တစ်ညနေခင်း အိမ်ရှေ့တန်းလျား၌ ထိုင်လျက် ကျွန်တော် စာဖတ်နေစဉ် လူငယ်တစ်ဦး ရောက်လာပါသည်။ သူ့လက် ထဲတွင်
မြ၀င်း (ဒဿန)
ဆရာဇော်ဂျီ၏ “ရသစာပေ၏သဘော” စာအုပ်လည်း ပါလာပါသည်။
ကျွန်တော်က ထိုလူငယ်အား တန်းလျား၌ ထိုင်ရန် ဖိတ်ခေါ်လိုက်ပါသည်။ လူငယ်သည် တန်းလျား၌ ထိုင်ပါသည်။ ထို့နောက် ကျွန်တော်နှင့် ထိုလူငယ်တို့သည် စကားပြောကြပါ သည်။ ထိုလူငယ်က ဦးစွာ စပါသည်။
“ဒီကနေ့ ညနေ ဆရာလမ်းလျှောက် ထွက်ဦးမှာလား”
“ဒီကနေ့ ညနေ လမ်းလျှောက် မထွက်တော့ပါဘူး။ မနက်က လျှောက်ပြီးပြီလေ”
“ဒီလိုဆိုရင် အတော်ပဲ ဆရာ။ ကျွန်တော် ဆရာ ဇော်ဂျီရဲ့ “ရသစာပေ၏ သဘော” စာအုပ်နဲ့ ပတ်သက်လို့ ပြောစရာ ရှိလို့ပါ”
“ပြောပါဗျာ”
“ဒီလိုပါ ဆရာ။ ရသစာပေရဲ့အကြောင်းကို နားလည်ချင်တာနဲ့ ဆရာဇော်ဂျီရဲ့“ရသစာပေ၏ သဘော” စာအုပ်ကို ဖတ်နေပါတယ် ဆရာ။ ဆရာဇော်ဂျီရဲ့ ရေးဟန်က လေးနေတော့ ကျွန်တော့် အထင်ပြောတာပါ ဆရာ။ ဖတ်ရတာ ခရီး မထွင်ဘူး ဆရာ။ ဆရာ ဇော်ဂျီရဲ့ ရေးဟန်က ဒီကနေ့ ခေတ်ရေးဟန်မျိုး မဟုတ်ဘူးဆရာ”
“ဆရာဇော်ဂျီက “ရသစာပေ၏ သဘော” အခန်းဆက် ဆောင်းပါးတွေကို ရေးတဲ့ အခါမှာ တည်ငြိမ် လေးနက်တဲ့ ရေးဟန်နဲ့ ရေးထားတာပါ။ ဖတ်နေကျ မဟုတ်ရင် ဖတ်စမှာ တစ်မျိုး ဖြစ်ချင်ဖြစ်နေမယ်။ ဒါပေမယ့် ကြိုးစားပြီး ဖတ်ပါ။ ခရီးတွင် သွားပါလိမ့်မယ်။ ဆရာဇော်ဂျီက လူငယ်တွေကို ရသစာပေရဲ့ သဘောကို နားလည် စေချင်လို့ စာတမ်း သဘောမျိုး မရေးတော့ဘဲ ဆွေးနွေးတဲ့ ဟန်နဲ့ ရေးထားတယ် ဆိုပေမယ့် တည်တည်ငြိမ်ငြိမ် လေးလေးနက် နက် ရေးထားတယ်။ တည်တည်ငြိမ်ငြိမ် လေးလေးနက်နက် ရေးထားတယ် ဆိုပေမယ့် တချို့ နေရာတွေမှာ ဆရာဇော်ဂျီရဲ့ ဟာသကို လင်းခနဲ လက်ခနဲ တွေ့ရတတ် တယ်။ ဆရာဇော်ဂျီက ပလေတိုရဲ့ Dialogue တွေကို ဘာသာပြန်ဆိုပြီးမှ “ရသစာပေ၏ သဘော” အခန်းဆက် ဆောင်းပါးတွေကို ရေးခဲ့တာ ဆိုတော့ အဲဒီ ဆောင်းပါးတွေ၊ ပလေတို နိဒါန်း အရိပ်က လွှမ်းနေတယ်လို့ ဆိုနိုင်ပါတယ်”
