် မအောင်မြင်။ အလယ်ခေတ် [Middle Age] အတွင်း၌ စစ်ပွဲများ မစဲ။ ရာခိုင်နှုန်းပြည့် ငြိမ်းချမ်းရေး မရ။
မြန်မာနိုင်ငံတွင်လည်း ပုဂံငြိမ်းချမ်းရေးခေတ်ကြီး၊ ပထမအင်းဝ ငြိမ်းချမ်းရေး ခေတ်ကြီးတွေ ပျက်ပြီးနောက် စစ်မက်ထူပြောသော ပဒေသရာဇ်ခေတ်တွေ ပေါ်လာသည်။ ဘုရင့်နောင်သည် လက်ရုံးရည် နှလုံးရည်ဖြင့် ငြိမ်းချမ်းရေးခေတ်ကြီးတခေတ်ကို တည်ထောင်ပေးခဲ့သည်။ သို့ရာတွင် ဘုရင့်နောင် နတ်ရွာစံ ပြီးနောက် မငြိမ်းချမ်းသော ပဒေသရာဇ်မင်းငယ်တို့၏ ခေတ်သည် ပေါ်လာပြန်သည်။ ညောင်ရမ်းမင်းတြားကြီးနှင့် သားတော် အနောက်ဘက်လွန်မင်းတြားကြီး(မဟာဓမ္မရာဇာ)တို့သည် အပျက်တွေကြားမှ နိုင်ငံတော်သစ်ကို ပြန်လည် ထူထောင်ကြရသည်။ အစိတ်စိတ်အမွှာမွှာ ကွဲနေသည်ကို ပြန်လည် ဆက်စပ် စည်းရုံးယူကြရသည်။ မငြိမ်းချမ်းသော ပဒေသရာဇ်မင်းငယ်တို့၏ သူတလူငါတမင်း ခေတ်မျိုးမှ ဗဟိုမှ ထိန်းသိမ်း ကြပ်မတ်မှုရှိသည့် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးခေတ်သစ်ကြီးတခုကို ထူထောင်ကြရသည်။
သည်လို ကြိုးပမ်းမှုမျိုးတွင် လက်ရုံးရည်ရော၊ နှလုံးရည်ပါ လိုလေသည်။ ကမ္ဘာ့သမိုင်း ဖြစ်စဉ်အရ အပျက်တွေနှင့် အဖျက်သမားတွေကို ရင်ဆိုင်ရ ဖြေရှင်းရသောအခါ လက်ရုံးရေးရာသည် ရှေးဦးစွာ ထင်ရှား အရေးပါလာတတ်သည်။
တောင်ငူခေတ်ဟုခေါ်သော ခေတ်အတွင်း၌ တိုင်ပြုပြည်ပြုရေးအတွက် မလွဲမရှောင်သာသော လက်ရုံးစွမ်းရည် လိုအပ်လှပေရာ... လူ စာဆိုတို့၏ ကဗျာများတွင် လက်ရုံးရည်ကို အားပေးချီးမွမ်းလှုံ့ဆော်သည့် ဧချင်းများ၊ ရွှေနားတော်သွင်း ကဗျာများ ခေတ်စားခဲ့သည့်မှာ မဆန်းဟု ထင်သည်။
ရတုသည်လည်း တောင်ငူခေတ်၏ ထူးကဲသော စာပေပုံသဏ္ဍာန် တခုဖြစ်လေသည်။
ထိုခေတ်က စာဆိုတို့သည် မိမိတို့ကိုယ်တိုင်လည်း လက်ရုံးရည်ရှိသော သူရဲကောင်းတပိုင်း ဖြစ်ကြလေ သည်။ သူတို့သည် နှလုံးသားရှိသော စစ်သည် [soldiers with hearts] များ ဖြစ်ကြလေသည်။ သူတို့သည် ဝေးလံခေါင်ဖျားသော အရပ်တပါးတွေဆီ သွားကြရသည်။ လူသူကင်းမဲ့သော တောတောင်ရေမြေ ခရီးတွေ နှင်ခဲ့ကြရသည်။ မြို့ပြ အိမ်ယာ ချစ်သူ ခင်သူတို့နှင့် ဝေးရာ၌ ကျင်လည်နေထိုင်ရသည်။ တာဝန်သိမှုက သူတို့ကို သူရဲကောင်း ဖြစ်စေသည်။ နှစ်လုံးသား ရှိမှုက ချစ်-လွမ်း ရိပ်လွှမ်းသည့် အနုအလှကဗျာ [Romance Poems] များကို ဖန်တီးမှု ဖြစ်စေသည်။
အနုအလှကဗျာများ (၀ါ) ရိုးမင့်(စ်) ကဗျာများသည် လိုင်းရစ် [Lyric] ကဗျာ အမျိုးအစားတွင် ပါဝင်သည်။ လိုင်းရစ်ကဗျာမျိုးကား ဗဟိဒ္ဓခေါ် ပြင်ပ အဖြစ်အပျက် [external events] များ၌ အာရုံမထား။ စာဆို၏ ပုဂ္ဂလိက ခံစားမှုနှင့် စိတ်ညွတ်မှုများ [Personal emotion and sentiment] များကိုသာ ဖော်ကျူးသည်။ အလွန်ပုထုဇဉ်ဆန်သော ကဗျာမျိုး ဖြစ်လေသည်။
လက်ရုံးရည်ခေတ်ဖြစ်သော ဥရောပ၏ အလယ်ခေတ်တွင် ရိုးမင့်စ် ကဗျာများ ထွန်းကားခေတ်စားသည်။ အလားတူ ဖြစ်သော တောင်ငူခေတ်တွင်လည်း ဘုရားတိုင်၊ စစ်ချီ၊ မိုးဘွဲ့၊ ဆောင်းဘွဲ့၊ မယ်ဘွဲ့၊ မောင်ဘွဲ့၊ သစ္စာတိုင် စသော အနုအလှ ကဗျာမျိုး ရတုတို့ ထွန်းကားခေတ်စားသည်။ သမိုင်းပေး အခြေအနေနှင့် လူသားတို့၏ နှလုံးသားတို့ ထိတွေ့ရာမှ ပေါ်လာသော ဓမ္မတာ အကျိုးတရပ် ဖြစ်လေသည်။
လှော်ကားသုံးထောင်မှူး၊ ပြည်န၀ဒေးကြီး၊ နတ်သျှင်နောင်၊ မင်းဇေယျရန္တမိတ်၊ ရှင်သံခို တို့၏ ရတုများကို ဤသို့လျှင် အနုအလှကဗျာတွေ ဖြစ်သာ ယေဘူယျ ကျွန်တော်နားလည်ထားခဲ့သည်။
သို့ရာတွင် ရှင်သံခို၏ 'သာလွတ်ထွတ်တင်' ချီ ရတုပိုဒ်စုံက ကျွန်တော့်ဦးနှောက်ကို များစွာ.... များစွာ အလုပ်ပေးခဲ့သည်။ သူ့ ဤရတုကို သာမန် ချစ်-လွမ်း အနုအလှကဗျာတပိုဒ်ဟု ကျွန်တော် မမြင်ဝံ့။ မမြင်ရဲ...။
(၃)
"သာလွတ်ထွတ်တင်၊ မင်းသာရွှင်၍၊ သဘင်မပြတ်၊ နေ့တိုင်းပတ်သား၊ ပြသာဒ်ပြောင်ရွှန်း၊ မြို့ဘုံနန်းနှင့်၊ ရံဝန်းကိုးမည်၊ ရွှေသားလည်သည်....."
ရတု၏ ဤမျှအထိသည် အနောက်ဘက်လွန်မင်းစံရာ အင်းဝရွှေနန်းတော်ကြီး၏ ကျက်သရေနှင့် ခမ်းနားတင့်တယ်ပုံကို ပြသည်။ သည်လိုဆိုလျှင် ပျော်ဖွယ် မကောင်းပေဘူးလော။
ရှင်သံခို ဆက်၍စပ်ပုံကို ကြည့်ပါ။
"ပျော်မည်မှာဝေး၊ တရေးရေးတည့်၊ ကျော်မွှေးသတင်း၊ ပြည်ထောင်ချင်းတို့၊ ရန်တင်းမ၀ံ့၊ မာန်ကိုညံ့သည်၊ ပေါက်ပျံ့သာနာ၊ ကေတုမှာသို့...."
ပျော်စရာမကောင်းပါ။ အနည်းဆုံး တယောက်သော သူကလေးအတွက်က ပျော်စရာမကောင်းပါ။ ထိုသူကလေးသည် မူလက သူနေခဲ့ရာ ကေတုမတီ တောင်ငူမှာကဲ့သို့ မပျော်ပါ။ ပျော်ရန်ဝေးပါဘိ။
လက်ရှိ ဧကရာဇ်၏ အနောက်ဘက်လွန်မင်တြား၏ အင်းဝနေပြည်တော်ကို နှိမ်ပြီး ယခုအခါ လက်အောက်ခံ မြို့ဖြစ်နေသော ကေတုမတီတောင်ငူက သာသယောင် ဖွဲ့စပ်ခြင်းကပင် အပြစ်ကြီးလှပြီ။
ရှင်သံခိုက ဤမျှနှင့် မရပ်သေးဘဲ -
"အာဏာလွှမ်းမိုး၊ ဆင့်ကာကြိုးလျှင်၊ ဖြန့်တိုးဝှန့်လှိုက်၊ ဖြုန်းဖြုန်းပြိုက်သည်၊ ရီမိုက်မှိုင်းမျှ ဆွတ်ရှာသောဝ်။" - ဟု မကြောက်မရွံ့ ဆက်ဆိုသည်။
ဤတွင် အင်းဝ ရွှေနန်းတော်တွင်း၌ မပျော်ရှာသော တယောက်သောသူကလေးသည် မည်သူဖြစ် ကြောင်း ပေါ်လာသည်။ သူ့ကို မပျော်အောင် လုပ်နေသူ တရားခံသည် မည်သူဖြစ်ကြောင်းလည်း ပေါ်လာသည်။ "အာဏာလွှမ်းမိုး၊ ဆင့်ကာကြိုးလျှင်...." ဤအပိုဒ်က သဲလွန်စပေးသည်။
ပဒေသရာဇ် ဧကရာဇ်ခေတ်ထုံးစံနှင့်အညီ.... တောင်ငူကို နိုင်ပြီးသောအခါ တောင်ငူက မိန်းမချော၊ မိန်းမလှများကို နိုင်သူမင်းက အင်းဝသို့ ဆောင်ယူခဲ့သည်။ ယခု ထိုကဲ့သို့ မိန်းမချော မင်းသမီးလေးတဦးကို အလိုမတူဘဲနှင့် ဘုရင်က မိဘုရားမြှောက်တော့မည်။ ခမျာလေး ချုံးပွဲချ ငိုကြွေးပြီး ရင်ကွဲပက်လက် ဖြစ်လိမ့်မည်ဟု ရှင်သံခိုက ကန့်ကွက်နေသည်။
အဲသည် ခမျာလေးမှာ ချစ်သူရှိသည်။ ချစ်သူမှ အသဲနင့်အောင် ချစ်ခဲ့ရသည့် ငယ်ချစ်ဦး....။
"ပြာလတ်မွတ်စင်၊ နောင်သာကြင်၍၊ ကေသျှင်မြခက်၊ ဖြာစရွက်လည်း၊ နားထက်မခွေ၊ စုလည်းပြေနှင့်၊ တင့်နေကျစ်လစ်၊ စမ္ပယ်သစ်က၊ ကျွမ်းချစ်ရအောင်၊ ကြိုးသည့်နောင်မူ....."
