Friday, August 27, 2010

ရေသာခို လှေကြုံစီး (အောင်သူငြိမ်း )

စီးပွားရေးပညာတွင် စကားရပ်တခုရှိပါသည်။ ၄င်းမှာ (Free rider) ဖြစ်ပြီး မြန်မာလိုဘာသာပြန်မည်ဆိုလျှင် ရေသာခိုလှေကြုံစီးဟု ဘာသာပြန်၍ ရမည်ထင်ပါသည်။ အဓိပ္ပာယ်မှာ ကိစ္စတခုခုအတွက် ကြိုးပမ်းအားထုတ် မှုမပြုဘဲ၊ အရင်းအနှီးမထည့်ဝင်ဘဲ အကျိုးခံစားခွင့်ရသူဟု ဆိုရမည် ဖြစ်ပါသည်။


ဥပမာပေးရလျှင် … လမ်းဖောက်လုပ်ရေးအတွက် တအိမ်တယောက် လုပ်အားပေးခေါ်မည်ဆိုပါစို့။


လုပ်အားပေး သူလည်း ရှိနိုင်သည်။ ရေသာခိုနေသူများလည်း ရှိနိုင်ပါသည်။ သို့သော် လမ်းပြီးစီးသွားသောအခါ လမ်းဖောက် စဉ်ကမပါသောကြောင့် မလျှောက်ရဟု တားမြစ်၍မရနိုင်ပါ။ အခြားဤလမ်းပေါ်လျှောက်သော ခရီးသွားကြသော သူများကလည်း ဤအကျိုးကျေးဇူးကို ခံစားခွင့်ရကြပါသည်။

ထို့အတူ လွတ်လပ်ရေးနေ့မျိုးတွင် မီးရှူးမီးပန်းဖောက်သည် ဆိုပါစို့။ လူအများက ထိုမီးပန်းအလှကို ပိုက်ဆံ မကုန်ဘဲ ခံစားကြည့်ရှုနိုင် ခွင့် ရှိပါသည်။ ထိုသူများကို ပိုက်ဆံမထည့်ဝင်ထားသောကြောင့် မခံစားရဟု တားမြစ်၍ မရနိုင်ပါ။ ဤသူများကို စီးပွားရေးဘာသာရပ် စကားအားဖြင့် ဖရီးရိုက်ဒါဟု ခေါ်ပါသည်။


ဖရီးရိုက်ဒါလို ပြဿနာမျိုးက အထူးသဖြင့် (Public goods) ဟုခေါ်သော အများကောင်းကျိုးအတွက် ဆောင်ရွက်ကြသော လုပ်ငန်းမျိုး၌ ပို၍ကြုံတွေ့ရလေ့ရှိသည်ဟု ဆိုပါသည်။


အများကောင်းကျိုးလုပ်ငန်း (Publish goods) ဟုဆိုရာ၌ လက္ခဏာ ၃ ရပ်ဖြင့် ပြည့်စုံရမည်ဖြစ်ပါသည်။


ပထမတချက်မှာ ဤလုပ်ငန်းအတွက် အများက ပူးပေါင်းဆောင်ရွက်ပြီး ဖြည့်ဆည်းရမည်ဖြစ်ပါသည်။


ဒုတိယတချက်မှာ ဤလုပ်ငန်းကို အကောင်အထည်ပေါ် အထမြောက်အောင် ဖြည့်ဆည်းလုပ်ဆောင်ခဲ့စဉ်ကာလ က မပါဝင်ခဲ့သူများကို မခံစားရဟု ချန်လှပ်ထား၍ မရပါ။


တတိယ တချက်မှာ ဤအများကောင်းကျိုးကို လူမည်မျှ စားသုံးစားသုံး ကုန်ခမ်းသွားသည်ဟူ၍မရှိဆိုသော အရည်အချင်းနှင့် ပြည့်စုံရမည်ဖြစ်ပါသည်။


(ဆိုလိုသည်မှာ မီးပန်းအလှကို လူတထောင်သာ ကြည့်နိုင်သည်။ ကုန်သွားသည်ဟူ၍ မရှိ။ လူတသန်းကြည့်ရှု ခံစားလျှင်လည်း အလားတူဖြစ်နိုင်သော အရည်အချင်းမျိုးကို ဆိုပါသည်။)


ဤအချက်ကို နိုင်ငံရေးနယ်ပယ်တွင်လည်း ထည့်သွင်းစဉ်းစားစရာဖြစ်လာပါသည်။


ဒီမိုကရေစီ၊ လူ့အခွင့်အရေးစသည်များသည် အထက်ကဖော်ပြခဲ့သော အများကောင်းကျိုး (Public goods) ဆိုသော စံလက္ခဏာသတ်မှတ်ချက် ၃ ခုဖြင့် ပြည့်စုံနေပါသည်။


ဤနေရာတွင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေးတိုက်ပွဲတွင် ရေသာခိုလှေကြုံစီးနေသူများ၊ သို့မဟုတ်လျှင်တောင်မှ ဘေးတွင် ဘာမျှမလုပ်ဘဲ ထိုင်နေသူများရှိကြောင်း အသိအမှတ်ပြုရမည်ဖြစ်ပါသည်။


တနည်းအားဖြင့်ဖော်ပြရလျှင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးတိုက်ပွဲတွင် (Free rider) များစွာ ရှိနေပါသည်။


တော်လှန်ရေးလှုပ်ရှားမှုတွင် တက်ကြွစွာဆောင်ရွက်သူက နည်း၊ ဖရီး ရိုက်ဒါ က များနေလျှင် ဒီမိုကရေစီတိုက်ပွဲ မအောင်မြင်နိုင်ပါ။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကိစ္စများသည် အများကစုပေါင်းကျိုးစားမှ အကောင်အထည် ပေါ်မည့်ကိစ္စဖြစ်ပါသည်။


