ရဲထက်
အိန္ဒိယအမျိုးသားတစ်ယောက် မော်တော်ဆိုင်ကယ်စီးလာတယ်။ ရာသီဥတုကအေးတော့ သူက သူရဲ့ဂျာကင်အင်္ကျီကို အတည့်မ၀တ်ဘူး။ ကျောသားကို ရှေ့ပို့ ဇစ်အဖွင့်ကို ကျောထားပြီိး အင်္ကျီ နောက်ပြန်ဝတ်လာတယ်။ ဘာကြောင့်လဲဆိုတော့ အေးစက်တဲ့လေက အဆက်မပြတ်တိုက်ခတ်နေတော့ ရင်ဘတ်တစ်ခုလုံး အေးခဲဒဏ်က ကာကွယ်ဖို့ပဲဖြစ်ပါတယ်။ လမ်းမကြီးရဲ့တစ်ဖက်ထိပ်ကနေ ဆားတာ(ဆစ်လူမျိုးတို့၏ ရိုသေမှုကိုခံယူသောပုဂ္ဂိုလ်) တစ်ယောက်ကလည်း မော်တော်ဆိုင်ကယ်စီးလာတယ်။ ဒီဆားတာက အလွန်ရိုးမသူတစ်ယောက်ဖြစ်နေတော့ အင်္ကျီနောက်ပြန်ဝတ်လာသူကို လည်းမြင်ရော သူ့မျက်လုံးကို သူမယုံနိုင်အောင်ဖြစ်နေတယ်။ ဒီလူရဲ့ဦးခေါင်းက ၁၈၀ ဒီကရီတောင်လှည့်ထားပါလားလို့ သူတွေးပြီး အံ့သြတကြီးနဲ့ ကြောက်စိတ်တွေဝင်လာရာကနေ သူ့ဆိုင်ကယ်က ဟိုလူဆိုင်ကယ်ကို ၀င်တိုက်တော့တာပါပဲ။ သနားစရာကောင်းတဲ့ ဟိုလူခမျာ မြေကြီးပေါ်မှာ မှောက်လျက်သား မေ့မြောနေတယ်။ ဆားတာက ဆိုင်ကယ်ပေါ်ကနေ ကမန်းကတန်းဆင်းပြီး အသေအချာကြည့်ရင်း “ဘုရားရေ ဒီလူ ဘာများဖြစ်သွားပြီလဲ မလွယ်ဘူး။ ငါ့ဘာသာငါပဲ သူ့အသက်ကို ကယ်တင်ရတော့မှာ” လို့ ပါးစပ်က တတွတ်တွတ်ပြောနေရှာတယ်။
သိတဲ့အတိုင်းပဲ အိန္ဒိနိုင်ငံရဲ့ ဆားတာတွေဟာ အလွန်အားကောင်းပြီး သန်မာ ထွားကျိုင်းသူတွေဖြစ်တယ်။ သူ ရှည်ရှည်ဝေးဝေး စဉ်းစားမနေတော့ဘဲ ဂျာကင် အင်္ကျီ အနေအထားကိုကြည့်ပြီး သတိမေ့နေတဲ့ ဟိုလူရဲ့ဦးခေါင်းကို နေရာမှန်ရောက်အောင် အားနဲ့လှည့်ပြီး ပြန်တည့်ပေးလိုက်တယ်။ ဒီအချိန်မှာပဲ ရဲကားတစ်စီးရောက်လာတပြီး ရဲအရာရှိက “ ဘယ်လိုဖြစ်တာလဲ” လို့မေးတော့ ဆားတာက “ခင်ဗျားတို့ရောက်လာတာ အတော်ပဲ ဒီလူကိုကြည့်စမ်းပါဦး။ သူ မော်တော်ဆိုင်ကယ်ပေါ်က ပြုတ်ကျလာတာ”