ဤစကားများနှင့် ခမျာလေး၏ ချစ်သူကို ဖော်ပြသည်။
ကြိုးသည့်နောင်....။ နောင်......။
ရှေးဆရာတို့က နောင် ဆိုသည်မှာ စစ်ရှုံးဘုရင် နတ်ရှင်နောင်ကို ဆိုလိုသည်။ ယခု အနောက်ဘက်လွန်မင်း မိဘုရားမြှောက်မည့် ခမျာလေး၏ ချစ်သူမှာ... ဟိုအဝေးမှာ ကျန်ရစ်သည့်.... နတ်ရှင်နောင်။
ဤရတုကြောင့် အနောက်ဘက်လွန်မင်းတြား ရာဇမာန်တော်ရှ၍ ရှင်သံခိုအား ကွပ်မျက်မည် ပြုသည်။ ပြည်ငထင်ငယ် လျှောက်ထားတောင်းပန်မှ ရှင်သံခိုကို အသက်ချမ်းသာပေးသည်။
သမိုင်းကား ဤသို့ဆိုထားသော်လည်း ကျွန်တော့်စိတ်တွင်း၌ တစုံတရာ မကျေမလည်ဖြစ်နေသည်။
ပဒေသရာဇ်၊ ဧကရာဇ်စံနစ်တွင် အောင်နိုင်သူက ရှုံးသူ၏ သမီး၊ နှမတို့ကို သိမ်းယူ မိဘုရားမြှောက်ခြင်းမှာ အဆန်းမဟုတ်။ ထုံးစံ..။ အစဉ်အလာ...။ ရှုံးသည့်ကိစ္စထားဦး၊ အညံ့ခံသောအခါ၊ အောက်ကျို့ မဟာမိတ်ပြုသောအခါများတွင်လည်း နှမ၊ သမီးကညာတို့ကို ဆက်သလေ့ရှိသည်။
ဤမဆန်းသော ထုံးစံ ရှိနေကြားက.. အဆန်းလုပ်ပြီး ရှင်သံခိုသည် 'သာလွတ်ထွတ်တင်' ချီ ရတုကို ဘာ့ကြောင့် စပ်ပါသနည်း။
ရှင်သံခိုကို မစပ်မနေနိုင်အောင် လှုံ့ဆော်တွန်းဆွသော မိုးတစ်(ဖ်) [motive] ခေါ် ဇောစေတနာက ဘာပါသနည်း။
ရှင်သံခိုသည် အနောက်ဘက်လွန်မင်းတြားအပေါ် ရန်ညှိုးသို မုန်းတီးသူ ဖြစ်သောကြောင့် သိက္ခာချခြင်းလော။
ဤသို့ဆိုရန်မှာ ခက်သည်။ သက္ကရာဇ် ၉၇၂ ခုနှစ်တွင် မင်းတြားကြီး တောင်ငူကို အလိုတော်ပြည့် ကတည်းက မင်းတြားကြီး၏ ဘုန်းတော်ဘွဲ့ကို ရှင်သံခို ရေးသားဆက်သွင်းခဲ့သည်။ နတ်ရှင်နောင်ကို ဘုရင်ခံအဖြစ်နှင့် တောင်ငူတွင် အုပ်စိုးစေပြီး မင်းတြားကြီး အင်းဝသို့ အပြန်တွင် ရှင်သံခိုလည်း လိုက်ပါလာခဲ့သည်။ ပြိုကွဲပျက်စီးနေသည့် နိုင်ငံတော်ကြီးကို ပြန်လည်စုစည်း တည်ထောင်နေသည့် မင်းတြားကြီး၏ စေတနာနှင့် ဘုန်းလက်ရုံးကို ရှင်သံခို ကြည်ညိုလေးစားသည်။ နောင်၌ စပ်သော 'မင်းရဲဒိဗ္ဗဧချင်း' သည် ရှင်သံခို၏ စံပြုရသော လက်ရာဖြစ်သည်။ ထိုဧချင်းတွင် မင်းတြားကြီးနှင့် ဘေးလောင်းတော်၊ ဘိုးလောင်းတော်တို့ စွမ်းရည်များကို လေးလေးစားစား ကြည်ကြည်ညိုညို စပ်ထားသည်။ မင်းတြားကြီး၏ လက်ထက်တော်အတွင်း လက်ဆောင်ယူမှူး ရာထူးနှင့် တင့်တင့်တယ်တယ် နေခဲ့သည်။
မင်းတြားကြီးကို မုန်းတီးသောကြောင့် သိက္ခာချခြင်း မဟုတ်ကြောင်း အလွန်ထင်ရှားသည်။
မနေနိုင်၊ မထိုင်နိုင် အတင်းပြောမိခြင်း [gossiping] လော...။
ရှင်သံခို၏ ဦးရီးသည် မင်းဇေယျရန္တမိတ်ဖြစ်ပြီး၊ အဘိုးကား လှော်ကားသုံးထောင်မှူးဖြစ်၍ မျိုးရိုးသစင်ကာ အစဉ်အလာကြီးသူ ဖြစ်လေသည်။ သူရေးသော စာများကလည်း သူ၏ မြင့်မားသော ဥာဏ်ရည်နှင့် ပြည့်ဝသောပညာကို ပြနေသည်။ ရှင်သံခိုသည် သိမ်ဖျင်းသော အတင်းပြောရန် စိတ်ဓါတ် အောက်တန်းမကျ။ ဘုန်းကြီး၍ ဓါးထက်သော မင်း၏ အတွင်းရေးကို အတင်းပြောမိသည်အထိလည်း ရှင်သံခို မမိုက်မဲနိုင်။
သည်ကြားထဲက အသက်အန္တရာယ်နှင့် သေချာပေါက်နီးလှသော ဤရတုကို ရှင်သံခို ဘာ့ကြောင့် စပ်ရသနည်း။
ကျွန်တော်က 'သာလွတ်ထွတ်တင်' ချီ ရတုကို အခေါက်ခေါက် အခါခါ ဖတ်သည်။ စာဆိုဖော်လိုသော ပုံရိပ်တွေ ပေါ်လာအောင် ဖမ်းကြည့်သည်။ သူ၏ ခံစားမှု [emotion] နှင့် စိတ်ညွတ်မှု [sentiment] ကို သိနားလည်အောင် ကြိုးစားသည်။ ဆင့်တမင့်ကို နီးစပ်အောင် စိတ်ညွတ်မှုဟု ဘာသာပြန်ရသော်လည်း မပြည့်စုံပါ။ ဆင့်တမင့် ဟူသည်မှာ စိတ်သမူဟ [complex] တခု ဖြစ်လေသည်။
အပြုအမူနှင့် မှန် မှား ဆုံးဖြတ်ချက်ချရန် အခြေခံသတ္တိသဘောပေးသည့် ခံစားမှုနှင့် စိတ်သဘောထား [opinion] တို့ သိမ်မွေ့ နက်နဲစွာ ပေါင်းဖွဲ့ ပေါ်လာသော စိတ်သမူဟ ဖြစ်လေသည်။
သြော်... ဖြည်းဖြည်းနှင့် ရှင်သံခို၏ စိတ်သမူဟကို ကျွန်တော် နားလည်လာသည်။
'ရှင်ကောင်းမွတ်ပြာ၊ မဲ့ရုပ်ဝါနှင့်၊ ပြည်ရွာကိုပစ်.....'
သည်စကားတွေက 'ရှာဆွတ်လွတ်ကြင်' စသည့် ရတု၏ ဒုတိယပိုဒ်၌ ပါသည်။
ပုံရိပ်....။
မိမိချစ်မြတ်နိုးသော ဇာတိမြေ..၊ ချစ်သူခင်သူတွေကို ခွဲခွါကာ... တပါးသူ၏ တပါးမြေသို့ လိုက်ပါရသည့် မိန်းမပျို....မဟုတ်၊ မက.. မိန်းမပျိုလေးများ။
သြော်.. ကျန်ရစ်သူများလည်း မည်သို့ ကျန်ရစ်ရှာခဲ့သနည်း။
"ခေါ်ယောင်ခေါ်မှား၊ ကိုယ်ကားသည်မှာ၊ မေတ္တာအသက်၊ ပုံလျက်ဝေမှိုင်း၊ အဆိုင်းဆိုင်းတည့်၊ နေ့တိုင်းတန့်ဆည်၊ မခံ့သည်ကို......"
ဤစကားတွေက 'ပြာလွတ်မွတ်စင်' စသော ရတု၏ တတိယပိုဒ်၌ပါသည်။
ရှင်သံခိုသည် ဂုဏ်မြောက်လှသော 'စစ်ချီရတု' များလည်း စပ်ခဲ့သေးရာ.. ခေတ်၏ဓမ္မတာအတိုင်း နှလုံးသားရှိသည့် စစ်သည်စာဆို ဖြစ်လေသည်။ သူကား တာဝန်ကိုလည်းသိသည်။ နှလုံးသားလည်း ရှိသည်။
'သာလွတ်ထွတ်တင်' ချီ ရတုမှာ သူ့နှလုံးသားသန့်သန့်မှ ထွက်လာသည်။
ခေတ်၏ သဘာဝကြောင့် နိုင်ငံနှင့် ပြည်သူအကျိုးအတွက် စစ်ချီ၊ စစ်တက်၊ စစ်တိုက်ခြင်းတွေ ပြုကြရသည်။
သို့ရာတွင် တောင်ငူခေတ်နောက်ပိုင်းသည် စစ်မက်ထူပြောလှပြီး ငြိမ်းချမ်းသောကာလ ရှားပါးလှသည်။
ရှင်သံခိုသည် မငြိမ်းချမ်းသောကာလမှ ပြည်သူတွေ၏ ဘ၀ကို ကရုဏာသက်မိဟန်တူသည်။
ငိုမဲ့မဲ့ မျက်နှာလေးများနှင့် မိဝေးဘဝေး ချစ်သူခင်သူတွေနှင့် ဝေးရာ တပါးမြေသို့ လိုက်ပါခဲ့ရသူကလေး များ။
"ခေါ်ယောင်ခေါ်မှား၊ ကိုယ်ကားသည်မှာ....." ကျန်ရစ်ခဲ့ကြရသူများ...။
သူတို့ အားလုံးအပေါ် ရှင်သံခို ကရုဏာသက်သည်။ ကိုယ်ချင်းစာသည်။ တပါးသူနေရာ ကိုယ်ဝင်ကြည့် ပြီး သူ့လိုပင် ကိုယ်ခံစားမိသည်။
သည်မေတ္တာ၊ သည်ကရုဏာ၊ သည်ဇောစေတနာတွေကြောင့် 'သာလွတ်ထွတ်တင်' ချီ ရတုကို ရှင်သံခို စပ်မိသည်။
သည်ရတုသည် သာမန်.. လိုင်းရစ်ကဗျာမျိုး မဟုတ်။ အခြားရတုတွေလို စာဆို၏ ပုဂ္ဂလိက ခံစားမှုကို စပ်ပြသည်မဟုတ်။ စာဆို၏ ပုဂ္ဂလိကအချစ် နှင့် အလွမ်းကို ဖွဲ့ဆိုခဲ့သည်မဟုတ်။ သူ့ရတုက သူတပါးအကြောင်း၊ သူတပါးတွေ၏ ခံစားမှုအကြောင်း...။
သြော်.. 'စစ်နှင်ငြိမ်းချမ်းရေး' အကြောင်း စာပေဆိုလျှင် ကျွန်တော်တို့သည် တပါးနိုင်ငံမှ စာပေတို့ကို လက်ညှိုးထိုးပြ ချီမွမ်းကြသည်။
တောင်ငူခေတ်က ရှင်သံခို ရေးပြခဲ့သော ဤ 'စစ်နှင့်ငြိမ်းချမ်းရေး' ကဗျာကိုကား.. သတိမပြုမိကြ။
မိမိ၏ အသက်အန္တရာယ်ကိုပင် မမှုသော ရှင်သံခို၏ ကဗျာဇောစေတနာကို နှိုက်နှိုက်နှဲနှဲ မဆင်ချင်မိကြ။
ရှင်သံခိုကား အလွန် ကိုယ်ချင်းဖလှယ် ကြည့်နိုင်သောကြောင့် အလွန် ကိုယ်ချင်းစာနာတတ်သူ စာဆိုဖြစ်လေရာ သူ့ရတုက ပုဂ္ဂလိက အတ္တမှ လွတ်မြောက်သည့် သိမ်မွေ့လှသော မေတ္တာတရားနှင့် ကရုဏာတရားတို့ကို အလွန်နက်နဲ ညင်သာသောနည်းနှင့် လင်းလဲ့ပြလေသည်။
မြန်မာ ရှေ့ဟောင်းစာပေလောက၌ ရှင်သံခိုကဲ့သို့ စာဆိုတဦးရှိခဲ့သည်ကို ဂုဏ်ယူပါ၏။
ထိုနည်းတူစွာ ရှင်သံခိုကို နားလည်ခွင့်လွှတ်ပြီး အသက်ချမ်းသာပေးရုံမက စာဆိုတဦးအဖြစ် ဆက်လက်ချီးမြှောက်သူ အနောက်ဘက်လွန်မင်းတြားကြီးကိုလည်း ချီးမွမ်းရပေမည်။
မင်းတြားကြီး၏ အမြှော်အမြင်ကြီးမားပုံ၊ ကျေးဇူးသစ္စာသိတတ်ပုံ၊ သဘောထားကြီးပုံ၊ ပညာရှိ လူတော်လူကောင်းတို့ကို မြတ်နိုးချီးမြှောက်ပုံတို့ကို သမိုင်းစာမျက်နှာများတွင် များစွာတွေ့ရသည်။ အနောက် ဘက်လွန်မင်းတြားကား..... မင်းတြားဟူသော ၀ိသေသနဂုဏ်နှင့် ထိုက်တန်လှပေသည်။ မဟာဓမ္မရာဇာဟူသော တရားဝင်ဘွဲ့တော်သည်လည်း သင့်မြတ်မှန်ကန်လှသည်။
စာဆိုကလည်း နှလုံးသား သန့်စင် ရဲရင့်သည်။ မင်းတြားကလည်း သဘောထားကြီးမား မြင့်မြတ်သည်။
သူတို့နှစ်ဦးကား အလွန်လှပ တင့်တယ်သော သမိုင်းပန်းချီကားတကားကို ရေးခြယ်ပြသခဲ့ကြသည်ဟု ကျွန်တော်ယုံကြည်မိပါသတည်း။
တက္ကသိုလ်ဘုန်းနိုင်။
[တက္ကသိုလ်ဘုန်းနိုင်- အမြင့်သို့ အာရုံညွန့်တက်ခြင်း(သို့မဟုတ်)ကဗျာ - ပထမနှိပ်ခြင်း၊ ၂၀၀၂ ဇူလိုင် မှ ကူးယူဖော်ပြပါတယ်။]
ဆက်ဖတ်ရန် . . . .