“နောက်ပြီးတော့ ဆရာဇော်ဂျီ ရွေးချယ် သုံးသပ်ထားတဲ့ ၀တ္ထုကလည်း မဟော်သဓာ ဇာတ်တော်ကြီး ၀တ္ထု။ ကျွန်တော်တို့ ခေတ်နဲ့ အလှမ်းဝေးနေတယ်။ ကျွန်တော်တို့ ခေတ်မှာထွက်တဲ့ ၀တ္ထုတွေထဲက တစ်ခုခုကို ရွေးချယ်ပြီး သုံးသပ်ပြရင် ကျွန်တော်တို့ အဖို့ နားလည်ရ လွယ်တာပေါ့”
“ဆရာဇော်ဂျီ အနေနဲ့ မြန်မာစာပေ လောကမှာ စံပြုစံပြထား အပ်တဲ့ ၀တ္ထုကို ရွေးချယ်ပြီး သုံးသပ်ပြတာပါ။ ကျောင်းသား ကျောင်းသူတွေဟာ မဟော်သဓာ ၀တ္ထု တစ်ပုဒ်လုံးကို မဖတ်ဘူးတဲ့တိုင် အဲဒီ ဇာတ်ဝတ္ထုမှာပါတဲ့ တရားစီရင်ခန်း တစ်ခုခုကိုတော့ ဖတ်ဖူး ကြပါတယ်။ အဲဒါကြောင့် မဟော်သဓာ ဇာတ်တော်ကြီး ၀တ္ထုကို ဆရာဇော်ဂျီက ရွေးလိုက်တာပါ”
ဆရာဇော်ဂျီက မဟော်သဓာ ဇာတ်တော်ကြီး ၀တ္ထုကို မူထားပြီး မြန်မာစာ သင်ကြား ပို့ချနေတဲ့ ဆရာလေးကို ရသ စာပေ သင်ပြပုံသင်ပြနည်းနဲ့ ပတ်သက်လို့ မေးတယ်။ ရသစာပေ သင်ပြပုံ သင်ပြ နည်းတွေကို ဆွေးနွေးတယ်။ ဆွေးနွေးတဲ့ နေရာမှာလည်း ဆရာဇော်ဂျီက သူ့အမြင်ကို တစ်ဖက်သတ် လက်ခံနိုင်တာမျိုး မဟုတ်ဘဲ ဆရာလေးဆီမှာ ရှိနေတဲ့ အမြင်ကို ပွင့်ထွက်လာအောင် လှုံ့ဆော်ပြီး ဆရာ လေးကို လွတ်လွတ်လပ်လပ် ဆွေးနွေးစေ ပါတယ်။ ကြိုးစားပြီး ဖတ်ကြည့်ပါ။ အဲဒီ သဘောတွေကို တွေ့လာပါလိမ့်မယ်။
“ကျွန်တော် ကြိုးစားပြီး ဖတ်ပါတယ် ဆရာ။ ကျွန်တော် ကိုယ်တိုင်က ရသစာပေ အခံ အားနည်းလို့လား မပြောတတ်ဘူး။ ကျွန်တော်ကောင်းကောင်း သဘောမပေါက်ဘူး ဆရာ”
“ဆရာဇော်ဂျီက ရသစာပေနဲ့ တ်သက်လို့ စာတမ်းတွေ အတော်များများ ရေးခဲ့တယ်နော်။ အဲဒီ စာတမ်းတွေကိုတော့ ကိုရင် ဖတ်ခဲ့ဖူးမှာပေါ့”
“အဲဒီ စာတမ်းတွေကို အထိုက် အလျောက် ဖတ်ဖူးပါတယ် ဆရာ။ “ရသ စာပေ အဖွင့်နှင့် နိဒါန်း” စာအုပ်ထဲမှာ အဲဒီ စာတမ်းတွေကို တစ်ပေါင်းတစ်စည်း တည်း တွေ့ရပါတယ် ဆရာ”