ရဲအရာရှိကပြန်မေးတယ် “ဒီလူ ရှင်နေသေးလား၊ သေပြီလား”။ ဆားတာက ပြန်ပြောတယ် “အခုနက သူဦးခေါင်းကြီးလည်နေတုန်းက အသက်ရှိသေးတယ်။ ဒါနဲ့ ကျွန်တော်လည်း သူဦးခေါင်းကို နေရာမှန်ရောက်အောင် ပြန်တည့်ပေးလိုက်ရော ဒီလူ အသက်ရှုရပ်သွားတော့တာပဲ”။ ရဲတွေက ဒေါကသံနဲ့ပြောတယ် “မင်း ဘာဖြစ်လို့ ဒီခေါင်းကို အာရုံထားနေရတာလဲ၊ နေရာမှားနေတာက ခေါင်းမဟုတ်ဘူးကွ၊ ဂျာကင် အင်္ကျီဆိုတာ မင်းမမြင်ဘူးလား”။ ဒီတော့ ဆားတာက စိတ်ပျက်တဲ့လေသံနဲ့ ပြန်ပြောတယ်။ “ကျုပ်တို့က သနားစရာကောင်းလောက်အောင် ထုံထိုင်းသူတွေပါပဲဗျာ။ အပေါ် အင်္ကျီရဲ့ ဇစ်တွေက နောက်ကျောပေါ်ရောက်နေတာမျိုး တစ်ခါမှ မမြင်ဖူးပါဘူး။ ကျုပ်ထင်တာက ဒီလူတော့ မတော်တဆဖြစ်လာတယ်ပေါ့။ သူမေ့မြောနေပေမယ့် အသက်တော့ရှုနေသေးတာပဲ၊ သူဦးခေါင်းကို ဆွဲတည့်လိုက်တော့မှ အတိဒုက္ခရောက်တော့တာ၊ ဒါပေမဲ့ ကျုပ်ဖြစ်စေချင်တဲ့ဆန္ဒကို ကျုပ်လုပ်လိုက်ရပါတယ်။ သူဦးခေါင်းကို နေရာမှန်ပြန်လှည့်ပေးလို့ အင်္ကျီဇစ်နဲ့တည့်သွားတော့မှ ဒီလူက အသက်ထွက်သားတာ တကယ့်လူထူး လူဆန်းပါပဲဗျာ”
ခင်ဗျားရဲ့ ဦးခေါင်းနဲ့ ခင်ဗျားရဲ့ စိတ်ကို လူတော်တော်များများက သူတို့ဆန္ဒနဲ့အညီ ခင်းဗျားဟာ ဘယ်လိုပုံစံဖြစ်သင့်တယ်ဆိုတဲ့ သူတို့ စိတ်ကူးအတိုင်း ခင်ဗျားရဲ့ ဦးတည်ချက်တွေကို လာပြီးလှည့်ပြောင်း ပေးနေကြတယ်။ ခင်ဗျားရဲ့ ဦးတည်ချက်တွေကို လာပြီးလှည့်ပြောင်းပေးနေကြတယ်။ သူတို့အဆိုက တည့်မတ်ပေးတယ်ပေါ့လေ။ သူတို့မှာ မကောင်းတဲ့စိတ်တော့ မရှိပါဘူး။ ခင်ဗျားရဲ့ မိဘတွေက ခင်ဗျားကိုချစ်ကြတာပါပဲ။ ခင်ဗျားရဲ့ ဆရာကလည်း ခင်ဗျားကိုချစ်တာပဲ။ ခင်ဗျားရဲ့ လူ့အဖွဲ့အစည်းက ခင်ဗျားကိုထင်ရှားတဲ့ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာဖို့ မျှော်လင့်နေကြတယ်။ သူတို့ရဲ့အရင်းခံစေတနာက ကောင်းပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ကြည့်မြင်မှုက တိုတောင်းပြီး နားလည်မှုက တိမ်လွန်းတယ်။ ခင်ဗျားအနေနဲ့ ထပ်တရာပန်းကို နှင်းဆီပန်းဖြစ်အောင် ဘယ်လိုမှမလုပ်နိုင်ဘူးဆိုတာ သူတို့မေ့နေတယ်လေ။ ဒီတော့ အကျိုးသက်ရောက်မှုက နတ္ထိပေါ့။