Tuesday, September 7, 2010
ကျန်းမာရေးနဲ့ ပက်သက်တဲ့ ဆောင်းပါး
This is a very good article. Not only about the warm water after yourmeal, but about Heart Attacks . The Chinese and Japanese drink hot teawith their meals, not cold water, maybe it is time we adopt theirdrinking habit while eating.
(ဒီဆောင်းပါးလေးဟာအလွန်ကောင်းမွန်တဲ့ ကျန်းမာရေးနဲ့ပက်သက်တဲ့ဆောင်းပါး လေးပါ။)ထမင်းစားပြီးတိုင်း ရေနွေး သောက်ဖို.သတိပေးတာတခုတည်းမဟုတ်ပဲ နှလုံးခုန် ရုတ်တရက် ရပ်တန့် စေတဲ့  ရောဂါကိုလဲ သတိပေးရာရောက်ပါတယ်။ တရုတ်လူမျိုး နဲ့  ဂျပန်လူမျိုး တွေ ဟာ ထမင်းစားနေစဉ် မှာရေနွေး သောက်သုံးတဲ့  အလေ့ ရှိကြပါတယ်။ ရေအေး ( ရေခဲ ရေ သောက်သုံးလေ့ )မရှိကြပါဘူး။ ခုချိန်မှာ တော့ သူတို့ ဆီကထမင်းစား စဉ် ရေနွေးသောက်သုံး တဲ့  အလေ့ အထ ကို ပြောင်းလဲ ကျင့်သုံးသင့်ပါတယ်။
For those who like to drink cold water, this article is applicable toyou. It is nice to have a cup of cold drink after a meal. However, thecold water will solidify the oily stuff that you have just consumed.It will slow down the digestion. Once this 'sludge' reacts with theacid, it will break down and be absorbed by the intestine faster than
the solid food. It will line the intestine.. Very soon, this will turninto fats and lead to cancer. It is best to drink hot soup or warm
water after a meal.
( ခုဆောင်းပါးလေး က တော့ ထမင်းစား ပြီး တော့ ရေခဲရေသောက်သုံးသူတွေ အတွက် တော့ သက်ရောက်မှု့  ရှိပါတယ်။ တကယ်တော့ ထမင်းစားပြီးတော့ ရေခဲ ရေ ဒါမှမဟုတ် အအေး တခုခုသောက်သုံးလိုက်ခြင်း ဟာ အတော် လေး အရသာရှိပါတယ်။ ဒါပေမယ့်လည်း ရေခဲရေ ကနေပြီးတော့ မကြာခင်က မှ စားသုံးထားတဲ့  အစာတွေ ကို ဆီခဲ တွေ လိုအစိုင်အခဲ အဖြစ် ကို ရောက်စေပါတယ်။ ပြီးတော့ အဖတ်တွေ ကလဲ အက်စစ် အဖြစ်တုန့်ပြန်ပြီးတော့ အဲတာတွေ ကို ဖြိုခွဲ ပြီးတော့ အူနံရံ တွေ က နေပြီး အခဲအစာတွေထက် ပိုမို လျှင်မြန်စွာ စုပ်ယူပါလိမ့်မယ်။ အဲတာ တွေ ဟာ အူထဲ မှာသွားပြီးတော့ စီတန်းနေပါပြီ။ မကြာခင်ပဲ အဲတာ တွေ ဟာ အဆီခဲ အဖြစ်ပြောင်းလဲ သွားပြီးတော့ ကင်ဆာ ရောဂါ ကို ဖြစ်စေ ဖို့  ဦးတည်နိုင်ပါတယ်။အကောင်းဆုံး ကတော့ အစာ စားပြီးတိုင်းမှာ စွပ်ပြုပ် ပူပူလေး ဖြစ်ဖြစ်ရေနွေးကြမ်းဖြစ်ဖြစ် သောက်သုံးတာ ဖြစ်ပါတယ်။
Common Symptoms Of Heart Attack...
A serious note about heart attacks - You should know that not everyheart attack symptom is going to be the left arm hurting . Be aware ofintense pain in the jaw line .
(အရေးကြီးတဲ့  နှလုံးခုန်ရုတ်တရက် ရပ်တာမျိုး- သင်သိသင့်တာ ကတော့ နှလုံးခုန်ရုတ်တရက် ရပ်တန့် တဲ့  လက္ခာတွေ အားလုံးမှာဘယ်ဖက်လက်မောင်းကိုက်ခြင်းမျိုးမဟုတ်ပါ။ မေးရိုးတလျှောက် နာကျင်လာခြင်းဟာ
လဲ သတိထားသင့်ပါတယ်။)
You may never have the first chest pain during the course of a hearattack.Nausea and intense sweating are also common symptoms. 60% ofpeople who have a heart attack while they are asleep do not wake up.Pain in the jaw can wake you from a sound sleep. Let's be careful andbe aware. The more we know, the better chance we could survive.
(နှလုံးခုန်ရုတ်တရက် ရပ်တန့် စဉ်အတွင်းမှာ တော့ သင်ဟာ ဘယ်တော့မှ ပထမရင်ဘတ်နာခြင်း ကိုခံစားရမယ်မဟုတ်ပါ။ဖျားနာခြင်း နဲ့ ချွေးထွက်လွန်ခြင်းတွေဟာလည်း အများဆုံးလက္ခဏာတွေ ပါပဲ။ ၆၀ ရာနှုန်းသော နှလုံးခုန်ရုတ်တရက်ရပ်တန့် ကြတဲ့  သူတွေ ဟာ အိပ်ပျော်နေယင်းကနေ ပြီး ပြန်လည် နိုးထလာခြင်းမရှိတော့ ပါဘူး။ မေးရိုးနာကျင်မှု့  က သင့် ကိုနိုးထအောင်လုပ်နိုင်ပါတယ်။ ကျွန်တော် တို့ တစ်တွေ ဂရုပြုပြီးတော့သတိထားရမှာပါ။အဲတာကကျွန်တော်တို့  ဆက်လက် အသက်ရှင်ရပ်တည်ဖို့ အခွင့်အရေးကောင်း ဖြစ်ပါတယ်။
A cardiologist says if everyone who reads this message sends it to 10people, you can be sure that we'll save at least one life. Read this &Send to a friend. It could save a life. So, please be a true friendand send this article to all your friends you care about.
( နှလုံးရောဂါအထူးကု တစ်ယောက် က ပြောတာ က ဒီစာ ကိုဖတ်မိသူတစ်ယောက် က နေပြီးတော့ နောက်ထပ် ၁၀ယောက်ကိုဆက်ပေးပို့မယ်ဆိုယင်သင်နဲ့ကျွန်ုပ်တို့ ဟာအနဲဆုံးအသက်တစ်ချောင်းကိုကယ်ဆယ်နိုင်မယ် ဖြစ်ပါတယ်။ဒီဆောင်းပါးလေးကိုဖတ်ပါ။ပြီးတော့မိတ်ဆွေတစ်ယောက်ဆီ ကို ပိုပေးလိုက်ပါ။ ဒီလုပ်လုပ်ခြင်းဟာ အသက်တစ်ချောင်း ကိုကယ်ဆယ်ခြင်းမျိုးဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေကောင်း အဖြစ် နဲ့ သင့်သူငယ်ချင်းများ၊ မိတ်ဆွေများကို ဒီဆောင်းပါးလေး နဲ့ အတူဂရုတစိုက်ရှိဖို့ '
ဆက်ဖတ်ရန် . . . .
လှုပ်ရှားနေသော တောင်တန်းစိမ်းများ (၁)
(၂)
မကြောက်သော်လည်း စိုးရိမ်မှုတော့ရှိသည်။ ခရီးချောမောပါ့မလား။ အဖေ အမေ၊ အဖိုးအဖွားတို့ကို ထိုင်ကန်တော့စဉ် အမေက ရိပ်မိပုံရသည်။
“မင်းအမေတို့ကို ခွဲတော့မလို့လား။ သားနဲ့ ပြန်မတွေ့ရတော့ဘူး ထင်တယ်”
အမေက အသံကို ထိန်းပြီး ပြောသည်။ သူက ဘာမှ ပြန်မပြော။ ဘာမှ မဖြစ်သလို အမေကို ကန်တော့ပြီး ပြန်ထွက်လာခဲ့သည်။ အမေ့ရင်ထဲ ဘာဖြစ်ကျန်ခဲ့မည်ကို သူ ဆက်မစဉ်းစားတော့။ သူ ထောင်ထဲမှာ ၂ နှစ် နေခဲ့ရပြီး အပြင်ကိုပြန်ရောက်လာ တော့ အပြင်လောကသည် ပြောင်းလဲသွားပေပြီ။
ထောင်ဘူးဝကအထွက် မဆလ စစ်ထောက်လှမ်းရေးက အပြင်ရောက်ရင် သက်ဆိုင်ရာဌာနသို့ သတင်းပို့ဖို့ မှာသည်ကို သူက ဂရုမစိုက်ပေ။
ထောက်လှမ်းရေးက သွားလေရာ အရိပ်လို တကောက်ကောက် လိုက်နေခဲ့သည်။ သတင်းတပ်ဖွဲ့ ရုံးက ၂ ကြိမ် ခေါ်တွေ့သည်။
“ဘာမှ မဟုတ်ပါဘူး။ ခင်ဗျားအလုပ်နဲ့ ပတ်သက်လို့ပါ။ တပ်ဖွဲ့မှူးရုံးကို ခဏလာတွေ့ပါ”
ဟု ဆိုလာသဖြင့် သူ သွားတွေ့ခဲ့သည်။ သတင်းတပ်ဖွဲ့မှူးဆိုသူက …
“ဒီလိုပါ။ ခင်ဗျားအလုပ်ဌာနက ခင်ဗျား အလုပ်ပြန်ဝင်တာနဲ့ပတ်သက်လို့ ကျွန်တော်တို့ကို မေးပါတယ်။ ကျွန်တော်တို့ဌာနအနေနဲ့ ဝန်ကြီးဌာနတွေက မေးမြန်းတာကို ပြန်ဖြေလေ့မရှိပါဘူး။ ဝန်ကြီးချုပ်ကတဆင့် ထောက်လှမ်းရေး ဌာနကိုမေးမှ မှူးချုပ်က ဖြေပါတယ်”
သူ့ဆိုလိုချက်က အမျိုးသား ထောက်လှမ်းရေးဌာနသည် ဝန်ကြီးဌာနများထက် မြင့်ပြီး ဝန်ကြီးချုပ်နှင့်အဆင့်တူဟု အဓိပ္ပာယ်ရပေသည်။
သူထောင်က ထွက်လာစဉ်မှာပင် ရှေ့ဘာဆက်လုပ်မည်ဆိုသည်ကို ရှင်းရှင်း ပြတ်ပြတ်ဖြစ်ပြီး ဖြစ်သည်။ မိတ်ဆွေ သူငယ်ချင်းဟောင်းတွေထဲမှ တချို့က စိမ်းသွားသည်။ တချို့က ခါတိုင်းထက်ပိုပြီး နားလည်မှုကို ဖော်ပြသည်။ အိမ်လာသတင်းမေးသည့် သူငယ်ချင်းတဦးက ...
