တောင်သူလယ်သမားနှင့် အလုပ်သမား ဆင်းရဲသားလူထုကြီးအကြောင်း ရေးခြယ်ပြပြီးနောက် လူလတ်တန်းစား အလွှာအမျိုးမျိုးတို့၏ ဒုက္ခဆင်းရဲကိုလည်း ရေးခြယ်ပြသည်။ ထို့နောက် ၄င်းတို့၏ကံကြမ္မာသည် ဆင်းရဲသား တို့၏ကံကြမ္မာနှင့် ဆက်စပ်နေပုံကို ရှင်းပြသည်။
“ဘာကြောင့် စစ်ကူပေးရမည်နည်း”ဟူသော ခေါင်းစဉ်ဖြင့် အောက်ပါအတိုင်း နှိုးဆော်ထား၏။
“ထို့ကြောင့် စာရေးစာချီ၊ ကုန်သည်ပွဲစား၊ရှေ့နေ ရှေ့ရပ်များနှင့် ဈေးဆိုင်ကနား ခေါင်းရွက်ဗျက်ထိုး ထမ်းပိုးထမ်း လျှောက်မှုဖြင့် ရောင်းဝယ်ဖောက်ကားကာ အသက်မွေးကြသူများသည် အလုပ်သမားဆင်းရဲသားများနှင့် စီးပွားရေးတွင် ကြောင်းကျိုးဆက်စပ် ထပ်တူ ထပ်မျှဖြစ်၏ … ။
ဆင်းရဲသားများ အရေးသည် ငါတို့အရေး၊ ဆင်း ရဲသားများ တိုက်ပွဲသည် ငါတို့တိုက်ပွဲဟု စွဲမှတ်အပ်ပေသည်” (စာမျက်နှာ-၂၈)
ကျောင်းသားများကလည်း ယင်းတိုက်ပွဲတွင်ပါဝင်ရန် တိုက်တွန်းသည်။ ဆင်းရဲသားလူထုနှင့် ကျောင်း သား ကံတူအကျိုးပေးဟု ဆိုသည်။ ၄င်းနောက် တပ်ပေါင်းစုသဘောကို အောက်ပါအတိုင်း ရေးသားထား၏။
“တပ်ဦးမှနေ၍ နိုင်ငံချဲ့စနစ်ကို တွန်းလှန်ဖြိုဖျက်နေသော ဆင်းရဲသားတို့ကို ကျောင်းသားများက တပ်တောင်တာ ဗိုလ်ထုနှင့် တသံတည်း ရဲဘော်စုရုံမိစေပြီးလျှင် စစ်ကူပေးခြင်း၊ အကြံဉာဏ်ပေးခြင်း … ၊ တပ်ပေါင်း၍ တိုက်ရ တော့မည်ကား မလွှဲသာသော မဟာဝတ္တရားကြီး ဖြစ်သတည်း။ ” (စာမျက်နှာ-၄၆)
အထက်ပါ ကောက်နုတ်ချက်တွင် စာရေးသူ သည် ဆင်းရဲသား၊ အလုပ်သမားအား တပ်ဦးမှ နေရာ ပေးထားသည်ကို သတိပြုရာသည်။
စာမျက်နှာ ၄ဝ ၌ -
“အစိုးရ၏ ပြကတေ့”ဟူသော ခေါင်းစဉ်ဖြင့် နိုင်ငံအစိုးရ၏ အဖြစ်သနစ်အမှန်ကို အောက်ပါအတိုင်း ဖော်ပြထားသည်။
“ခေတ်သစ်အစိုးရသည် ဓနရှင်စီးပွားအတွက် ဆောင်ရွက်ရန်ခန့်ထားသော အလုပ်အမှုဆောင်အဖွဲ့ မျှသာဖြစ်သည်ဟု လွန်ခဲ့သောနှစ်ပေါင်းတရာကျော်ခန့်ကပင် ကားလ်မာ့က်စ်ပြောခဲ့ဘူး၏။ ထိုစကားသည် တစ်သွေမတိမ်းအောင်မှန်ကြောင်း အဆွေတို့ငါတို့ နိုင်ငံချဲ့စနစ်နှင့် စစ်ခင်းတိုင်း တွေ့ရှိရပေသည်”