ခင်ဗျားလုပ်နိုင်တဲ့တစ်ခုတည်းသော ကိစ္စက နှင်းဆီပင်ကိုပိုပြီး ကြီးထွားလာအောင် ကူညီဖို့ပါ။ အရောင်အသွေး ပိုပြီးစိုပြည်အောင် သင်းရနံ့ပိုမိုမွှေ့းပျံ့လာအောင် အသုံးတည့်မယ့် ရုက္ခဆေးဝါးမှန်သမျှကို ခင်းဗျားထည့်ပေးနိုင်တယ်။ နှင်းဆီရဲ့ အရောင်အသွေးနဲ့ ရနံ့ကို ပြောင်းလဲပစ်ဖို့ သူလိုအပ်နေတဲ့ မြေသြဇာ မှန်ကန်ဆီလျော်တဲ့ မြေဆီအနေအထား၊ သင့်မြတ်တဲ့အချိန်မှာ သင့်လျော်တဲ့ရေလောင်းမှု ပြုလုပ်ပေးရမှာပါ။ ဒါပေမဲ့ နှင်းဆီပင်က ကြာပန်းပွင့်လာအောင် လုပ်ဖို့တော့ ခင်ဗျားမတတ်နိုင်ပါဘူး။
အကယ်၍များ ကနဦးကတည်းက နှင်းဆီပင်ပေါ်မှာ ကြာပန်းပွင့်လာဖို့ စိတ်ကူးတွေရှိနေမယ်၊ သေချာပေါက် ကြာပန်းပွင့်ရမယ်လို့ ခင်ဗျားယုံကြည်နေမယ်ဆိုရင် ကြာပန်းကတော့ ပိုလှပြီးအပွင့်ကလည်း ပိုကြီးနေမှာပေါ့။ ဒါဟာ မှားယွင်းတဲ့ ကန့်သတ်ချုပ်ဆိုမှုတစ်ခုကို ပြုလုပ်လိုက်သလိုပါပဲ။ နှင်းဆီပင်က တစ်သက်လုံး ကြာပန်းမပွင့်နိုင်တဲ့ အပြင် နှင်းဆီပင်ရဲ့စွမ်းပကားတစ်ခုလုံးဟာလည်း မှားယွင်းတဲ့လမ်းပေါ်မှာ ဦးတည်သွားနေတော့မှာပါ။ ဒီလိုနဲ့ နှင်းဆီပင်ဟာ နှင်းဆီပန်းတောင်မပွင့်နိုင်တဲ့ အခြေအနေကို ရောက်သွားတော့မှာဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ နှင်းဆီပင်မှာ နှင်းဆီပွင့်တဲ့ အစွမ်းသတ္တိမရှိတော့လို့ပဲဖြစ်တယ်။ ဒီတော့ ကြာပန်းလည်း မပွင့်၊ နှင်းဆီလည်းမပွင့်နဲ့ သနားစရာကောင်းတဲ့ သစ်ပင်ဟာ ဘ၀တစ်လျှောက်လုံးမှာ အလွန်တရာအနှစ်မဲ့လွန်းပြီး စိတ်ပျက်အားငယ်ခြင်း၊ ညံ့ဖျင်းမွဲတေခြင်းနဲ့ သူဟာ ဘာတန်ဖိုးမှ ရှိဘူးလို့ ခံစားနေရတော့မှာပါ။