“အဲဒီ စာတမ်းတွေက စာတမ်းပီသအောင် ရေးထားတဲ့ စာတမ်းများ ဖြစ်ကြလေတော့ တည်တည်ငြိမ်ငြိမ် ခန့်ခန့်ညားညား ရှိလှပါတယ်။ ဣနြေ္ဒကြီး လှတယ်လို့ ပြောရင်လည်း ရပါတယ်။ အဲဒါကြောင့် ဆရာဇော်ဂျီက အဲဒီ စာတမ်းတွေမှာ ရေးထား အချက်တွေကို လူငယ်တွေ လွယ်လွယ်ကူကူ နားလည်အောင် ပေါ့ပေါ့ပါးပါး ရေးမှာပဲ ဆိုပြီး အခုကိုရင် ဖတ်နေတဲ့ “ရသ စာပေ၏ သဘော” အခန်းဆက် ဆောင်းပါး တွေ့တာပါ။ ဒါကြောင့်မို့ “ရသစာပေ၏ သဘော” အခန်းဆက် ဆောင်းပါးတွေဟာ “ရသစာပေ အဖွင့်နှင့် နိဒါန်း” စာအုပ်မှာ ပါတဲ့ ရသ စာပေဆိုင်ရာ စာတမ်းတွေကို ဖွင့်ဆိုထားတဲ့ စာတမ်းတွေဖြစ်တယ်လို့ဆို နိုင်ပါတယ်။
အဲဒီ “ရသစာပေ၏ သဘော” အခန်းဆက် ဆောင်းပါးတွေမှာ ဆရာဇော်ဂျီက ပထမဦးစွာ ရသစာပေနဲ့ သုတစာပေရဲ့သဘောတို့ကို ဖွင့်ဆိုပါတယ်။ နောက် ရသရဲ့သဘောတို့ကို ဖွင့်ဆိုပါတယ်။ ရသရဲ့သဘောကို ဖွင့်ဆိုတဲ့ နေရာမှာ သုဗောဓာ လင်္ကာရကျမ်းလာ ရသရဲ့ သဘောကိုလည်း ဖွင့်ဆိုတယ်။ နောက် မြန်မာတွေ လက်ခံလာတဲ့ အရပ်သိဇာတ်သိ ရသရဲ့သဘောကိုလည်း ဖွင့်ဆိုတယ်။ နောက် ရသစာပေနဲ့ ပတ်သက်လို့ နှစ်သက်ခြင်းသက်သက် ကိုပေးတဲ့ ရသစာပေ၊ ပတ်ဝန်းကျင် သတိကို ဖြစ်စေတဲ့ ရသစာပေ၊ အဲဒီကမှ တစ်ဆင့် တက်ပြီး ဘ၀အသိကို ဖြစ်စေတဲ့ ရသစာပေ တို့ရဲ့သဘောကို ဖွင့်ဆိုတယ်။ နောက် ရသ စာပေကို လေ့လာတဲ့ အခါမှာ တွေ့ရတဲ့ ပန်းတိုင်ရသ၊ အိုင်ကျင်း ရသတို့ရဲ့သဘောကို ဖွင့်ဆိုတယ်။ အဲဒီလို ဖွင့်ဆိုပြီးတော့မှ မဟောသဓာ ၀တ္ထုကို ချဉ်းကပ်တာပါ။ အဲဒီ အချက်တွေကို ကိုရင် သတိပြုမိမှာပေါ့။
“ပန်းတိုင်ရသနဲ့ အိုင်ကျင်း ရသတွေ ကိုတော့ ကျွန်တော် အထိုက်အလျောက် သဘောပေါက်တယ် ဆရာ။ ပန်းတိုင် ရသ ဆိုတာက စာတစ်ပုဒ်လုံး ဆုံးတဲ့အခါမှ ရတဲ့ ရသကို ပြောတာလို့ ကျွန်တော် သဘောပေါက်ပါတယ်။ အိုင်ကျင်းရသဆို တာက စာတစ်ပုဒ်ကို ဖတ်ရင်း လမ်းကြောင်းမှာ ပါတဲ့ ဇာတ်ခန်း ဇာတ်ကွက်တို့ကို ဖတ်ရာမှ ရလာတဲ့ ရသလို့ သဘော ပေါက်ပါတယ်။