“ကြီးစွာသော အလုံးအရင်းနှင့် ချီတက်တိုက်ခိုက်လာသော ပစ္စည်းမဲ့များကို သွေးရူးသွေးတမ်း ငန်းဖမ်း သကဲ့သို့ နိုင်ငံချဲ့သမားတို့က အရမ်းမဲ့လိုက်၍ နှိမ်နှင်းနေပေတော့၏။ သို့နှိမ်နှင်းခြင်းပင်လျှင် နိုင်ငံနယ်ချဲ့စနစ်ကို အမြန်ဆုံးပျက်စီးစေရန် စေ့ဆော်ခြင်းပင်ဖြစ်၏”
ဓနရှင်နယ်ချဲ့သမားတို့သည် အစိုးရ၏ နှိပ်ကွပ်ရေးအာဏာဖြင့် ပစ္စည်းမဲ့တို့၏ ချီတက်လာမှုကြီးထွား လာမှုကို ဖြိုဖျက်ရုံမက သွေးခွဲမှုဖြင့်လည်း ဖြိုဖျက်သည်။ သွေးခွဲမှုအမျိုးမျိုးအနက် လူမျိုးစုံ ပစ္စည်းမဲ့သွေးစည်း ရေးကို လူမျိုးရေးဖြင့် သွေးခွဲသည်။ ၁၃ဝဝ ပြည့်နှစ်၊ ၁၉၃၈ခု ဇူလိုင်လတွင် ကုလား-ဗမာအဓိကရုဏ်းကို ဖန်တီးပေးခဲ့သည်။ ယင်း အဓိကရုဏ်းနှင့်ပတ်သတ်၍ သခင်ဖိုးလှကြီးက -
“လူမျိုးရေး အဓိကရုဏ်းကိစ္စသည် နိုင်ငံချဲ့စနစ် အဆိပ်ဖြေဆေးကြီးတည်း”ဟု ဆို၏။ “ကုလား-ဗမာ အဓိကရုဏ်းဖြစ်ပွားခဲ့သည့်နေ့မှစ၍ အဆွေတို့ ငါတို့ လုံးဝလွတ်လပ်ရေးလုပ်ငန်းကြီး၏ အစိတ်အပိုင်းဖြစ်သော ရေနံမြေသပိတ်အရေးတော်ပုံကြီး မထင်မရှားသောအဖြစ်မှ မှေးမှိန်သောအဖြစ်သို့ ရောက်ရှိခဲ့လေပြီ” (စာမျက်နှာ-၃၇)
မြန်မာပြည်သို့ ကုလားများ ဘာကြောင့်၊ ဘယ်သူ့ကြောင့်၊ ဘယ်သူ့အကျိုးငှာ ရောက်လာခဲ့ရပုံကို ရှင်းပြ၏။
“လွန်ခဲ့သော နှစ်ပေါင်း ၆ဝ ခန့်က နိုင်ငံချဲ့သမားတို့သည် ငွေသန်းပေါင်းများစွာ အကုန်အကျခံ၍ အိန္ဒိယပြည်တွင် ဆင်းရဲနွမ်းပါးသော ကုလားလူမျိုးတို့ကို ဗမာပြည်သို့လာရောက်ရန် ခရီးစရိတ်နှင့် စားစရိတ်ပါ ကြိုတင်ပေး၍ခေါ် ၏။ ထိုအခါ ဓနရှင်တို့ လက်ငင်းကြံရွယ်ချက်သည် အလုပ်သမားတို့ကို လခပေါပေါပေး၍ စေခိုင်းရန်ဖြစ်၏။” “လူဝင်ရေး ဥပဒေတည်းဟူသောအစေ့ကို ဓနရှင်တို့ စိုက်ပျိုးခဲ့သဖြင့် အမြတ်အစွန်း မြောက်များစွာရရှိခြင်း၊ သွေးခွဲမှုဖြင့် နိုင်ငံရေးအရ လွယ်ကူစွာ အုပ်ချုပ်နိုင်ခြင်းတည်းဟူသော အသီးအပွင့်တို့ကို ဓနရှင်တို့ သုံးစွဲခံစားကြ ကုန်၏”
ယင်းကဲ့သို့ လူမျိုးရေးအဓိကရုဏ်း၏ သရုပ်ဇာစ်မြစ်ကိုဖော်ပြပြီးသော် အဓိကရုဏ်းကိုရှောင်ကြဉ်ရန် တိုက်တွန်း၏။