ဤကိစ္စအတွက်လှုပ်ရှားမှုတွင် မပါဝင်ခဲ့သူများ (နောက်ဆုံးဒီမိုကရေစီနှင့် လူ့အခွင့်အရေးလှုပ်ရှားမှုကို ဖိနှိပ်ခဲ့ သူများကိုတောင်) ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိလာပါက မခံစားရဟု တားမြစ်ရန် မဖြစ်စကောင်းပါ။


ထို့အပြင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို လူမည်မျှခံစား၊ ခံစားကုန်ခမ်းသွားသည်ဟူသော သဘောမရှိပါ။


ဤနေရာတွင် ပြဿနာရှိလာသည်က ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလှုပ်ရှားမှုတွင် ရေသာခိုလှေကြုံစီးနေသူ များပျောက်သွားအောင်၊ သို့မဟုတ် လျော့နည်းသွားအောင်၊ အများက ဤအကျိုးအတွက် ပူးပေါင်းလုပ်ဆောင် လာစေရန် မည်သို့လုပ်ဆောင်ကြမည်နည်းဟူသော ပြဿနာပင်ဖြစ်ပါသည်။


ဤပြဿနာကို လှုပ်ရှားမှုဦးဆောင် နေသူများစဉ်းစားရမည့် ပေါ်လစီပြဿနာဖြစ်လာပါသည်။


ဤပြဿနာသည် မြန်မာနိုင်ငံဒီမိုကရေစီလှုပ်ရှားမှုတခုတည်းတွင်မှ ကြုံရသောပြဿနာ မဟုတ်ပါ။ နိုင်ငံတကာ လှုပ်ရှားမှုအသီးသီးတွင်လည်း ကြုံခဲ့ကြရဖူးပါသည်။


ဤကိစ္စနှင့်ပတ်သက်၍ နော့သ်ဝက်စတင်းတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံတွဲဖက် ပေါမောက္ခ ဒဲန်းနစ် ချောင်က အမေရိကန်နိုင်ငံတွင် ဖြစ်ပွားခဲ့ဖူးသော လူမှုအခွင့်အရေးလှုပ်ရှားမှု (Civil Rights Movement) ကိုအခြေခံ၍ စာတမ်းတစောင်ရေးခဲ့ဖူးပါသည်။


သူ၏ စာတမ်းတွင် ဤပြဿနာများကို ဆွေးနွေးထားပါသည်။ အမေရိကန်တွင် လူမှုအခွင့်အရေးလှုပ်ရှားစဉ် ကာလက လူအများ လမ်းမပေါ်ထွက်လာရန် စည်းရုံးရသောပြဿနာရှိပါသည်။ ထို့အပြင် လူမဲများ လူဖြူများ ရောင်းချသောဆိုင်များထံမှ ပစ္စည်းများမဝယ်ယူရေးသပိတ်တွင် ရေရှည် ဆက်လက်ထိန်းသိမ်းရေးပြဿနာ ရှိခဲ့ပါသည်။


သပိတ်တခုဖြစ်လာပါကလည်း လူအများဆက်လက်ပါဝင်နေစေရန် မည်သို့ဆက်လက်ထိန်း သိမ်းကြမည်နည်း ဟူသော ပြဿနာရှိပါသည်။ ထို့အတူ လူအများနှင့်ဆက်ဆံပူးပေါင်းလုပ်ကိုင်ရသောလုပ်ငန်းတိုင်းတွင် ဖြစ်လေ့ဖြစ်ထရှိသော ပြဿနာဖြစ်သည့် ပူးပေါင်းဆောင်ရွက်မှုပြဿနာလည်းရှိပါသည်။


အလားတူ တပ်ပေါင်းစုလုပ်ငန်းများ ဆောင်ရွက်ကြရာတွင်လည်း ဤပြဿနာရှိပါသည်။


တပ်ပေါင်းစုတွင်ပါဝင်သော အဖွဲ့အစည်းတခုနှင့်တခု အကျိုးစီးပွားချင်း မတူကြပါ။ တပ်ပေါင်းစုမှဆုံးဖြတ်သော လုပ်ငန်းသည်အဖွဲ့ငယ် တခုအတွက် တိုက်ရိုက်အကျိုးရှိချင်မှ ရှိပါလိမ့်မည်။


အလားတူ တိုက်ပွဲတခု၊ လှုပ်ရှားမှုတခုဆောင်ရွက်ရာတွင်လည်း အဖွဲ့တခုနှင့်တခု ရင်းနှီးပေးဆပ်ရပုံခြင်း မတူကြပါ။


အချို့သောအဖွဲ့များက မိမိရရှိလာမည့် အကျိုးထက်၊ မိမိပေးဆပ်ရမည့် အရင်းအနှီးမည်မျှရှိမည်ကို တွက်ဆတတ်ကြပါသည်။

လုပ်ငန်းတခုတွင် ပါဝင်ဆောင်ရွက်ရေး နှောင့်နှေးနေတတ်ပါသည်။ အခါများစွာတွင် ဖရီးရိုက်ဒါသဖွယ် ဆောင်ရွက်နေလေ့ ရှိတတ်ပါသည်။


ထိုအခါ တပ်ပေါင်းစုလုပ်ငန်းများလည်း မအောင်မြင်၊ ရည်ရွယ်ချက်လည်း အထမမြောက် ဖြစ်တတ်ပါသည်။



ဆက်လက်ဖော်ပြပါမယ်။

0 comments:

Post a Comment