“ဒါဆို ကိုရင် သဘောပေါက်ပါတယ်။ ကြိုးစားပြီး ဖတ်ပါ။ ပိုပြီး သဘောပေါက် လာပါလိမ့်မယ်။ ရသစာပေ၏ သဘော” အခန်းဆက် ဆောင်းပါးတွေမှာ ဆရာ ဇော်ဂျီက ရသ စာပေဆိုင်ရာ စာတမ်းတွေမှာ မပြောဖြစ်လိုက်တဲ့ အချက်တွေ၊အခြား သိကောင်းစရာအချက်တွေ အတော်များ များကို ထည့်ပြီး ပြောထားပါတယ်။ ရသ စာပေတို့၊ ဇာတ်သဘင်တို့၊ ပန်းချီ၊ ပန်းပု၊ ဗိသုကာတို့ဟာ အနုပညာဂိုဏ်းဝင်တွေ ပါ။ ရသအရာမှာ တစ်သဘောတည်းပါပဲ။ ဒါကြောင့် ဆရာဇော်ဂျီဟာ ရသစာပေ သဘောကို ဆွေးနွေးရင်း တစ်ခါတစ်ခါ ပန်းချီသဘောကို ဖွင့်ဆိုပြတယ်။ တစ်ခါ တစ်ခါမှာ ဗိသုကာ သဘောကို ဖွင့်ဆိုပြတယ်။ ကိုရင် သတိထားမိမှာပါ။ နေပါဦး ဗျာ။ အကြောင်း တိုက်ဆိုင်တုန်း“ရသစာပေ ၏ သဘော” အခန်းဆက် ဆောင်းပါးတွေမှာ ပါတဲ့ ပန်းချီ လေ့လာနည်းကို ပြောပြဦး မယ်။ ခဏစောင့်ဦး။ ဆရာ -ဆရာဇော်ဂျီ စာပေါင်းချုပ် တတိယတွဲကို ယူလိုက်ဦးမယ်။
“ကျွန်တော့်ဆီမှာ “ရသစာပေ၏ သဘော” စာအုပ် ပါပါတယ်”။ “ကိုရင့်ဆီမှာ “ရသစာပေ၏ သဘော” စာအုပ်ပါတာကို သိပါတယ်။ ဒါပေမယ့် ဆရာပြောချင် တာကို အလွယ်တကူ ရှာလို့ရမှာ မဟုတ်ဘူး။ ဆရာ့ စာအုပ်မှာက အလွယ်တကူ ရှာလို့ ရအောင် တေးမှတ်ထားတာတွေပါ တယ်။ ဆရာ ယူလိုက်ပါဦးမယ်”။ (ကျွန်တော်သည် ကျွန်တော့် စာကြည့်ခန်းသို့ သွား၍ စာအုပ်ဗီရိုမှ ဆရာဇော်ဂျီ စာပေါင်း ချုပ်၊ တတိယတွဲ ယူပြီး ပြန်ထွက် လာခဲ့ပါသည်။ ကျွန်တော် တန်းလျားသို့ ပြန်ရောက် လာသောအခါ လူငယ်က ဤသို့ စကား ဆက်ပါသည်။)
“အားနာလိုက်တာ ဆရာရယ်။ ဆရာ့ကို ဒုက္ခပေးသလို ဖြစ်နေပြီ”
“ကိစ္စမရှိပါဘူးဗျာ။ အခုလို ပြောခွင့် ရတာကိုပဲ ၀မ်းသာလှပါပြီ။ ဒါကလည်း ကိုရင် ရောက်လာလို့ကိုး။ ကိုရင့် ကိုကျေးဇူး တင်ရမှာပါ။”
(ကျွန်တော်သည် “ဆရာဇော်ဂျီ စာပေါင်းချုပ်၊ တတိယတွဲကို လှန်လှော၍ ပန်းချီ လေ့လာနည်း အကြောင်းကို ရှာပါသည်။ တေးမှတ်ထားသဖြင့် အလွယ်တကူ တွေ့ပါသည်။ တွေ့သည်နှင့် ဤသို့ စကား ဆက်ပါသည်။)
“တွေ့ပါပြီဗျာ။ ဖတ်ပြပါ့မယ်”