လူသားများရဲ့ အခြေအနေက ဒီအတိုင်းပါပဲ။ လူတွေဟာ အမျိုးမျိုး အဖုံဖုံသော ရည်ရွယ်ချက်နဲ့ အကြံအစည်ကောင်းတွေကို သယ်ဆောင်လာကြပြီး ခင်းဗျားရဲ့စိတ်ထားနဲ့ ဦးနှောက်ကို ပြောင်းလဲလိုကြတယ်။ နှိုင်းယှဉ်ချက်အားဖြင့် ပိုမိုတိုးတက်ကောင်းမွန်တဲ့ လူအဖွဲ့အစည်းတစ်ခုမှာတော့ အမြော်အမြင်ကြီးသူတွေက ခင်ဗျားကိုဘယ်တော့မှပြောင်းလဲအောင် လုပ်မှာမဟုတ်ဘူး။ ခင်ဗျားဟာ ခင်းဗျားပဲဖြစ်ဖို့ လူတိုင်းက အကူအညီပေးကြမှာပါ။ ကိုယ်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရတာဟာ ဒီကမ္ဘာလောကမှာ အလှဆုံးအရာပဲဖြစ်တယ်။ ကိုယ့်ဘာသာကိုယ်ဖြစ်ခွင့်ရခြင်းကသာ သင်စိတ်တိုင်းကျ ဖြစ်ဖို့ လိုအပ်နေတဲ့အရာအားလုံးကို အပ်နှပ်နှင်းပေးမှာပါ။ ဒါဟာ သင့်ဘ၀ရဲ့ရှင်သန်မှုကို ပိုပြီးအဓိပ္ပာယ်ရှိစေနိုင်တဲ့ အဓိကလက္ခဏာပါပဲ။ မိမိဘာသာဖြစ်တည်ခြင်းဟာ ပင်ကိုသဘောသဘာဝနဲ့ အညီရှင်သန်ကြီးပြင်းပြီး၊ သင့်ရဲ့ကံကြမ္မာကို ချောမွေ့ပြေပြစ်စေနိုင်မှာ ဖြစ်တယ်။
ဒါကြောင့် ပြောင်းလဲပေးချင်တဲ့ သူတို့ရဲ့ မွတ်သိပ်တောင်းတမှုဟာ မကောင်းတဲ့အရာမဟုတ်ပါဘူး။ ဒါပေမယ့် မှားယွင်းတဲ့ပြစ်မှတ် အဖြစ်မခံရပါစေနဲ့။ ခင်ဗျားမုချပဲ သတိကြီးစွာထားရမယ်။ သူတို့ရဲ့ အရင်းခံစိတ်ထား မည်သို့ပင်ကောင်းသည်ဆိုစေ၊ တစ်ပါးသူရဲ့ စိုးမိုးခြယ်လှယ်မှုကိုတော့ မခံရပါစေနဲ့၊ ကောင်းပေ့ဆိုတဲ့ ဦးတည်ချက်အမျိုးမျိုးအဖုံဖုံနဲ့ ခင်ဗျားဘ၀ကိုလာပြီး စွက်ဖက်မယ့် တစ်ပါးသူရဲ့လက်ထဲကနေ မုချပဲ ခင်ဗျားကိုယ်ခင်ဗျား ရုန်းကန်ကယ်တင်ရမှာဖြစ်တယ်။ သူတို့က ခင်ဗျားကို ဒီလိုလုပ်ပါ။ ဟိုလိုလုပ်ပါလို့ တစ်လျောက်လုံး သတိပေးနေတယ်။ သူတို့ ဘာပြောသလဲဆိုတာ ခင်ဗျားနားထောင်နေပါ။ ပြီးတော့ ကျေးဇူးတင်ပါတယ်လို့တခွန်းပြောလိုက် သူတို့က ခင်ဗျားကိုထိခိုက်အောင် အရည်ရွယ်ပါဘူး။ ဒါပေမဲ့ နောက်ဆုံးတော့ ခင်ဗျားကိုထိခိုက်စေတာပဲလေ။
ခင်းဗျားရဲ့နှလုံးသားကို ခင်ဗျားနားထောင်တာဟာ အကောင်းဆုံးပါ။ သူဟာ ခင်ဗျားရဲ့တစ်ဦးတည်းသောဆရာပါ။ အသက်ရှင်သန်ခြင်းရဲ့ မှန်ကန်ဖြောင့်မတ်တဲ့ခရီးလမ်းမှာ ခင်ဗျားရဲ့တိုက်ရိုက်အာရုံသိမှုဟာ ခင်ဗျားရဲ့တစ်ဦးတည်းသော ဆရာပဲဖြစ်ပါတယ်။