“အဆွေတို့ ငါတို့သည် ကျွန်ကျွန်ချင်း ခွက်စောင်းခုတ်၍ ဘာမျှဂုဏ်လည်းမရှိ၊ အရေးလည်း မရောက်၊ ဗမာ-ကုလား အဓိကရုဏ်းဖြစ်မှုကြောင့် အဆွေတို့၊ ငါတို့လွတ်လပ်ရေး ဝေးသထက်ဝေးလေပြီ။ ဘာသာရေး၊ လူမျိုးရေးဝင်နှောက်သဖြင့် ဆင်းရဲသား အရေးကွယ်ပျောက်ရသည်ကို အဆွေတို့ ငါတို့ နှလုံးပိုက်မိသင့်လေပြီ” (စာမျက်နှာ-၃၉)
“လူတမျိုးနှင့်တမျိုး မသင့်မတင့်ဖြစ်အောင်၊ တဘာသာနှင့်တဘာသာ ခိုက်ရန်ဖြစ်ပွားလေအောင်၊ တိုင်းပြည်နိုင်ငံနယ်နမိတ်တို့ကို ခွဲခြမ်းကာ လူတို့၏ စိတ်တွင် သွေးကွဲမှုဖြစ်အောင် စီမံဖန်တီးနေသော ကလိမ်ချုံ နယ်ချဲ့စနစ်ကြီးကွယ်ပျောက်မှသာ အဆွေတို့ ငါတို့ သင့်တင့်ငြိမ်းချမ်းစွာ နေနိုင်ကြပေလိမ့်မည်”
ဤကဲ့သို့ လူမျိုးစုညီညွတ်ရေး၊ ကမ္ဘာ့အလုပ်သမားအားလုံး ညီညွတ်ရေးတရားဟောပြီးသော် -
“ယခုအခါ ဗမာတပြည်လုံးတွင် အနှံ့အပြားဖြစ် ပွားနေသော အလုပ်သမား၊ လယ်သမားနှင့် ကျောင်းသား လူများစုလူထုကြီး၏ သပိတ်အရေးတော်ပုံကြီးသည် နေ့ရက်မခြားကြီးထွားလာသည်ကို အဆွေတို့၊ ငါတို့ သတိချပ်ကြရပေလိမ့်မည်။ ခေတ်သစ်ပြောင်းက ခေတ်ဟောင်းသေဆိုသကဲ့သို့ သက်တမ်းစေ့ပြီဖြစ်သော နိုင်ငံချဲ့စနစ်ကြီးသည် ရုပ်၊ နာမ်၊ ခန္ဓာ သင်္ခါရတရားအရ ဌီတွင်မတန်ဘင်သို့ပင် ဆက်ခံ၍ နောင် လာမည့် ရာဇဝင်တွင် အက္ခရာတင်လောက်အောင် ခွန်အားကြီးမား တန်ခိုးထွားနေသည့် ဆင်းရဲသား ခေတ်ကြီးကို နေရာပေးရတော့မည်ကား-မချွတ်တည်း” (စာမျက် နှာ-၇ဝ)
ဤကဲ့သို့ ယုံကြည်ချက်ကိုဖော်ပြပြီး သခင်ဘိုးလှကြီးသည် ဆောင်ပုဒ်သုံးရပ်ဖြင့် အဆုံးသတ်လိုက်၏။
ဓနရှင်စနစ် ဖျက်ဆီးလော့။
သပိတ် သပိတ် မှောက် မှောက်။
အုပ်ချုပ်ရေးအသစ် ဖျက်ဆီးလော့။
မာ့က်စ်ဝါဒနှင့် အလုပ်သမားတိုက်ပွဲ ပထမဆုံး ဆက်စပ်ရာဖြစ်သော ၁၃ဝဝ ပြည့်နှစ်အရေးတော်ပုံကား ၁၅ နှစ် ပြည့်မြောက်လေပြီ။ မြန်မာ့တော်လှန်ရေးကို မာ့က်စ်ဝါဒဦးဆောင်မှုရရန် လုံးပမ်းအားထုတ်ခြင်းမှာ ၁၅ နှစ်ပြည့် လေပြီ။ ၁၅ နှစ်အတွင်း တိုက်ပွဲအမျိုးမျိုး၊ အတွေ့အကြုံအမျိုးမျိုး၊ သင်ခန်းစာအမျိုးမျိုးဖြင့် သွန်းလုပ်အပ်သော မာ့က်စ်ဝါဒခေါင်းဆောင်မှုသည် ရင့်ကျက်ရန် အချိန်တော်လေပြီ။
သိန်းဖေမြင့်
၂၄၊ ဇွန်၊ ၁၉၅၃
အိုးဝေမဂ္ဂဇင်း- အတွဲ ၁ အမှတ် ၆
သခင်ဖိုးလှကြီးဂျာနယ်
ဇွန်လ ၂၀၀၁ ခုနှစ
0 comments:
Post a Comment