ဧရာဝတီတိုင်း မြို့တော်ပုသိမ်တွင် ယခုလအတွင်း ပုဂ္ဂလိက ဘဏ်အချို့ လူမှုရေး အဖွဲ့အစည်းများနှင့် အစိုးရဌာနများမှ ဝန်ထမ်းအသစ်များ ခေါ်ယူရာ မြို့ပေါ်ရှိ လူငယ်များ လျောက်ထားသူ အထူးများပြာလာကြောင်း၊ သို့သော် အလုပ်လျောက်ရန် သက်သက်အတွက် ကွန်ပျူတာ မတတ်ကျွမ်းဘဲ သို့မဟုတ် ကွန်ပျူတာသင်တန်း မတက်ရောဘဲ တစ်ပွဲထိုး သင်တန်းဆင်း လက်မှတ် ရယူရန် ကြိုးပမ်းသူ လူငယ်များ များပြားနေကြောင်း ပုသိမ်မြို့ပေါ်ရှိ ကွန်ပျူတာ သင်တန်းများမှ တာဝန်ခံများက ပြောကြားချက်အရ သိရသည်။
ပုသိမ်မြို့တော်ခန်းမတွင် ဖွင့်လှစ်ထားသော Ayeyarwady e-Library တာဝန်ခံက “ဒီကိုလာတဲ့ ကလေးတစ်ယောက်ဆို သင်တန်းလိုတော့ မတက်ချင်ဘူး ကျွန်တော့်ကို ၅ရက်လောက်နဲ့ ကွန်ပျူတာ အတတ်သင်ပေးပါ ဆိုတာမျိုးလာပြောတာရှိတယ်။ ပြီးတော့ သင်တန်းဆင်းလက်မှတ်လည်း လိုချင်တယ်တဲ့။ ပြီးတော့ အမျိုးသမီး တစ်ယောက်ကတော့ လုံးဝကို သင်တန်းမတက်ဘဲနဲ့ သင်တန်းဆင်းလက်မှတ် ယူမယ်ဆို ဘယ်လောက်သွင်းရမလဲ အရေးကြီးလို့ပါ ဆိုပြီး လာပြောတာမျိုး ကြုံရတယ်။ မြို့ပေါ်မှာ ကွန်ပျူတာ စင်တာ တစ်ချို့က အဲဒီလို ၅ရက်လောက်နဲ့ တစ်ပွဲထိုးသင်ပြီး လက်မှတ် လုပ်ပေးနေတာတွေလည်း ရှိတယ်” ဟု ပြောပါသည်။
MSI Technology ကွန်ပျူတာ သင်တန်းတွင်လည်း ယခုလအတွင်း တက်ရောက်ပြီး သင်တန်းဆင်းများမှ သင်တန်းဆင်းလက်မှတ် လာရောက် ထုတ်ယူသူ များပြားသလို၊ သင်တန်းတက်ရောက်ရန် စုံစမ်းသူလည်း များပြားကြောင်း သိရသည်။
“အခုလို အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်လာတာက လူငယ်တွေအတွက် ဝမ်းသာစရာပါ။ ကွန်ပျူတာကို ကြိုတင် လေ့လာပြီး လျောက်ကြတဲ့ လူတွေရှိသလို ဆိုးတာက အချို့က ကွန်ပျူတာကို မတတ်ဘဲနဲ့ အလုပ်လျောက်ဖို့ သင်တန်းဆင်းလတ်မှတ် လိုချင်ကြတာပါပဲ။ ကလေးတစ်ယောက်ဆို လွန်ခဲ့တဲ့ ၃ နှစ်လောက်က သင်တန်းတက်ခဲ့တာပါ။ အခုမှ သင်တန်းဆင်း လက်မှတ် ပြန်လာထုတ်တယ်။ သင်တန်းဆင်း စာရင်ထဲမှာလည်း သူ့နာမည်မပါဘူး။ တက်တဲ့အချိန်နဲ့ အတန်းကိုမေးပြီး Database ထဲမှာပြန်ရှာမှ တစ်ပါတ် လောက်ပဲတက်ခဲ့ပြီး ကျောင်းခေါ်ချိန် မပြည့်လို့ လက်မှတ်မရတဲ့ စာရင်းထဲရောက်နေတာ တွေ့လို့ လက်မှတ်မရတဲ့အကြောင်း ပြောရပါတယ်။ ဒီထက်ဆိုးတာက အခုအရေးကြီးလို့ သင်တန်းဆင်းလက်မှတ် အရင်ပေးပါ။ နောက်ပိုင်း ဒီမှာ သင်တန်း လာတက်ပါ့မယ် ဆိုပြီး လက်မှတ်တောင်းတာမျိုးတောင် ကြုံရတယ်” ဟု MSI Technology ကွန်ပျူတာ သင်တန်းမှ တာဝန်ခံ ဆရာမ တစ်ဦးမှ ပြောကြားသည်။
အလုပ်လျောက်ထားသော လူငယ်အများစုသည် ကွန်ပျူတာမတက်ဘဲ လက်မှတ်ကိုသာ အဓိကထား ရယူရန် ကြိုးပမ်းနေကြခြင်းနှင့် ပါတ်သက်၍ သင်တန်းဆင်း လက်မှတ်ကိုသာမက ကွန်ပျူတာ လက်တွေ့ပိုင်း အသုံးချမှုကိုလည်း ကျွမ်းကျင်အောင် ကြိုးစားသင့်ကြောင်း Ayeyarwady e-Library ကွန်ပျူတာ သင်တန်းမှ သင်ကြားရေးတာဝန်ခံ ဆရာမ က ဆိုပါသည်။
မြို့တော်ခန်းမတွင် ဖွင့်လှစ်ထားသော Ayeyarwady e-Library မှ ကွန်ပျူတာသင်တန်း
“အလုပ်လျောက်တဲ့ နေရာမှ လက်မှတ်တင်မကဘူး ကျွမ်းကျင်မှုက အဓိကကျပါတယ်။ မတတ်ကျွမ်းဘဲ အလုပ်ရသွားရင် လုပ်ငန်းခွင်ထဲမှာ လက်တွေ့လုပ်ကိုင်တဲ့ နေရာမှာ အခက်အခဲ အများကြီးကြုံရမှာပါ။ အခုနောက်ပိုင်း အလုပ်တွေကလည်း ကွန်ပျူတာဆိုရင် အင်တာဗျူးလောက် မေးရုံနဲ့ မခန့်ဘဲ လက်တွေ့ လုပ်ပြခိုင်းတော့ လက်မှတ်ကို ဘယ်လောက်ပဲကိုင်သွားသွား လက်တွေ့မလုပ်နိုင်ရင် အခက်တွေ့မှာပါပဲ။”
“ဒီနေ့ခေတ်က လူငယ်တစ်ယောက် အနေနဲ့ ဘာအလုပ်ပဲ လုပ်လုပ် ကွန်ပျူတာ အခြေခံလောက်တော့ မဖြစ်မနေ ကျွမ်းကျင်အောင် ကြိုတင် လေ့လာထား သင့်ပါတယ်။ သင်တန်းတက်ရုံ သင်တန်းဆင်း လက်မှတ်ရှိရူံနဲ့လည်း မလုံလောက်ပါဘူး။ ကိုယ်တိုင်ကိုက စိတ်ဝင်တစား လေ့လာမှ ကျွမ်းကျင်မှုရမှာပါ” ဟု ဆရာမ က သူ၏အမြင်ကို ပြောကြားပါသည်။
0 comments:
Post a Comment