သယမ္ဘူတဥာဏ်(Intuition) နဲ့ ပက်သက်လို့ ခင်ဗျားစူးစမ်းသုတေသနပြုခဲ့သလားမသိဘူး။ အဲဒီ့စကားလုံးနဲ့ သင်ကြားပေးခြင်းကျူရှင်(Tuition) ဒီနှစ်ခုကြားမှာ မတူတဲ့ကွဲပြားမှုရှိတယ်။ သင်ပြခြင်း(Tuition) ဆိုတာ ဆရာကပေးတာ၊ အပြင်ဘက်ကလာတာ၊ တိုက်ရိုက်အာရုံသိမှု(Intuition) ကတော့ ခင်ဗျားရဲ့ပင်ကိုသဘာဝ သတ္တိ ရှင်းပြလို့မရတဲ့စိတ်ကပေးတာ၊ အတွင်းပိုင်းရဲ့ နက်ရှိုင်းတဲ့ နေရာကနေလာတာ၊ ခင်ဗျားရဲ့ အတွင်းပိုင်းမှာ လမ်းညွန်သူတစ်ယောက်ရှိနေတယ်။ ခင်ဗျားသတ္တိနည်းနည်းသာရှိပါစေ၊ မိမိကိုယ်ကိုယ် တန်းဖိုးမရှိသူလို့ ခင်ဗျားထာဝရ မခံစားရတော့ဘူး။ နိုင်ငံတစ်နိုင်ငံရဲ့ သမ္မတ၊ ၀န်ကြီးချုပ် ဒါမှ မဟုတ် ဟင်နရီဖို့ဒ်လိုလူမျိုး ခင်ဗျားဖြစ်ချင်မှဖြစ်မယ်။ ဖြစ်ဖို့လည်းမလိုဘူး။ ဒါပေမဲ့ ခင်ဗျားအလွန်အသံချိုတဲ့ အဆိုတော်တစ်ယောက်၊ ဒါမှမဟုတ် အလွန်တော်တဲ့ စာရေးဆရာတစ်ယောက်တော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ခင်ဗျားဘာကြီးပဲဖြစ်ဖြစ် သိပ်အရေးမကြီးပါဘူး။ ခင်ဗျား ကြီးမြတ်တဲ့ ဖိနပ်ချုပ်သမားတစ်ယောက်လည်း ဖြစ်နိုင်တာပဲလေ။
အမေရိကန်ပြန်ထောင်စုမှာ အီဗရာဟင်လင်ကွန်း သမ္မတဖြစ်လာတဲ့အခါ လင်ကွန်းရဲ့အဖေက ဖိနပ်ချုပ်သမားတစ်ယောက်ဖြစ်နေတော့ လွှတ်တော်အမတ်တွေအားလုံးပဲ ဖိနပ်ချုပ်သမားတစ်ယောက်ရဲ့သားက အလွန်ချမ်းသာကြွယ်ဝသူတွေနဲ့ မင်းမျိုးမင်းနွယ်ပုဂ္ဂိုလ်တွေအပေါ် လာအုပ်ချုပ်နေတာ မကြိုက်ဘူး။ သူတို့အတွက် အရှက်ရစရာတစ်ခုလို ခံစားနေကြရတယ်။ သူတို့ယုံကြည်ထားတာက သူတို့ဟာ သူတကာထက် သာလွန်ထူးချွန်သူတွေ ဖြစ်ရမယ်။ ဘာကြောင့်လဲဆိုတော့ ချမ်းသာကြွယ်ဝသူတွေဖြစ်လို့၊ သူတို့ဟာတော်ဝင်ပညာရှင်မိသားစုကြီးတွေကနေ ဆင်းသက်လာကြသူတွေဖြစ်လို့ ဒါကြောင့် အမတ်တော်တော်များများက သူတို့သိက္ခာကျတယ်လို့ယူဆပြီး မကျေမနပ်နဲ့ ဒေသအမျက်တွေထွက်နေကြတယ်။ လင်ကွန်းသမ္မတရာထူးရတာ ဘယ်သူကမှ မကြိုဆိုကြဘူး။