ပန်းချီဆရာ တစ်ဦး ပြောခဲ့ဖူးသည်ကို ကျွန်တော် သတိရလာပါသည်။ ဤသို့ပါ။ ပန်းချီကား တစ်ခုကို ကြည့်သော အခါ ရှေးဦးစွာ ကားတစ်ခုလုံးကို ခြုံ၍ ကြည့်ပါတဲ့။ ကြိုက်စရာ ကောင်းမကောင်းကို သူ့စိတ်ထဲ၌ သိနိုင်ပါလိမ့်မည်တဲ့။ ထိုသို့ သိမှုရှိ ပြီးသော အခါမှာမူ ကြိုက်လျှင်လည်း ဘာကြောင့် ဆိုသည်ကို လည်းကောင်း၊ မကြိုက်လျှင်လည်း ဘာကြောင့်ဆိုသည်ကို လည်းကောင်း ဆက်၍ လေ့လာပါတဲ့။ လေ့လာသော အခါ ပန်းချီကားကို စိတ်ထဲ၌ အပိုင်းခွဲ၍ တစ်ပိုင်းချင်း မည်သို့ ဆက်နေသည်ကို လေ့လာလျှင် အဖြေထွက်လာ ပါလိမ့်မည်တဲ့။ ထိုမျှနှင့် မကျေနပ်ပါနှင့် ဦးတဲ့။ တစ်ပိုင်းတစ်ပိုင်း အတွင်းရှိ ရုပ်ပုံ၊ အသွေး၊ အရောင်၊ အနေအထား စသည် တို့ကိုလည်း အသေးစိတ် လေ့လာပါဦးတဲ့။ အဖြေ ထွက်လာလိမ့်ဦးမည်တဲ့။
အဲဒါ ဆရာ့စာအုပ် “ဆရာဇော်ဂျီ၏ စာပေါင်းချုပ်၊ တတိယတွဲ၊ စာမျက်နှာ ၁၉၃ မှာ ပါတယ်။ ကိုရင်စာအုပ်က သီးသန့် ရိုက်ထားတာဆိုတော့ စာမျက်နှာချင်း တူမှာမဟုတ်ဘူး။ စာမျက်နှာကို မှတ်မနေနဲ့။ ဆောင်းပါး အမှတ်စဉ်ကိုသာ မှတ်ထား။ ဆောင်းပါး အမှတ်စဉ် (၁၅) ဗျ”
“ကျွန်တော် အဲဒီလို ပါတာကို သတိ မပြုမိဘူး ဆရာ”
“အလျဉ်းသင့်တုန်း ဗိသုကာ အကြောင်းကို ဖတ်ပြပါဦးမယ်။ ဆရာ စောစောက ပြောခဲ့သလို ဗိသုကာ ပညာက အနုပညာ ဂိုဏ်းဝင်ဖြစ်လေတော့ ရသ စာပေ အကြောင်းကို ဆွေးနွေးရင်း ဗိသုကာ အကြောင်းနဲ့ မိတ်ဆက် ပေးခဲ့တာပါ။ ဆရာ ဖတ်ပြပါ့မယ်။ (ကျွန်တော်သည် ဗိသုကာ အကြောင်း ဖော်ပြထားသော စာမျက်နှာ ကို ရှာ၍ ဖတ်ပြပါသည်။)
ဗိသုကာ ပညာဆိုသည်မှာ နှစ်သက်ခြင်း ဖြစ်စေနိုင်သော အသွင် ကောင်းပေါ်လာအောင် အဆောက်အအုံ တည်ဆောက်ရသော ပညာဖြစ်ပါသည်။ ရည်ရွယ်ချက် တစ်ခုခုဖြင့် အဆောက်အအုံ တစ်ခုကို ဆိုကြသည်။ မျဉ်းထောင်သည် တက်ကြွ ခြင်း၊ ၀ီရိယဓာတ်ကို ဆောင်တတ်သည်ဟု ဆိုကြသဖြင့် မျဉ်းထောင်ကို ၀ီရိယမျဉ်း ဟုလည်းကောင်း၊ မျဉ်းလျားသည် တည်ငြိမ် ချမ်းမြေ့ခြင်း သန္တဓာတ်ကို ဆောင်သည်ဟု ဆိုခြင်းကြောင့် မျဉ်းလျားကို သန္တမျဉ်းဟုလည်းကောင်း ဆိုလိုက်ကြပါစို့။ ထိုအခါ ပရိသတ်၌ ၀ိရရသ၊ သန္တ ရသ ပေါ်လာကြစိမ့်သောငှာ ၀ိရမျဉ်းနှင့် သန္တမျဉ်းတို့၏ အချိုးအစားကို သင့်မြတ်အောင် စီရင် တတ်ကြသည်ဟုလည်းဆိုတတ် ကြပါသေးသည်တဲ့။