“မင်းဆီ လာသာလာရတယ်။ ခပ်လန့်လန့်ပဲ” ဆိုသည့်အပြောကို “ကြောက်ရင် မလာနဲ့ပေါ့ကွ” ဟု ဘုတောပစ်ခဲ့ဖူးသည်။
သူငယ်ချင်းက ပြာပြာသလဲ တောင်းပန်ကာ စကားရော ဖောရောလုပ်ခဲ့သည်။ သူ စိတ်မဆိုးပါ။ ဘာဖြစ်လို့ဆိုတာကိုသာ သူ သုံးသပ်သည်။ လက်ဖက်ရည်ဆိုင်ရှေ့က ဖြတ်အသွား ဆိုင်ထဲကနေ အတင်းခေါ် လက်ဖက်ရည်တိုက်သည့်သူ၊ မုန့်ဟင်းခါးဖိုး အတင်းဝင်ရှင်းပေးသည့် သူများလည်း ကြုံရသည်။ တချို့က လမ်းတွေ့တာတောင် နှုတ်ဆက်ရမည်စိုး၍ မမြင်ချင်ယောင်ဆောင်သွားသည်။
ဒုတိယအကြိမ်တွင်တော့ သတင်းတပ်ဖွဲ့ ရုံးက ခေါ်တွေ့ခြင်းမဟုတ်။ အိမ်လာပြီး မသိမသာ စကားနှိုက်ခြင်း ဖြစ်သည်။ ခင်ဗျားကတော့ အနေမှန်တယ်။ ဘယ်သူတွေကတော့ အိမ်မှာ တရုန်းရုန်းနဲ့ မျက်စိနောက်တယ်ဆိုသည့်သဘော ပြောလာသည်။ သူက ဘာမှမပြော၊ ပြုံးရုံသာ ပြုံးနေလိုက်သည်။
လောကကြီးက မပြောင်းပါဘူး။ လူတွေသာ ပြောင်းသွားတာ။ နိုင်ငံရေးဆိုတာ ကြောက်တတ်သူလည်း ရှိ၊ ချစ်တတ်သူလည်းရှိတဲ့ အရာပေပဲ။ ကာလနှင့် ဆိုင်သည်ဟု ထင်သည်။ အချိန်ကာလသည် ဖြစ်ရပ်ပေါင်းများစွာကို သယ်ဆောင်လာတတ်သည် မဟုတ်ပါလော။ နှစ်နှစ်အကြာမှာ သူသည် လူကောင်းမှသည် သောင်းကျန်းသူ၊ သာမန်လူမှသည် အဖျက်သမား ဖြစ်သွားပေပြီ။
သူ၏ ပုံရိပ်သည် မည်သို့ ရှိမည်နည်း။ သူအလုပ်လုပ်သည့် ဝန်ကြီးဌာနမှ ဝန်ကြီး မဆလခေတ် တိုင်းမှူးဟောင်းက “စက်ရုံ တည်ပါတယ်၊ ကွန်မြူနစ် ထွက်လာ တယ်”ဟု ပြောကြောင်း ပြန်ကြားရသည်။
သူ ထောင်ကထွက်လာတော့ ညီတွေ ညီမတွေက “အစ်ကိုကြီး ထောင်က လွတ်တော့မယ်၊ တို့ဝမ်းသာတယ်” စသည်ဖြင့် ဝမ်းသာအားရ သံပြိုင်ကြွေးကြော် နေကြသံကို ကက်ဆက်ဖြင့်သွင်းထားသည်ကို ပြန်ဖွင့်ပြသည်။ သူတို့အစ်ကိုကြီးသည် ဘယ်တုန်းကမှ ဆိုးသွမ်းသူ မဟုတ်ခဲ့ကြောင်း သူတို့ သိပေသည်။
မန္တလေး-လာရှိုးလော်ကယ်ရထားပေါ်တွင် တွဲထောင့်ချောင်ထဲ ကျပ်ကျပ်သပ်သပ် လိုက်ပါလာရင်း သူသည် တွေးမိတွေးရာ တွေးလာခဲ့သည်။ ရထားက သံပတ်ပေး ထားသော ကစားစရာအရုပ်လေး တရုပ်နှယ် သံလမ်းပေါ်မှာ ပြေးလွှားရင်း အသံမျိုးစုံ လွှင့်ထုတ်နေသည်။
တွဲအလယ် တောင်းတွေ အထုပ်တွေ ခရီးသည်တွေအကြား ဖြစ်သလို မိုးတိုးမတ်တတ် လိုက်ပါလာသည့် ညီသဖွယ်ဖြစ်သော ရဲဘော်ဆီသို့ လှမ်းကြည့်ရင်း မျက်ရိပ်ပြလိုက်သည်။ လူပေါင်းစုံ သယ်ဆောင်ကာ ဘူတာစုံ ခုတ်မောင်းလာသည့် နွားသိုးတကောင်နှင့်တူသော သတ္တဝါကြီးသည် မကြာမီ အရှိန်လျှော့ကာ နောင်ပိန်ဘူတာသို့ ဝင်ရောက်လာပါသည်။
ဆက်ဖတ်ရန် . . . .
၂၁ ရာစု တရုတ်-အိန္ဒိယ ဆက်ဆံရေး
လွန်ခဲ့သော နှစ်ပေါင်းတစ်ရာခန့်က တရုတ်နှင့်အိန္ဒိယ နှစ်နိုင်ငံသည် ထွန်းသစ်စ အင်အားကြီး နှစ်နိုင်ငံဖြစ်လာပြီး ၎င်းတို့၏ ပြိုင်ဆိုင်မှုသည် ၂၀ ရာစုကို ပုံဖော်လိမ့်မည်ဟု ဟောကိန်းထုတ်၍ ရနိုင်ကောင်းသည်။ ဗြိတိသျှ အင်ပါယာပေါ်တွင် ထွန်း လင်းတောက်ပခဲ့သော နေလုံးသည် မွန်းတည့်ချိန်ကို ကျော်လွန်ခဲ့ပြီ။ ထွန်းသစ်စ အင်အားစုသည် မိမိတို့၏ သန်စွမ်းသော ကြွက်သားများ ထုတ်ပြခြင်းဖြင့် ကမ္ဘာ့ဇာတ်ခုံထက် ကပြ အသုံးတော် ခံနေကြပြီ။ အမေရိက၊ ဂျပန်နှင့် ဂျာမနီ တို့သည် ဗြိတိသျ အင်ပါယာကို အလဲထိုးနှက်ခဲ့သည်။ ယင်းနိုင်ငံများ ပေါ်ထွန်းလာခြင်းကြောင့် အိပ်မက်ထဲမှာ မမက်ဖူးသည့် ကြွယ်ဝချမ်းသာမှုတွေ ရလာခဲ့သည်။ တစ်ဆက်တည်း ဆိုသလို စိတ်ကူးနှင့်ပင် မမျော်မှန်းခဲ့သော တိုက်ပွဲသည်လည်း ပေါ်ပေါက်ခဲ့ရသည်ကို သမိုင်းတွင် မျက်ဝါးထင်ထင် မြင်ခဲ့ရသည်။
သမိုင်း သင်ခန်းစာကို လေ့လာပြီး ယနေ့ မျက်မှောက် အခြေနေကို သုံးသပ်ရလျင် တရုတ်နိုင်ငံသည် ကမ္ဘာ့ စီးပွားရေး ဒုတိယအကြီးမားဆုံး နိုင်ငံ ဖြစ်လာသည်။ ဂျပန်နိုင်ငံကို ဖြတ်ကျော်ခဲ့ပြီ။ တရုတ်သည် မကြာမီ အချိန်ကာလ၌ ပထမနေရာ ရယူထားသည့် အမေရိကန်ကို ကျော်လွှားတော့မည်ဟု သုံးသပ်လာကြရသည်။ တစ်ခုတော့ ရှိသည်။ အာရှတိုက် အနေအထား၊ အာရှအမြင် ကြည့်လျင်တော့ တရုတ်၏ ပြိုင်ဘက်က အိန္ဒိယ ဖြစ်သည်။ အာရှအင်အားကြီး နှစ်နိုင်ငံ တရုတ်နှင့်အိန္ဒိယ တို့သည် ပထ၀ီ အနေအထားအရ လည်းကောင်း၊ လူဦးရေအရ လည်းကောင်း မဟာ အင်အားကြီး နိုင်ငံ ဖြစ်ခဲ့ကြသည်။ ၂၁ ရာစုမှာတော့ ထိုနှစ်နိုင်ငံသည် စီးပွားရေး၊ နိုင်ငံရေးအရ အရေးပါသည့် အနေအထား ရောက်ရှိလာသည်။
ပြီးခဲ့သည့် ဆယ်စုခေတ်နှစ်ခေတ်က ဂျပန်သည် စီးပွားရေးအရ အမေရိကန်၏ ပြိုင်ဖက် ဖြစ်ခဲ့သည်။ ထိုအချိန်တုန်းက တရုတ်နိုင်ငံသည် နိုင်ငံတွင်း ပဋိပက္ခများနှင့် ရင်ဆိုင်နေရပြီး မပြိုကွဲ၊ မကျဆုံးအောင် ရုန်းကန်နေခဲ့ရသည်။ တရုတ်နိုင်ငံသည် နိုင်ငံခြား ဆက်ဆံရေး ကိစ္စများတွင်လည်း ပြဿနာနှင့် ရင်ဆိုင်ခဲ့ရသည်။ ယနေ့ အချိန်မှာတော့ တရုတ်က စီးပွားရေး စန်းလာဘ်တက်နေပြီ။ ဂျပန်ကတော့ အင်အားချိနဲ့သည့် သက်ကြားအို ဖြစ်နေပြီ၊
အာရှတိုက်တွင် တရုတ်နိုင်ငံ၏ အဓိက ပြိုင်ဖက်က အိန္ဒိယ ဖြစ်လာသည်။ နှစ်နိုင်ငံ နယ်နိမိတ် ပြဿနာကြောင့် စစ်ပွဲတွေလည်း ရင်ဆိုင်ခဲ့ကြရသည်။ အတိတ်က ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များကို သင်ခန်းစာယူပြီး မျက်မှောက်ကာလကို မည်သို့ ဖြတ်သန်း ကြမည်နည်း ဆိုသည်က စိတ်ဝင်စားစရာ ကောင်းနေသည်။
တရုတ်နိုင်ငံ စီးပွားရေး မတရား ကြီးထွားနေမှုက ပြဿနာတစ်ရပ် ဖြစ်မည်ဟု ရှုမြင်သုံးသပ်ထားသော ၀ါရှင်တန်သည် ဂျပန်၊ တောင်ကိုရီးယားနှင့် မဟာမိတ် ပြုထားသည်။ ထို့ပြင် တရုတ်တိုင်ပေသည် မိမိကိုယ်မိမိ ကာကွယ်ပိုင်ခွင့် ရှိသည်ဟု ထောက်ခံအားပေးမှုတွေ ပြုနေသည်။ ထို့ပြင် တရုတ်၏ မဟာပြိုင်ဖက် အိန္ဒိယနိုင်ငံနှင့်လည်း ဆက်ဆံမှုတွေ တိုးမြှင့် ဆောင်ရွက်နေသလို ဗီယက်နမ်နှင့်လည်း ချစ်ကြည်မှုလမ်းစသာ ပြန်ဖွင့်နေသည်။