ပထမဆုံးအကြိမ် သမ္မတလင်ကွန်းက အမတ်အပေါင်းကို ပဏာမမိန့်ခွန်းပေးတဲ့အခါမှာ မြင့်မြတ်ချင်ယောင်ဆောင်ပြီး ဘ၀င်နထင်ရောက်နေသူတစ်ဦးက လင်ကွန်းရှေ့မှာထရပ်ပြီး ဒီလိုပြောပါတယ်။ “ဆရာလင်ကွန်း ခင်ဗျား မိန့်ခွန်းမစခင် ကျွန်တော်ကြိုတင် သတိပေးချင်တာကတော့ ခင်ဗျားဟာ ဖိနပ်ချုပ်သမားတစ်ယောက်ရဲ့ သားဖြစ်တယ်ဆိုတာ သတိပြုဖို့ပါပဲ” ဒီစကားကိုကြားတော့ အမတ်တွေအားလုံးက ၀ိုင်းရယ်ကြပါတယ်။ သူတို့က လင်ကွန်းကို အရှက်ခွဲဖို့ကြိုးစားပေမယ့်၊ အမှန်စင်စစ် လင်ကွန်းကို အရေးနိမ့်အောင် မလုပ်နိုင်ကြပါဘူး။ ဒါပေမယ့် သူတို့မထိမဲ့မြင်လှောင်ပြောင်တာမျိုး လုပ်နိုင် ပါတယ်။ သို့သော်လည်း လင်ကွန်းလို ပုဂ္ဂိုလ်မျိုးကို အရှက်ရစေဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတစ်ရပ်တော့ မဟုတ်ပါဘူး။ လင်ကွန်းပြန်ပြောတာက “ကွယ်လွန်ပြီဖြစ်တဲ့ ကျွန်တော်ဖခင်အကြောင်း နှိုးဆော်ပေးတဲ့ခင်ဗျားကို ကျွန်တော်အလွန်ပဲ ကျေးဇူးတင်မိပါတယ်ဗျာ၊ ကျွန်တော် ခင်ဗျားရဲ့သတိပေးချက်ကို ထာဝရအမှတ်ရနေမှာပါ၊ ကျွန်တော်သိပါတယ်။ ကျွန်တော့်ရဲ့သမ္မတရာထူးဟာ သူ့လိုဖိနပ်ချုပ်သမားတစ်ယောက်ရဲ့ ကြီးမြတ်မှုမျိုးနဲ့ ဘယ်တော့မှမတူနိုင်ဘူးဆိုတာပါပဲ ” အစည်းအဝေးခန်းမကြီးတစ်ခုလုံး၊ ဘာသံမှမကြားရအောင် တိတ်ဆိတ်သွားပါတယ်။ လင်ကွန်းဟာ သူ့နည်းသူ့ဟန်နဲ့ပဲ ဒီပြဿနာကို ဖြေရှင်းခဲ့ပါတယ်။
နောက်တော့လင်ကွန်းက ဒီလူကိုဆက်ပြောတယ်။ “ကျွန်တော်သိသလောက် ကျွန်တော့်ဖခင်ဟာ ဟိုအရင်ကတည်းက ခင်ဗျားတို့ တော်ဝင်မိသားစုတွေအတွက် ဖိနပ်တွေချုပ်ပေးခဲ့တာပဲ။ တကယ်လို့များ ခင်ဗျားစီးတဲ့ဖိနပ်မှာ ပြဿနာတစ်ခုခုရှိခဲ့ရင် ကြီးမြတ်တဲ့ ဖိနပ်ချုပ်သမားတစ်ယောက် မဟုတ်ပေမယ့် ငယ်စဉ်ကတည်းက ဖခင်ဆီမှာ ဒီအတတ်ပညာကို သင်ယူခဲ့လို့ ကျွန်တော်ခင်ဗျားတို့အတွက် ကူညီပြုပြင်ပေးနိုင်ပါတယ်”