အဲဒါ ဆရာ့စာအုပ်မှာ စာမျက်နှာ ၂၃၈-၂၃၉။ ကိုရင်ကတော့ စာမျက်နှာ မှတ်မနေနဲ့။ ဆောင်းပါး အမှတ်စဉ်ကိုသာ မှတ်ထားပါ။ ဆောင်းပါး အမှတ်စဉ် (၁၉) ပါ။
“ကျေးဇူးပါပဲ ဆရာ။ ကျွန်တော် အဲဒါ တွေကို သတိမပြုမိခဲ့ဘူး ဆရာ။ အခု ဆရာ ထောက်ပြတော့မှာပဲ သိရပါတယ်။ ကျွန်တော်ကြိုးစားပြီး ဖတ်ပါ့မယ် ဆရာ”
“ဖတ်ပါဗျာ။ ဖတ်ရင်း သဘော ပေါက်လာပါလိမ့်မယ်။ ပြောရဦးမယ်။ ဆရာ ဇော်ဂျီက “ရသစာပေ၏ သဘော” အခန်းဆက် ဆောင်းပါးတွေကို ၁၉၇၀ ခုနှစ်မှာ စပြီး ရေးပါတယ်။ အဲဒီအချိန်မှာ ဆရာ့ အသက်ဟာ ၆၃ နှစ် ရှိပါပြီ။ ဆရာ ဇော်ဂျီဟာ ရသစာပေ၏ သဘောအခန်း ဆက်ဆောင်းပါးတွေကို ထုံ့ပိုင်းထုံ့ပိုင်း ရေး ပြီး “ပညာလောက စာစောင်မှာ ထည့်ပါတယ်။ ပညာ လောက စာစောင် က ၃ လတစ်ကြိမ် ထုတ်တဲ့စာစောင်ပါ။ အဲဒီလိုနဲ့ ရေးလာလိုက်တာ ၁၉၇၇ ခုနှစ် ဧပြီလမှာ နားသွားပါတယ်။ ရာစု နှစ် ကြာတယ်လို့ ပြောရမှာပေါ့။ ဆရာက ၁၉၇၅ ခုနှစ် လောက်မှာ “ဇော်ဂျီ၏ ရသပညာကို လေ့လာခြင်း”ဆိုတဲ့ ကျမ်းကိုစပြီး ပြုစုပါတယ်။ ဆရာကျမ်းပြုစုတဲ့ အချိန်မှာ ဆရာဇော်ဂျီ က “ရသစာပေ၏ သဘော” အခန်းဆက် ဆောင်းပါးတွေ ရေးနေဆဲ။ဆရာ ကျမ်းပြုရာမှာ “ရသစာပေ၏ သဘော” အခန်း ဆက် ဆောင်းပါးတွေကို ကိုးကားတယ်။ ဆရာအဲဒီလိုကို ဆရာ ဇော်ဂျီ တွေ့တော့ ဆရာဇော်ဂျီက မင်းအဲဒီစာတမ်းတွေကို ကိုးကားမယ် ဆိုရင် ဆရာ ပြင်ပြီးသားတွေ ကို ကိုးကားပါကွာလို့ ဆိုပြီး ပြင်ထားတဲ့ ပညာလောက စာစောင်တွေကို ထုတ်ပေး ပါတယ်။ ဆရာက ဆရာဇော်ဂျီ ပြင်ထား တာကိုကြည့်ပြီး ဆရာမြင်သလို မြင်တယ်။ ဆရာ အမှတ်အသား ပြသလိုပြတယ်။ ဆရာ့လက်ရေးကလည်း ဆရာ ဇော်ဂျီရဲ့ လက်ရေးနဲ့ ခပ်ဆင်ဆင်။