ဝါရှင်တန်အနေဖြင့် တရုတ်နိုင်ငံ၏ အံခမန်း တိုးတက်နေသည့် စီးပွားရေးကို ပူပန်လျက်ရှိနေသည်။ တရုတ်နိုင်ငံ၏ ပကတိ အခြေအနေကို သုံးသပ်လျင် အောက်ပါ အချက်လက်များကို ထင်ရှားစွာ တွေ့မြင်နိုင်သည်။ ကမ္ဘာပေါ်တွင် လူဦးရေ အများ ဆုံးနိုင်ငံ၊ ထုတ်ကုန်ပစ္စည်း အများဆုံး နိုင်ငံ၊ ကားဈေးကွက် အကြီးမားဆုံး နိုင်ငံ၊ ကာဗွန်ဓာတ်ငွေ့ အများဆုံး ထုတ်လွှင့်နေသည့် နိုင်ငံ၊ စွမ်းအင် အများဆုံး သုံးစွဲနေသည့် နိုင်ငံ။
ထို့ပြင် ပါဝါချိန်ခွင်လျှာ ညီမျှရေးကို လုပ်ဆောင်လျက်ရှိသည့် တရုတ်နိုင်ငံ၊ ပြည်သူ့လွှတ်မြောက်ရေး တပ်မတော်ကိုလည်း အဆင့်မြှင့်တင်ရေးများ ပြုလုပ်လျက်ရှိသည်။ ရေတပ်၊ လေတပ်နှင့် ဆိုက်ဘာစပေ့စ် တို့တွင်လည်း ခေတ်မီ နည်းပညာ များ အသုံးပြုပြီး အမေရိကန် လွှမ်းမိုးထားမှုကို ယှဉ်ပြိုင်ရန် ကြိုးပမ်းလျက် ရှိသည်။
အိန္ဒိယနိုင်ငံကလည်း ဒေသတွင်း ပြိုင်ဘက် တရုတ်နိုင်ငံ၏ ခြေလှမ်းကို အမီလိုက်ရန် ကြိုးပမ်းလျက်ရှိသည်။ အိန္ဒိယ၏ ကနဦး ခြေလှမ်းကတော့ စွမ်းအင် ကဏ္ဍနှင့် ထုတ်ကုန် ကဏ္ဍတွင် နောက်ကျ မကျန်စေရေး ဖြစ်သည်။ နိုင်ငံရေး အနေနဲ့ကတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အမြဲတမ်း အဖွဲ့ဝင်နေရာ တစ်နေရာ ရရေးအတွက် ကြိုးပမ်းလျက်ရှိသည်။ အိန္ဒိယနိုင်ငံသည် တောင်အာရှနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှု ရရှိရန် ကြိုးပမ်းလျက် ရှိသည်။ အထူးသဖြင့် ပါကစ္စတန် နိုင်ငံနှင့် ပုံမှန်ဆက်ဆံရေး ပြန်လည် ရရှိရန် ကြိုးစားလျက် ရှိသည်။ ထို့ပြင် အမေရိကန် ပြည်ထောင်စုနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်စေရန် ပြုလုပ်ခဲ့ရာ အရပ်ဘက် နျူစွမ်းအင် ပူးပေါင်းရေးကို ဆောင်ရွက်နိုင်ခဲ့သည်။
ပေကျင်းရှိ အော်တိုကရက်များကတော့ အိန္ဒိယနိုင်ငံ၏ ဒီမိုကရေစီကို အထင်မြင် သေးနေပေမယ့် နောင်တစ်ချိန်တွင် ဒေလီနှင့်ဝါရှင်တန်တို့ ဆက်ဆံရေး ပိုမိုကောင်းမွန်လာမည့် အရေးကို ပေကျင်းက စိုးရိမ်နေသည်။ အိန္ဒိယနိုင်ငံ၏ စီးပွားရေး တိုးတက်ရခြင်း၏ အကြောင်းရင်း တစ်ခုမှာ လုပ်သားအင်အား ပေါများခြင်း ဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ အားသာချက် တစ်ရပ်က ဒီမိုကရေစီစနစ်ကို နှစ်ပေါင်းများစွာ ကျင့်သုံးလာခဲ့ခြင်း ဖြစ်သည်။ စစ်တပ် အင်အားကတော့ တရုတ်နှင့် အမေရိကန်ပြီးလျင် အိန္ဒိယနိုင်ငံသည် ဒုတိယနေရာမှာ ရှိနေ၏။ အိန္ဒိယနိုင်ငံ၏ စစ်ရေးအင်အား ကြီးမားမှုသည် အနောက်ကမ္ဘာကို ခြိမ်းခြောက်မှု မရှိသဖြင့် အနောက်ကမ္ဘာသည် တရုတ်ထက် အိန္ဒိယနိုင်ငံကို ပို၍ နှစ်သက် သဘောကျနေကြသည်။ အိန္ဒိယနိုင်ငံသည် တရုတ်နိုင်ငံ၏ စစ်ရေးအင်အားကို ထိန်းညှိနိုင်ရန်အတွက် အနောက်ကမ္ဘာကို လိုလားလျက်ရှိသည်။
တရုတ်၊ အိန္ဒိယ နှစ်နိုင်ငံ စီးပွားရေးမှာ ယခုနှစ်တွင် ဒေါ်လာဘီလျံ ၆၀ ရှိမည်ဟု ခန့်မှန်းထားသည်။ အိန္ဒိယ-တရုတ် စီးပွားရေးနှင့် စစ်ရေး အင်အားသည် အာရှ၏ ပထ၀ီနိုင်ငံရေးကို တစ်နည်းတစ်ဖုံ သက်ရောက်နေသည်။
ဆက်ဖတ်ရန် . . . .
Sunday, September 5, 2010
ဟန့်ရာက တန့်၊တန့်ရာက တုံးသွားတတ်တယ် (လူထုစိန်ဝင်း)
‘စာနယ်ဇင်းကျင့်ဝတ်တွေ ရေးခဲ့သလို ဘလော့ဂါကျင့်ဝတ်ဆိုပြီး ရေးပါဦး ခင်ဗျ။ အခု ဘလောဂ့်တွေ သိတ်များလာပြီး တချို့ မဟုတ်မဟတ်တွေချည်း ရေးနေကြတယ်’
လူငယ် စာနယ်ဇင်းသမားတစု ရောက်လာပြီး ပြောလိုက်တာ ဖြစ်ပါတယ်။ စာနယ်ဇင်းကျင့်ဝတ်တွေ အကြောင်း အမြဲလိုလို ရေးနေတာကြောင့် ခုလို ပြောလိုက်တာပါ။ အင်တာနက် ၀က်ဘ်ဆိုက်တွေ၊ ဘလော့ဂ်တွေကို စောင့်ကြည့်ဖတ်ရှုနေသူဖြစ်တော့ သူတို့ ပြောသလို ဘလော့ဂ်တွေ သောင်းချီရှိနေတာ တွေ့ရပါတယ်။ အတော်များများကလည်း မဖွယ်မရာတွေ ဖြစ်ပါတယ်။ တချို့ဆို ညစ်ညမ်းတာတွေ ဖြစ်ပါတယ်။
လူထုဂျာနယ်လစ်တွေ
ဘလော့ဂ်ဆိုတာတွေ ပေါ်ပေါက်လာတာ သိပ်မကြာလှသေးပါဘူး။ ကွန်ပြူတာ သုံးနိုင်သူတိုင်း ကိုယ်ပိုင် ဘလော့ဂ်တွေ လုပ်လို့ ရတာကြောင့် အချိန်ပေးနိုင်သူတိုင်း၊ ၀ါသနာပါသူတိုင်း ဘယ်သူမဆို လုပ်နိုင်ကြပါတယ်။ အထူးသဖြင့် လူငယ်ကလေးတွေက အများဆုံး လုပ်ကြပါတယ်။ တချို့က သတင်းတွေ ဖလှယ်ကြတယ်။ တချို့က ဖျော်ဖြေရေးအတွက်၊ တချို့က ပညာရေးအတွက် လုပ်ကြတယ်။ လူတိုင်း လုပ်လို့ ရတာကြောင့် ဒီလိုလုပ်တဲ့ ဘလော့ဂ်ဂါတွေကို တချို့က ‘လူထု ဂျာနယ်လစ်’ (Citizen Journalist) လို့ အမည်တပ်ပေးကြတယ်။ စစချင်းတော့ အပျော်လုပ်ကြတာပါ။ လုပ်ရင်းလုပ်ရင်းနဲ့ နောက်တော့ တကယ်ဝါသနာပါသွားပြီး တကယ့်ကို ပုံမှန်ဘလော့ဂ်တွေထောင်ပြီး သတင်းအလုပ်လုပ်တဲ့ ဘလော့ဂ်ဂါတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
ရင်ဖွင့်တဲ့နေရာ
ဘလော့ဂ်ဂါတွေဟာ အများအားဖြင့် လူငယ်ကလေးတွေ ဖြစ်ကြတယ်။ တချို့က သတင်းအလုပ်ကို ၀ါသနာပါလို့ လုပ်ကြတာ။ တချို့ကျတော့ ကိုယ့်ရင်ထဲမှာ မျိုသိပ်ထားရတာတွေကို ဖွင့်ထုတ်ပစ်လိုက်ချင်လို့ လုပ်ကြတာ။ ဒီလို ရင်ဖွင့်ချင်သူတွေက အများစုပါ။ လူငယ်ကလေးတွေဆိုတော့ ရင်ထဲရှိတာတွေ ဖွင့်ထုတ်ရင်းနဲ့ မတော်မသင့်တာတွေ ပြောမိ ရေးမိကြတာတွေလည်း ရှိပါတယ်။ တမင်တကာကို မဟုတ်မဟတ်၊ မတော်တရော်တွေ လုပ်သူတချို့လည်း ရှိပါတယ်။ ဒါပေမဲ့ သောင်းနဲ့ချီတဲ့ ဘလော့ဂ်တွေထဲမှာ သိတ်အများကြီးတော့ မဟုတ်ပါဘူး။ အများစုကတော့ လူငယ်ကလေးတွေ အပျော်တမ်း လုပ်ကြတာတွေမို့ သင့်- မသင့်၊ တော်-မတော်၊ တင့်တယ်၏- မတင့်တယ်၏၊ မစဉ်းစားတတ်လို့ မလျော်မကန် ဖြစ်နေတာတွေသာ ဖြစ်ပါတယ်။ ဘလော့ဂ်တို့၊ အင်တာနက်တို့ဆိုတာတွေကို စပြီး သုံးနိုင်ကြတာ ဘာမှမကြာသေးပါဘူး။ ဒီတော့ လူငယ်ကလေးတွေအဖို့ ကစားစရာ အရုပ်ရသလို ဆော့လို့ ကစားလို့ အားမရနိုင်အောင် ဖြစ်ကြတာ သဘာဝကျပါတယ်။ ပြီးတော့ အပြင်မှာ ပြောလို့မရတဲ့ စကားမျိုးတွေကို ဘလော့ဂ်ထဲမှာ စိတ်ရှိလက်ရှိ ပြောထည့်လို့ ရနိုင်တယ် ဆိုတာကလည်း လူငယ်တို့ရဲ့အကြိုက် ဖြစ်နေတယ်လေ။ အဲဒါကြောင့် ဘလော့ဂ်ဂါတွေ များနေတာ ဖြစ်ပါတယ်။
စမ်းသပ်မှ တွေ့ရှိတယ်