“တက်ရောက်လာကြတဲ့ လူကြီးမင်းအပေါင်းတို့…တကယ်လို့များ၊ ခင်ဗျားတို့စီးတဲ့ ဖိနပ်တွေဟာ ကျွန်တော့်ဖခင်ပြုလုပ်ခဲ့တာဆိုရင် ဒီကနေ့ ပြူပြင်မွမ်းမံဖို့လိုနေပြီလား၊ ဒါဆိုရင် ကျွန်တော်တို့ အချိန်မရွေးလာခေါ်ပါ၊ ကျွန်တော်အသင့်စောင့်ကြိုနေပါတမယ်၊ ဒါပေမဲ့ သေချာတာက ကျွန်တော့်ဖခင်လောက် ကျွန်တော်ကြီးမြတ်မှာ မဟုတ်ဘူး။ သူ့လက်မှုပညာက ရွှေရောင်လင်းတဲ့လက်ရာဗျ”
ဖခင်ကို ပြန်လည်အောက်မေ့တဲ့စိတ်နဲ့၊ လင်ကွန်းရဲ့ မျက်ဝန်းတစ်စုံလုံးမှာ မျက်ရည်စတွေ လွမ်းစိုခဲ့ပါတယ်။
ခင်ဗျား တတိယတန်းစား သမ္မတစ်ယောက်ဖြစ်နိုင်သလို၊ ပထမတန်းစား ဖိနပ်ချုပ်သမားတစ်ယောက်လည်း ဖြစ်နိုင်ပါတယ်။ ဒါက အရေးမကြီးပါဘူး၊ တကယ်တမ်း လူ့စိတ်ကို ကျေနပ်နှစ်သိမ့်စေနိုင်တာကတော့ ကိုယ်တိုင် ဖန်တီးပြုလုပ်တဲ့ အရာကိစ္စပေါ်မှာ ခံစားပီတိဖြစ်ခြင်းပါ။ စိတ်စွမ်းအားတစ်ခုလုံးကို မြှပ်နှံထားပြီး ခင်ဗျားဟာ အခြားသူမဖြစ်ချင်ဘူး၊ ဒါဟာ ခင်ဗျားအလုပ်ချင်ဆုံးရာ၊ ခင်ဗျားနဲ့ သဘာဝလောကကြီး တညီတညွတ်တည်း သဘောတူခဲ့တာက ဒီဇတ်လမ်းနဲ့ ခင်ဗျားရဲ့ဇတ်သရုပ်ဟာ အသင့်လျော်ဆုံးပါ။
သမ္မတရာထူး ဒါမှမဟုတ် ရှင်ဘုရင်ရဲ့ပလ္လင်နဲ့ အလဲအလှယ် လုပ်ရမယ်ဆိုရင်တောင် ခင်ဗျားသဘောတူမှာ မဟုတ်ဘူး။ ဒါဟာ စစ်မှန်တဲ့ ချမ်းသာကြွယ်ဝမှု ဒါသာ စစ်မှန်တဲ့ရပ်တည်ချက် အင်အားပါ။ တကယ်လို့ လူတိုင်းသာ ကိုယ့်နေရာကိုယ်ရခဲ့ရင် ဒီကမ္ဘာမြေရဲ့နေရာတိုင်းမှာ အားမာန်အပြည့်နဲ့လူတွေချည်း ခင်ဗျားတွေ့နေရမှာဖြစ်ပါတယ်။ သူတို့မှာ တုနှိုင်းမရတဲ့ ခွန်အားတွေ ရောင့်ရဲတင်းတိမ်စိတ်နဲ့ ပီတိသောမနဿတွေလည်း ရှိခဲ့တယ်။ အကြောင်းကတော့ သူတို့အိမ်ပြန်ကြပြီဖြစ်လို့ပဲ။









“အမာသည် အပျော့မဟုတ်
အဖြူသည် အမည်းမဟုတ်
အဖြောင့်သည် အကောက်မဟုတ်
အမာကို မပျော့စေနှင့်
အဖြောင့်ကို မကောက်စေနှင့်”



0 comments:
Post a Comment