အဲဒီလိုမြင်လိုက်တော့ မူ ၂ မူ ရသွားတယ်။ ဆရာ့ဆီမှာ စာမူ။ ဆရာဇော်ဂျီ ဆီမှာစာမူ။ ဆရာ့ဆီက မူကို စာပေလောကက “ရသစာပေ သဘော” အခန်းဆက် ဆောင်းပါးတွေကို သီးသန့်စာအုပ် ရိုက်မယ်ဆိုတော့ ဆရာက စာပေလောက ကိုပေးလိုက်တယ်။ စာပေ လောကက မရိုက်ဖြစ်ဘူး။ အဲဒီအချိန်မှာ စာပေနှင့် စာနယ်ဇင်း အဖွဲ့က ဆရာဇော်ဂျီရဲ့ စာပေါင်းချုပ် အတွဲတွေ ရိုက်နေတယ်။ တတိယတွဲမှာ ဆရာဇော်ဂျီရဲ့“ရသစာပေ ၏ သဘော” အခန်းဆက် ဆောင်းပါးတွေ ကို ထည့်မယ်ဆိုတော့ စာပေလောကက ဆရာ့ ဆီက ယူသွားတဲ့ ဆရာပြင်ထားတဲ့မူ ကို စာပေနှင့် စာနယ်ဇင်း အဖွဲ့ကို ပေးလိုက် ပုံပေါ်ပါတယ်။ “ဆရာဇော်ဂျီ စာပေါင်းချုပ်၊ တတိယတွဲ” မှာပါတဲ့ ဆရာ မင်းယုဝေရဲ့ အမှာစာမှာ ဆရာဇော်ဂျီရဲ့ ပြင်ဆင် တည်းဖြတ်ချက်များ ပါဝင်တဲ့ “ရသစာပေ ၏ သဘော” ဆောင်းပါးများကို ထိန်းသိမ်း ပြီး အကူအညီ ပေးခဲ့တဲ့ ကထိက၊ ဦးမြ၀င်း (ဌာနမှူး၊ ရေနံချောင်းကောလိပ်)ကို ကျေးဇူး တင်ပါတယ်လို့ ဖော်ပြထားပါတယ်။
အဲဒီတုန်းက ဆရာက ရေနံချောင်း ကောလိပ်မှာ အမှုထမ်း နေပါတယ်”
“အခုလို ပြည့်ပြည့်စုံစုံ ပြောပြတဲ့ အတွက် ဆရာ့ကို အထူးပဲ ကျေးဇူး တင်ပါတယ်။ အခု ဆရာနဲ့ ဆွေးနွေးလိုက်ရတော့ “ရသစာပေ၏ သဘော” ကို ကြိုးစားပြီး ဖတ်မယ်ဆိုတဲ့ စိတ်တွေ ကျွန်တော့်မှာ ဖြစ်ပေါ်လာပါတယ်။ ကျွန်တော် ကြိုးစားပြီး ဖတ်ပါ့မယ်။ ဖတ်ပြီးတော့မှ ဆရာ့ဆီ လာပြီး ဆရာနဲ့ ဆွေးနွေးပါဦးမယ်”
“လာခဲ့ပါဗျာ။ စာပေသဘော၊ ခါခါ ပြောလည်း မောသည် မထင်၊ ပြောချင်ချင်” ဆိုတဲ့ စကားလို စာပေအကြောင်း ပြောရတာ မမောပါဘူးဗျာ။ ပြောစရာတွေ ကလည်း အများကြီး ရှိသေးသဗျ”
ထို့နောက် ထိုလူငယ်သည် ကျွန်တော့်ကို နှုတ်ဆက်၍ ကြည်နူး ၀မ်းမြောက်စွာ ပြန်သွားပါသည်။









“အမာသည် အပျော့မဟုတ်
အဖြူသည် အမည်းမဟုတ်
အဖြောင့်သည် အကောက်မဟုတ်
အမာကို မပျော့စေနှင့်
အဖြောင့်ကို မကောက်စေနှင့်”



0 comments:
Post a Comment