ကွန်ပြူတာ အင်တာနက်ဆိုတာကလည်း ကစားစရာ အသစ်အဆန်း၊ ဘလော့ဂ်ဂါတွေ အများစုကလည်း လူငယ်ကလေးတွေ ဖြစ်နေတာကြောင့် ကျင့်ဝတ်တွေ ဘာတွေနဲ့ ပြောပြီး ‘မဟန့်’ ချင်ပါဘူး။ လူငယ်ကလေးတွေ လွတ်လွတ်လပ်လပ် ရင်ဖွင့်စေချင်တယ်။ ကွန်ပြူတာနဲ့ ရင်ဖွင့်တာက ဘီယာဆိုင်လို၊ နိုက်ကလပ်လို နေရာမျိုးတွေ သွားရင်ဖွင့်တာထက်တောင် ပိုပြီး အန္တရာယ်ကင်းပါတယ်။ လူကြီးတွေက ‘ဟန့်’ ရင် လူငယ်တွေရဲ့ တက်နေတဲ့ အရှိန်တွေ ‘တန့်’ သွားတတ်တယ်။ ‘တန့်’ ရာကနေ တဆင့်တက်တော့ ‘တုံး’ သွားပါရော။ ဒီတော့ ဘယ်ကောင်းတော့မှာလဲ။ လူငယ်တွေ အညွန့်တုံးသွားခြင်းဆိုတာ တိုင်းပြည်ရဲ့ တိုးတက်ထွန်းကားမှု အဆုံးတိုင်သွားခြင်းပဲ ဖြစ်တယ်။ အဲဒါကြောင့် အသစ်အဆန်းကို စမ်းသပ်နေကြတဲ့ လူငယ်တွေကို တားဆီးချုပ်ချယ် မလုပ်ချင်ဘူး။ စမ်းသပ်မှ တွေ့ရှိနိုင်တယ်။ ဘာမှ မစမ်းသပ်ရင် ဘာမှ မတွေ့နိုင်ဘူး။ ဘာမှမတွေ့တော့ ဘယ်လိုလုပ်ပြီး တိုးတက်မှာလဲ။
မရှိမဖြစ် R နဲ့ D
တိုင်းပြည် ထွန်းကားတိုးတက်ဖို့ဆိုရင် အသစ်အဆန်းတွေ စမ်းသပ်ရှာဖွေနေဖို့ လူငယ်တွေကို အားပေးရ ပါမယ်။ လိုအပ်တာတွေကိုလည်း ဖြည့်ဆည်းပေးရပါမယ်။ ထွန်းကားတိုးတက်တဲ့ နိုင်ငံတိုင်းမှာ သုတေသနနဲ့ ဖွံ့ဖြိုးရေး (Research and Development) လုပ်ငန်းကို အစိုးရတွေက လုပ်ကိုင်ရုံမက စီးပွါးရေးလုပ်ငန်းကြီး တိုင်းမှာလည်း R & D ဆိုတဲ့ ဌာနတွေကို ငွေကြေးအများကြီး အကုန်အကျခံပြီး လုပ်ဆောင်ကြပါတယ်။ စာသင်နှစ် တနှစ်ပြီးဆုံးတော့မယ်ဆိုရင် ကုမ္ပဏီကြီးတွေက တက္ကသိုလ်ကျောင်းတွေကို သွားပြီး ထူးချွန်ထက်မြက်တဲ့ ကျောင်းသားတွေကို မက်လုံးအမျိုးမျိုး ပေးပြီး စည်းရုံးခေါ်ယူလေ့ ရှိပါတယ်။ လူငယ်တွေရဲ့ အစွမ်းအစကို ယုံကြည်အားထားတဲ့ သဘောဖြစ်ပါတယ်။
ယုံကြည်မှု အရေးအကြီးဆုံး
ကိုယ့်ကို ယုံကြည်စိတ်ချစွာနဲ့ တာဝန်တခု ပေးအပ်တယ်ဆိုရင် ကိုယ့်ဘက်ကလည်း တာဝန်ကျေအောင် မဖြစ်မနေ ကြိုးစား လုပ်ဆောင်ပြချင်တတ်တာဟာ လူ့သဘာဝဖြစ်တယ်။ ‘ယုံကြည်မှု’ ဆိုတာ လူ့အဖွဲ့အစည်း အတွင်းမှာ အင်မတန် အရေးပါတဲ့ အရာတခု ဖြစ်တယ်။ လူတဦးနဲ့တဦး ယုံကြည်မှု အပြန်အလှန် ရှိမှ ခင်မင်ရင်းနှီးတဲ့ ဆက်ဆံမှု ရှိနိုင်တယ်။ နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံ လူမျိုးနဲ့တမျိုးလည်း အပြန်အလှန် ယုံကြည်မှု၊ ရှိကြပါမှ ချစ်ကြည်ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်လို့ ရနိုင်ပါတယ်။ တဦးနဲ့ တဦးကြားမှာ ယုံကြည်မှု ပျက်ယွင်းသွားပြီ ဆိုရင်တော့ စစ်မှန်တဲ့ ရင်းနှီးချစ်ခင်မှုကို ဘယ်လိုနည်းနဲ့မှ တည်ဆောက်လို့ မရနိုင်ပါဘူး။
လူငယ့်စွမ်းအား အဓိက
နိုင်ငံတနိုင်ငံ တိုးတက်ထွန်းကားအောင် တည်ထောင်ဖို့ လူငယ်တွေရဲ့ စွမ်းအားဟာ အဓိကကျပါတယ်။ ဘာကြောင့်လဲ ဆိုတော့ လူငယ်တွေမှာမှ ထက်သန်တဲ့ အားမာန်တွေ ရှိပါတယ်။ အထူးသဖြင့် ခုခေတ်လို နည်းပညာတွေ တဟုန်ထိုး တိုးတက်နေတဲ့ခေတ်ကို လူငယ်တွေမှပဲ အမီလိုက်နိုင်မှာ ဖြစ်တယ်။ လူကြီးဆိုတာက စိတ်သွားတိုင်း ကိုယ်ပါနိုင်တာ မဟုတ်ပါဘူး။ အသစ်အဆန်းတွေ ရှာဖွေစမ်းသပ်တဲ့ အလုပ်မျိုးတွေကို လူငယ်တွေပဲ ရှေ့က ဦးဆောင် လုပ်ကိုင်ကြပါစေ။ မတားပါနဲ့။ မဟန့်ပါနဲ့။ ပိတ်ပင်တားဆီး မလုပ်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ အထက်မှာပြောခဲ့သလိုပဲ ‘ဟန့်’ ရာက ‘တန့်’၊ ‘တန့်’ ရာက ‘တုံး’ သွားတတ်လို့ပါ။
၂၀၀၉ ခုနှစ်၊ ဇွန် ၁၇။
ဆက်ဖတ်ရန် . . . .
အဖြူရောင်အဇ္ဈတ္တ အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)
မကောင်းမှုရှောင်။
(သဗ္ဗပါပဿ အကရဏံ)
ကောင်းမှုဆောင်။
(ကုသလဿ ဥပသမ္ပဒါ)
စိတ်ကိုဖြူအောင်ထား။
(သစိတ္တပရိယောဒပနံ)
ဆူဆူဗုဒ္ဓ ဟောဖော်ပြ
ဆုံးမမြတ်တရား။
(ဧတံ ဗုဒ္ဓါန သာသနံ)
ဂင်္ဂါဝါလု သဲစုအတူ (ဂင်္ဂါမြစ်နံဘေးရှိ သဲပွင့်လေးတွေနှင့် အရေအတွက်အညီအမျှ) ပွင့်တော်မူခဲ့ကြသော ဘုရားရှင်အဆူဆူတို့၏ အဆုံးအမသည် တစ်ပါးတစ်မျိုး အမျိုးမျိုး ကွဲပြားခြားနားခြင်းမရှိ၊ များများစားစားလည်းမဟုတ်။ သုံးမျိုးတည်းသာဖြစ်၏။ သုံးမျိုးတည်းသာဆုံးမခဲ့ကြ၏။ နိကာယ်ငါးရပ်၊ ပိဋကတ်သုံးပုံဟုဆိုသော်လည်း ခြုံလိုက်လျှင် ဤသုံးခွန်းသာဖြစ်၏။ ယင်းကား
မကောင်းမှန်သမျှ ရှောင်ပါ။
ကောင်းမှုမှန်သမျှ ဆောင်ပါ။
မိမိစိတ်ကို ဖြူစင်အောင်ထားပါ ဟူ၍ဖြစ်၏။
ဗုဒ္ဓအဆူဆူတို့က ဆုံးမခဲ့သဖြင့် ဗုဒ္ဓဘာသာဟုဆိုနိုင်သော်လည်း အမှန်က ဤသုံးချက်သည် တံဆိပ်မဲ့ဘာသာဝါဒဖြစ်၏။ ဘာသာဝါဒတို့ကို အမည်နာမတံဆိပ်တပ်၍ ခေါ်ဝေါ်သည်မှာ ဘောင်ကျဉ်းသယောင်ရှိ၏။ ဒိဋ္ဌိတွေ၊ မာနတွေ၊ အတ္တတွေ၊ အာဃာတတွေကို အားပေးအားမြှောက် ပြုတတ်၏။ ဘာသာရေး အစွန်းရောက်များက သက်သေဖြစ်၏။
အမှန်က ကမ္ဘာ၌ ဘာသာတစ်ခုတည်းသာရှိ၏။ ထိုဘာသာသည် မကောင်းမှုမှန်သမျှမပြု၊ မလုပ်ကြဖို့၊ ကောင်းမှုမှန်သမျှ ပြုကြ၊ လုပ်ကြဖို့၊ မိမိတို့အဇ္ဈတ္တ(စိတ်)ကိုဖြူဖြူစင်စင် သန့်သန့်ရှင်းရှင်းဖြစ်အောင်ထားကြဖို့ ဖြစ်၏။ မကောင်းမှုမှန်သမျှမပြု၊ မလုပ်ရှောင်ခဲ့လျှင် ကောင်းမှုမှန်သမျှပြုလုပ်ဆောင်လျှင် မိမိတို့စိတ်ကို ဖြူအောင်၊ စင်အောင်၊ သန့်အောင်၊ ရှင်းအောင်ထားလျှင် ဘာသာရေးကျင့်ဝတ်က ပြီးပြည့်စုံလေပြီ။
မကောင်းမှုကိုရှောင်နိုင်ဖို့ မကောင်းမှုက စ၍ပြောရမည်။ မကောင်းမှုဟူသည် ဒုစရိုက်အမှုဖြစ်၏။ မကောင်းသောအကျင့်ဖြစ်၏။ ဒုစရိုက်ကိုစာက ၁၀ မျိုးပြ၏။ သူ့အသက်သတ်မှု၊ သူ့ဥစ္စာခိုးယူမှု၊ သူတစ်ပါးအိမ်ရာကျူးကျော်မှု၊ အိမ်ထောင်ရေး၊ လူမှုရေးစည်းဖောက်မှု၊ ကာယကံသုံးပါး၊ လိမ်ညာပြောမှု၊ ကုန်းချောစကားပြောမှု၊ ကြမ်းတမ်းသော စကားပြောမှု၊ အကျိုးမဲ့စကားပြောမှု၊ ၀စီကံလေးပါး၊ မိမိမရသင့်တာ သူတစ်ပါးဥစ္စာရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်တို့ကို မတော်မတရားရယူလိုမှု၊ သူတစ်ပါးအပေါ် မကောင်းကြံမှု၊ အယူမှားမှု မနောကံသုံးပါးပေါင်းတော့ ဒုစရိုက် ၁၀ ပါးဖြစ်၏။
ဘုရားဟော ဒုစရိုက်အပြင် လောကအနေအထား ဒုစရိုက်များလည်း မြောက်မြားစွာရှိ၏။ သူတစ်ပါးကိုဒုက္ခပေးခြင်း၊ အနှောင့်အယှက်ပေးခြင်း၊ အနိုင်ကျင့်ခြင်း၊ နိုင်လိုမင်းထက်ပြုခြင်း၊ နိုင်ထက်ကလူပြုခြင်း၊ ဗလက္ကာရပြုခြင်း၊ ဗလတစ်ခုခုအားကိုးပြု၍ ညှဉ်းပန်းနှိပ်စက်ခြင်း၊ နိုင်ထက်စီးနင်းပြုခြင်းစသည် တို့သည် ဒုစရိုက်-မကောင်းကျင့်၊ မကောင်းမှုဖြစ်၏။
အားနာမှုမရှိခြင်း၊ ငဲ့ညှာမှုမရှိခြင်း၊ စာနာမှုမရှိခြင်း၊ ထောက်ထားမှု၊ သက်ညှာမှုမရှိခြင်း၊ ဦးစားပေးရ ကောင်းမှန်းမသိခြင်း၊ ဦးစားပေးမှုမရှိခြင်း၊ စဉ်းစားဆင်ခြင်မှုမရှိခြင်း၊ အမြော်အမြင်မရှိခြင်း၊ ကျယ်ကျယ်ပြန့်ပြန့်မတွေး၊ မကြည့်ခြင်း စသည် တို့သည် ဒုစရိုက်-မကောင်းကျင့်၊ မကောင်းမှုဖြစ်ကြ၏။
စည်းကမ်းမရှိခြင်း၊ စည်းမဲ့ကမ်းမဲ့ ပြုလုပ်ခြင်း၊ စည်းမဲ့ကမ်းမဲ့ နေထိုင်ခြင်း၊ စည်းမဲ့ကမ်းမဲ့ အမှိုက်ပစ်ခြင်း၊ တံထွေးထွေးခြင်း၊ ကွမ်းသွေးထွေးခြင်း၊ အကန့်အသတ်ဘောင်ကိုကျော်၍ အကန့်အသတ်မဲ့ လုပ်ကိုင်နေထိုင်ခြင်းစသည်တို့သည် ဒုစရိုက်-မကောင်းကျင့်၊ မကောင်းမှုများဖြစ်ကြ၏။ ခြုံ၍ဆိုရလျှင် ပတ်ဝန်းကျင်အတွက် အနှောင့်အယှက်ဖြစ်သော၊ ပတ်ဝန်းကျင်က လက်ခံသဘောတူညီမှုမပြုနိုင်သော အပြုအမူဟူသမျှသည် ဒုစရိုက်-မကောင်းကျင့်၊ မကောင်းမှုများဖြစ်ကြ၏။ ထိုမကောင်းမှုတို့ကို အတတ်နိုင်ဆုံး ရှောင်ဖို့လိုသည်။
ကောင်းမှုဟူသည် ကောင်းအောင်ပြုသော အမှုဖြစ်၏။ မိမိကောင်းဖို့က သာမည၊ အများကောင်းဖို့၊ ပတ်ဝန်းကျင်ကောင်းဖို့က အဓိကဖြစ်၏။ မိမိပြုသော အမှုကောင်းမှုစာရင်းဝင်ဖို့ရာ၌ စိတ်ကောင်း၊ စေတနာကောင်းက တော့ပဓာနကျ၏။ ထို့အပြင် အရည်အချင်းကောင်းလည်း လို၏။ စိတ်စေတနာကောင်းသော်လည်း အရည်အချင်းကညံ့နေလျှင် ကောင်းမှုဖြစ်ဖို့ အာမမခံနိုင်၊ ကောင်းမှုဟု ပြောနိုင်ဖို့အတွက် ကောင်းကျိုးသက်ရောက်မှု ရုပ်လုံးပေါ်ဖို့က အရေးကြီး၏။
ကောင်းကျိုးသက်ရောက်မှု သရုပ်သကန်ကိုအကောင်အထည် ထင်ထင်ရှားရှားနှင့် သက်သေသာဓကအဖြစ် ပြယုဂ်ကောင်းကောင်း (မလိမ်ကြေး၊ မညာကြေး) မှန်မှန်ကန်ကန်ပြနိုင်မှသာ ကောင်းမှုဟုအများက လက်ခံနိုင်လိမ့်မည်။ ထိုသို့ ပြယုဂ်ကောင်းကောင်း မှန်မှန်ကန်ကန်ပြနိုင်မှသာ မိမိ၏စိတ်စေတနာကို အကောင်းဟုအများက ယုံကြည်လိမ့်မည်။ ထိုအများယုံကြည်လက်ခံနိုင်သော ကောင်းမှုမျိုးကို ပြုလုပ်ရမည်။ ဆောင်ရမည်။
မကောင်းမှုကိုရှောင်ဖို့ ဟိရီနှင့်သြတ္တပ္ပ - အရှက်နှင့်အကြောက်ရှိရ၏။ ရှက်ကြောက်တတ်သူသာ မကောင်းမှုကိုရှောင်၏ ကောင်းမှုဆောင်ဖို့ပထမ မကောင်းမှုကိုရှောင်ရ၏။ မကောင်းမှုမရှောင်ဘဲ ကောင်းမှုဆောင်သူပါဟု အမည်ခံလျှင် ရေမှုတ်တစ်ဖက် မီးစတစ်ဖက်ဟုသာ အပြောခံရလိမ့်မည်။ စိတ်ကိုဖြူအောင်ထားဖို့ရာ၌ မကောင်းမှုကိုရှောင်၍ ကောင်းမှုကိုဆောင်နိုင်သူမှသာဖြစ်၏။ မကောင်းမှုမရှောင်ပါဘဲ ကောင်းမှုမဆောင်ပါဘဲ စိတ်ဖြူဖို့ဆိုသည်မှာ လုံးဝယုတ္တိမရှိပေ။
စိတ်ဖြူဖို့အတွက် ကောင်းမှုဆောင်ရ၏။ ကောင်းမှုဆောင်နိုင်ဖို့အတွက် မကောင်းမှုရှောင်ရ၏။ မကောင်းမှုရှောင်နိုင်ဖို့အတွက်ဟိရီသြတ္တပ္ပရှိရ၏။ ဟိရီနှင့်သြတ္တပ္ပသည် လောကပါလတရား၊ သုက္ကဓမ္မဟုဘုရားမိန့်၏။ လောကပါလဟူသည် လောကကိုစောင့်ရှောက်ခြင်းဖြစ်၏။ သုက္ကဓမ္မဟူသည် ဖြူစင်ကြောင်းတရားဖြစ်၏။
ဘုရားက "ရဟန်းတို့ ဖြူစင်တဲ့တရားနှစ်ပါး (ဟိရီနှင့်သြတ္တပ္ပ) က လောကကြီးကိုစောင့်ရှောက်နေတယ်။ ဒီတရားနှစ်ပါးကသာ လောကကြီးကို မစောင့်ရှောက်ခဲ့ပါမူ လူတွေဟာ ဆိတ်တွေ၊ သိုးတွေ၊ ကြက်တွေ၊ ၀က်တွေ၊ အိမ်ခွေးတွေ၊ တောခွေးတွေနဲ့ ဘာမှထူးခြားမှာမဟုတ်တော့" ဟု မိန့်ခဲ့သည်။
အရှေ့အရပ်ကို ဓတရဋ္ဌနတ်မင်း စောင့်ရှောက်သတဲ့။ တောင်အရပ်ကို ၀ိရူဠကနတ်မင်း စောင့်ရှောက်သတဲ့။ အနောက်အရပ်ကို ၀ိရူပက္ခနတ်မင်း စောင့်ရှောက်သတဲ့။ မြောက်အရပ်ကိုကုဝေရနတ်မင်း စောင့်ရှောက်သတဲ့။ တချို့ကလည်း လောကကြီးကို ဗိဿနိုးနတ်မင်းက စောင့်ရှောက်သတဲ့။ ထိုနတ်မင်းတို့အမှန်တကယ် စောင့်ရှောက်၊ မစောင့်ရှောက် တပ်အပ်သေချာမပြောနိုင်။ ပြောနိုင်တာကတော့ ဟိရီနှင့်သြတ္တပ္ပသာဖြစ်၏။ ဟိရီနှင့်သြတ္တပ္ပကတော့ အမှန်တကယ် စောင့်ရှောက်နေ၏။ ကမ္ဘာပျက်ဟူသည် ဟိရီနှင့်သြတ္တပ္ပပျက်စီးခြင်းသာဖြစ်၏။ ဟိရီနှင့်သြတ္တပ္ပပျက်လျှင်တော့ ကမ္ဘာပျက်ပြီ။ အဇ္ဈတ္တကမ္ဘာကို ဆိုလို၏။ ဖြူဖို့အတွက် မညစ်ဖို့လို၏။ ညစ်လျှင်မဖြူတော့။ ညစ်လို့မဖြူ၊ မဖြူ လို့ညစ်၊ လျှောက်လည်းမလျှော်၊ ဖွပ်လည်းမဖွပ် ညစ်သည်ထက်ပိုညစ်၊ မည်းသည်ထက်ပိုမည်း၊ အဇ္ဈတ္တကမ္ဘာ ပျက်တော့၏။ အဇ္ဈတ္တကမ္ဘာပျက်လျှင် ဗဟိဒ္ဓကမ္ဘာကို မည်သို့စောင့်ရှောက်မည်နည်း။ အများအကျိုး သယ်ပိုးလိုသူတို့၊ အများအကျိုး ဆောင်ရွက်လိုသူတို့ သတိပြုဖို့ပင်။
အဖြူရောင်သည် ကျက်သရေရှိ၏။ ဇွန်ပန်းဖြူ၊ စပယ်ပန်းဖြူ၊ ဇလပ်ပန်းဖြူလေးတို့သည် အလွန်မှကျက်သရေရှိ၏။ အဆင်းကလည်း ကျက်သရေရှိ၏။ ရနံ့လည်းမွှေးကြူ၏။ မြန်မာဝေါဟာရ၌ "၀တ်ဖြူစင်ကြယ်" ဟူ၍ရှိ၏။ အဖြူရောင်သည် စင်ကြယ်ခြင်း အမှတ်လက္ခဏာ ဖြစ်၏။ သူတော်စင်တို့ ၀တ်ဖြူစင်ကြယ်ဝတ်ကြ၏။ နွားသမားတို့သည် နွားဖြူ (နွားပြာ၊ စာဥ)ကို ကြိုက်နှစ်သက်ကြ၏။ မြင်းသမားတို့သည် မြင်းဖြူကိုကြိုက်နှစ်သက်ကြ၏။ ဤကား ဗဟိဒ္ဓအဖြူရောင်များတည်း။
ဘုရားရှင်အဆူဆူတို့သည် ဗဟိဒ္ဓအဖြူရောင်ကိုဘာမျှမပြော။ "သစိတ္တပရိယောဒပနံ-မိမိစိတ်ကို ဖြူစင်အောင်ထားပါ" ဟု အဇ္ဈတ္တအဖြူရောင်ဖြစ်ရေးကိုသာ အလေးပေး၍ မိန့်မြွက်၏။ ဗဟိဒ္ဓအဖြူရောင်က လောကအတွက်သာမည်ဖြစ်၏။ အဇ္ဈတ္တအဖြူရောင်ကသာ လောကအတွက် အဓိကကျ၏။ အဖြူရောင် အဇ္ဈတ္တကသာ လောကပါလဖြစ်၏။ လောကကိုစောင့်ရှောက်၏။ လောကသားသည် လောကကိုမဖျက်ဆီးကောင်း၊ လောကကိုစောင့်ရှောက်ရ၏။ လောကကိုစောင့်ရှောက်ဖို့အတွက် အဇ္ဈတ္တအဖြူရောင်သည်သာ အရေးပါတာမို့ "သစိတ္တပရိယောဒပနံ"ဟု ဘုရားရှင်အဆူဆူတို့ မိန့်မှာတော်မူခဲ့ကြ၏။
ဆက်ဖတ်ရန် . . . .
Friday, September 3, 2010
သက်သတ်လွတ်စားတဲ့ ကျားရှိသလား (လူထုစိန်ဝင်း)
ဒီနှစ်မရမ်းသီး ပေါ်တာနောက်ကျတယ်။ ဇန်န၀ါရီတစ်ဝက်ကျိုးမှ စပေါ်တယ်။ ခါတိုင်းနှစ်တွေဆို ဒီဇင်ဘာမကုန်ခင်စပေါ်တာ။ စပေါ်တဲ့နေ့မှာ ဈေးကတစ်ဆယ်သား ၂၀၀၀ တဲ့။ မနှစ်ကထက် ၅၀၀ ပိုများတယ်။ တရရနဲ့ တစ်မေးတည်းမေးနေတာကြောင့် စတွေ့တဲ့နေ့မှာ ပဲကလေးတွေက၀ယ်လာကြတယ်။ ဈေးထဲမှာရှိသေးသလားမေးတော့ ရှိတော့ရှိသေးတယ်။ သိပ်များများတော့ မဟုတ်ဘူးတဲ့။
ပေါ်ဦးပေါ်ဖျား
အဲဒါကြောင့် ပြေးစမ်းပါဦးဟဲ့ ဆိုပြီး ချက်ချင်းသွားဝယ်ခိုင်းရတယ်။ ရခဲ့လို့ တော်ပါသေးတယ်။ ဒါတောင် ငါးဆယ်သားရဖို့ သုံးဆိုင်ခွဲဝယ်ခဲ့ ရတာတဲ့။ ပေါ်ဦးပေါ်ဖျားဆိုတော့ ရှားတယ်လေ။ ပေါ်ဦးပေါ်ဖျားဆိုတာက အိမ်နားက ဘိုကလေးဈေး နဲ့ ၃၈ လမ်းဈေးတစ်ခုခုမှာ စရောင်းတဲ့နေ့ကိုပြောတာပါ။ တခြားနေရာများတော့ မသိနိုင်ပါဘူး။ မရမ်းသီးပေါ်ပေါ် သရက်ကင်းလေးတွေပဲ စတွေ့တွေ့၊ ဦးဦးဖျားဖျားမန္တလေးက ဒေါ်ဒေါ်လူထုဒေါ်အမာဆီပို့ မြဲဖြစ် လေတော့ ဒီဝတ္တရားကို မပျက်မကွက်ချင်ဘူး။ ဒေါ်ဒေါ်ရှိစဉ်က မန္တလေး မှာ တမာရွက်ပဲပေါ်ပေါ်၊ ပုရစ်ပဲပေါ်ပေါ် ပေါ်ဦးပေါ်ဖျား ဒေါ်ဒေါ်က နှစ်တိုင်းမပျက်မကွက် ပို့ခိုင်းတတ်တာ ဖြစ်တယ်။ အောင်ဒင် သရက်သီးဆို လည်း နှစ်စဉ်ပျက်တယ်မရှိရပါဘူး။ ဒေါ်ဒေါ်မရှိတော့လည်း သမီးတွေက ၀တ္တရားမပျက်ရှာကြဘူး။ သမီးကြီး ကပို့လိုက်၊ သမီးငယ်နှစ်ယောက်က ပို့လိုက်နဲ့ တစ်လနှစ်ကြိမ်လောက်ကတော့ အနည်းဆုံးအောင်ဆန်းကွင်း ကားဂိတ်ကို သွားယူနေရတာ။ ကိုယ့်ဘက်ကတော့ သရက်ကင်းလေး၊ မရမ်းသီးလေးပေါ်ဦးပေါ်ဖျားများ တစ်နှစ်တစ်ခါလောက် ပို့ရတာ။ မန္တလေးက တော်တော်လေး နောက်ကျမှ ပေါ်တယ်။
တုံ့လှယ်မေတ္တာ
ဒီကြားထဲလူကြုံကောင်းလို့ ထည့်ပေးလိုက်တာမျိုးတွေကလည်း ပြတ်တယ်မရှိဘူး။ နှမတွေဆီပို့ရင်း နဲ့ တစ်လက်စတည်း ယုန်သားကင် ပို့ပေးတဲ့ မိတ်ဆွေအတွက်ပါ ထည့်ပေးလိုက်ရသေးတယ်။ တုံ့လှယ် မေတ္တာဆိုတဲ့ သဘောကရှိတယ် မှုတ်လား။ မြန်မာပီပီမေတ္တာတန်ခိုးတော့ ကောင်းကောင်းယုံတယ်။ ကိုယ်က သူတစ်ပါးအပေါ် စစ်မှန်တဲ့မေတ္တာထားရင် ကိုယ့်အပေါ်စစ်မှန်တဲ့မေတ္တာ ထားသူတွေလည်း ရှိလာမြဲဖြစ်တယ်။ အခု ဒီစာရေးရင်းတောင် မန္တလေး VECကျောင်းက ဆရာမကြီး ဒေါ်ဝင်းဝင်းမေ ပို့လိုက်တဲ့ ငချိတ်ထမနဲစားရင်း ကော်ဖီသောက်နေတာ။ အဲဒီ ဆရာမကြီးကလည်း လူကြုံရှိတိုင်း စားသောက်ဖွယ်ရာလေးတွေ ပို့နေ ကျ။သူတို့တင် မကပါဘူး။တစ်ခါမှ မမြင်ဖူး၊ မတွေ့ဖူးတဲ့ စာဖတ် ပရိသတ်များဆီကလည်း သူတို့ဒေသထွက် စားကောင်းသောက်ဖွယ် တွေ မကြာခဏ ရောက်လာတတ်ပါ တယ်။ အညာဒေသ ကျောက်ပန်းတောင်းက ရောက်လာလိုက်၊ မကွေးက ရောက်လာလိုက်၊ ရှမ်းပြည်နယ် တောင်ကြီးက ရောက်လာလိုက်၊ ပြင်ဦးလွင်နဲ့ သီပေါ၊ ကျောက်မဲက ရောက်လာလိုက်နဲ့ သိပ်မပြတ်လှပါဘူး။
မေတ္တာတွေအနန္တကြောင့်
''မေတ္တာကိုကိုက်စားလို့မရဘူး။ ပိုက်ဆံရှိမှဝမ်းဝတာ'' လို့ တချို့က ပြောတတ်ကြတယ်။ ပိုက်ဆံရှိလို့ ဗိုက်ဝပေမယ့် အသက်ရှည်အောင်တော့ လုပ်မပေးနိုင်ဘူး။ မေတ္တာနဲ့ ထမင်းမ၀ပေမယ့် အသက်ရှည်ပြီး စိတ်ချမ်းသာအောင်တော့ တတ်နိုင်တယ်လို့ပြောချင်တယ်။ ကိုယ်တွေ့ ပါ။ ကိုယ်တိုင်က သုံးကြိမ်သုံးခါ သေရွာပြန်ပါ။ အပယိကဖြစ်တာတွေက တော့ မရေတွက်နိုင်တော့ဘူး ပြောရမှာပါ။ တစ်သက်လုံး သတင်းစာအလုပ်ထဲ စွဲမြဲနေတာကြောင့် ဘာရာထူး၊ အာဏာမျိုးမှလည်း မရှိခဲ့ဖူးပါဘူး။ လူတိုင်းကသေမယ်လို့ ထင်ခဲ့ကြတဲ့ အကြိမ်တွေလည်း မနည်းပါဘူး။ ဒါပေမဲ့ အောက်စီဂျင်ပိုက်တန်းလန်းနဲ့ တစ်နေ့ ဆေးအမျိုးပေါင်း ၁၇ မျိုး သောက်ပြီး နေလာခဲ့တာ အခုအသက် ၇၀ ထဲရောက်ပါပြီ။ မှန်တာပြောရ ရင် ဆေးတွေကြောင့် အသက်ရှင်နေတာလို့ ကိုယ့်ဟာကိုယ်တော့ မထင်ဘူး။ မေတ္တာ၊ မေတ္တာတွေအနန္တကြောင့် ခုထိအောင် အသက်ရှည်နေ တာလို့ ထင်ပါတယ်။
ကဲ ဘာလိုသေးလဲ
ကြည့်လေ။ အထူးကုသမား တော် ဆရာဝန်မလေးက ပင်ပန်းမှာစိုးလို့ ဆိုပြီး သူအနားယူတဲ့တနင်္ဂနွေနေ့တိုင်း အိမ်အရောက်လာပြီး ကြည့် ပေးတာ။ ခွဲဖို့စိတ်ဖို့ ကိစ္စပေါ်လာတော့လည်း ခွဲစိတ်ဆရာဝန်ကြီးက တစ်ပြားတစ်ချပ်မှမယူဘဲ မေတ္တာနဲ့ခွဲကုပေးတာ၊ သွေးစစ်၊ သလိပ်စစ်၊ ဆီးစစ်စတဲ့ စစ်ဆေးမှုတွေလုပ်ဖို့လို တော့လည်း စာရေးဆရာမောင်ညိုပြာက လူလွှတ်ယူခိုင်းပြီး အားလုံးလုပ်ကိုင်ပြီးမှ အိမ်တိုင်ရာရောက် လာပို့သေးတယ်။ ဓာတ်မှန်ရိုက်ဖို့ လိုတော့လည်း ဖုန်းဆက်လိုက်တာနဲ့ အိမ်အရောက် လာရိုက်ပေးသူက အသင့်။ ဒီကြားထဲ ဆင်းရဲသားများရဲ့ မိတ်ဆွေ၊ စာရေးဆရာများရဲ့ဇီဝက ဆရာလေးတစ်ဦးကလည်း ပြတ်တယ်လို့မရှိ။ ကဲ ဘာလိုသေးလဲ။ အနယ်နယ် အရပ်ရပ်ကစာဖတ်ပရိသတ်များ ကလည်း ဖုန်းနဲ့တစ်မျိုး၊ စာနဲ့ တစ်ဖုံမေတ္တာ၊ စေတနာတွေအလျံပယ် ပို့ပေးနေကြတာ ကြည်နူးပီတိဖြစ်စရာ တွေချည်းပါပဲ။
ရွှေနဲ့စက်ဝယ်လို့မရဘူး
ဒီလိုကြည်နူးပီတိမျိုးတွေကို ပိုက်ဆံနဲ့ ၀ယ်လို့ရနိုင်သလား။ ရာ ထူး အာဏာအရှိန်အ၀ါနဲ့ ဖန်တီးယူလို့ ရနိုင်သလား။ ဈေးကွက်စီးပွားရေးခေတ်မှာ ဘာမဆိုပိုက်ဆံနဲ့ ၀ယ်လို့ရနိုင်ပေမယ့် မေတ္တာစေတနာကိုတော့ ရွှေနဲ့စက်ဝယ်လို့လည်းမရပါ ဘူး။ အတင်းအဓမ္မပေးခိုင်းလို့ လည်းမရပါဘူး။မေတ္တာကို မေတ္တာနဲ့သာ ဖလှယ်လို့ ရပါတယ်၊ စေတနာကို စေတနာနဲ့သာ တုံ့ပြန်ရိုးဖြစ်ပါ တယ်။ ဒီလိုပြောလို့ မေတ္တာဝါဒီ ကြီး၊ သူတော်စင်ကြီးလို့တော့ မထင်ပါနဲ့။ မေတ္တာရဲ့တန်ခိုးစွမ်း အားကိုယုံကြည်ပေမယ့် လူ့လောက မှာ မေတ္တာဆိုတာ ဘာမှန်းမသိ။ စေတနာဆိုတာ နားမလည်၊ကရုဏာ ဆိုတာ မကြားဖူးတဲ့ မေတ္တာနဲ့ မထိုက်တန်သူမျိုးတွေလည်း ရှိတယ်ဆိုတာ ယုံကြည်လက်ခံထား သူဖြစ်ပါတယ်။
ကြောက်ရမ်းရှက်ရမ်း
စာသင်ကျောင်းတွေပေါ် ဗုံးမကြဲဖို့ အီရတ်နဲ့ အာဖဂန်နစ္စတန်က မိခင်တွေက အသနားခံ တောင်းပန်နေကြပေမယ့် အချည်းနှီးပဲ မဟုတ်လား။ မူလတန်း ကျောင်းသူကျောင်းသားငယ်လေးတွေ နေ့စဉ်နဲ့အမျသေဆုံးနေကြဆဲပါပဲ။ လူမပါတဲ့ လေယာဉ်တွေနဲ့တော့'ကြောက်ရမ်း ရှက်ရမ်း' ရမ်းပြီး 'ဗုံးမကြဲပါနဲ့'လို့ မဟာမိတ် အာဖဂန်သမ္မတကိုယ်တိုင် က တောင်းပန်ပေမယ့်လည်း ဂရုမစိုက်ပါဘူး။ 'မကောင်းသူထိပ် ကောင်းသူထိပ်' ဆိုတဲ့သဘောနဲ့ မောင်းသူမဲ့ လေယာဉ်တွေပေါ်ကနေ ပြီး ဗုံးတွေဒလကြမ်းကြဲချနေကြ ဆဲပါပဲ။ လောကမှာသက်သတ်လွတ်စားတဲ့ ကျားမရှိပါဘူး။ အလား တူပါပဲ။ လူကြီးလူကောင်းစကား နားလည်တဲ့ ကောင်းဘွိုင်သေနတ် သမားမျိုး ဘယ်တုန်းကမှ မရှိပါဘူး။ နောင်လည်းဘယ်တော့မှ ရှိလာမှာ မဟုတ်ပါဘူး။
သူ့နေရာသူနေ၊ကိုယ့်နေရာကိုယ်နေ
မေတ္တာတရားကိုယုံတယ်။ ဒါပေမဲ့ ကျားကသက်သတ်လွတ်စား တယ်ဆိုတာတော့ မယုံပါဘူး။ ဒါ ကြောင့်ကျားရှေ့မှာ ဒူးတုပ်ထိုင်ပြီး မေတ္တာပို့တာမျိုးတော့ မလုပ်နိုင်ပါ ဘူး။ ပုထုစဉ်ဆိုတော့ ပုထုစဉ်လိုပဲ စဉ်းစားပြီး ပုထုစဉ်လိုပဲတုံ့ပြန်ရမှာ ပဲ။ ကိုယ်ကတော့ သက်သက်မဲ့ ကျားနားရွက်သွားပြီး တံတွေးမဆွတ် ပါဘူး။ သူ့စည်းကိုယ့်စည်းဆိုတာ နားလည်ပါတယ်။ ကျားကကျားနေရာနေ၊ လူကလူနေရာနေရင် ပြီးတာပါပဲ။ ကျားကလူသားစားချင်လို့ စည်းဖောက်ပြီး လူ့ရပ်ရွာထဲကျူးကျော် ၀င်ရောက်လာရင်တော့ ဘယ်သည်းခံနိုင်မှာလဲ။ ဓားဆွဲတန်ဆွဲ၊ တုတ်ဆွဲတန်ဆွဲ လုပ်သင့်တာတော့ လုပ်ရမှာပဲ။ သက်သတ်လွတ်စားတဲ့ ကျားရှိပါတယ်လို့တော့ လာမပြောနဲ့။ ဘယ်တော့မှယုံမှာမဟုတ်ဘူး။ မေတ္တာတရားကိုတော့ယုံတယ်။ ဒါပေမဲ့ ကျားကိုတော့မယုံဘူး။
ဆက်ဖတ်ရန် . . . .









“အမာသည် အပျော့မဟုတ်
အဖြူသည် အမည်းမဟုတ်
အဖြောင့်သည် အကောက်မဟုတ်
အမာကို မပျော့စေနှင့်
အဖြောင့်ကို မကောက်စေနှင့်”


