အကို့ပို့စ်တွေမှာ စာလုံးပေါင်းတွေ မှားနေတယ် အကို - ညီငယ်တယောက်က ပြောလာ သည်။ - ဘယ်မှာလဲဟ... - ဆိုတော့ - တယောက်တို့ တနေ့သားတို့ စတဲ့ တစ် အဓိပ္ပါယ် ရှိတာတွေမှာ တစ်ယောက်၊ တစ်နေ့သားလို့ ရေးရမှာလေ အကို.. - ဟု ပြောလာသည်။ သည်ညီငယ် တယောက်တည်း မဟုတ် အတော်များများ ကလည်း သည်လိုပဲ ပြောလာကြ ဖူးသည်။ - တစ်ခု၊ တစ်ကောင်၊ တစ်ယောက် - စသည်ဖြင့် ဘလော့ အားလုံး လိုလို မှာလည်း မြင်နေ ဖတ်နေရသည်။ တယောက်ယောက်နဲ့ စကားကြုံလို့ ပြောမိရင်တော့ သည်အကြောင်း ကို ရှင်းပြ ဖြစ်သည်။ ခုတော့ သည်ကိစ္စကို ရှင်းပြရသည်က ခဏခဏ ဖြစ်လာသည်။ သည်တော့ သည် - တစ်ခု၊ တစ်ကောင်၊ တစ်ယောက် - ကိစ္စကိုတော့ အားလုံးကို ရှင်းပြသင့် သည်ဟု တွေးမိသည်။ သည့်အတွက် သည်စာနဲ့ ရှင်းပြလိုက်ရပါသည်။
သည် - တစ်ခု၊ တစ်ကောင်၊ တစ်ယောက် - ကိစ္စက ဖြစ်ပျက်ခဲ့သည်မှာ ကြာလှပြီ။ အခုမှ မဟုတ်၊ အရင့် အရင်ကတည်းကလည်း သည်ကိစ္စနှင့် ပတ်သက်၍ အငြင်း ပွားမှုတွေလည်း ရှိခဲ့ဖူးလှပြီ။ ယခု ဘလော့ ရေးနေသည့် လူငယ်တချို့ဆိုလျှင် သည် ကိစ္စတွေကို ကြားဖူး သိဖူးဖို့ ဝေးစွ၊ သည်ကိစ္စ ဖြစ်ချိန်မှာ မွေးဖွားဦးမည်ပင် မထင်။ သို့ပေသည့် အားလုံး သိအောင်တော့ ပြောပြမှ ဖြစ်မည်မို့ သည် ကိစ္စ၏ အစမူလကို ပြန်လည် ဖော်ပြလိုက်ရပါသည်။
သည်ကိစ္စ၏မူလတရားခံကတော့ ဗမာပြည်ကို အစအဆုံး ဖျက်ဆီးခဲ့သည့် ဦးနေ၀င်းသာ ဖြစ် သည်။ တပြည်လုံးကို ဖျက်ဆီးမှတော့ ဗမာစာလည်း ဘယ်မှာကျန်လိမ့်မည်နည်း။ သည်လို ပြောလျှင် အကိုးအကား အထောက်အထားတွေကို စကားပြောဆို ငြင်းခုန် ရာမှာ ထမ်းထမ်းချလာတတ်သောသူများအတွက် အကိုးအကား အထောက် အထား ၂ ခုဖြင့် ပြောပြပါမည်။
၁။ စာပေဗိမာန်ပုံနှိပ်တိုက်တွင် ရိုက်နှိပ်ပြီး မြန်မာစာအဖွဲ့ အတွင်းရေးမှူး ဦးဥာဏ်စိုးက ၁၉၇၈ ခုနှစ်တွင် ထုတ်ဝေခဲ့သော မြန်မာ စာလုံးပေါင်း သတ်ပုံ ကျမ်း (ပထမပုံနှိပ်ခြင်း)၏ နိဒါန်း စာမျက်နှာ (ခ) ပါ -
နိုင်ငံတော်သမ္မတကြီး ဦးနေ၀င်း၏ ညွှန်ကြားချက်များ
မြန်မာစာလုံးပေါင်းသတ်ပုံနှင့် စပ်လျဉ်း၍ ၁၉၆၄-ခု၊ မေလ၊ ၁၄-ရက်နေ့တွင် “မြန်မာစာပေ ပြုစုရေးနှင့် ဘာသာပြန် ကော်မရှင်” အဖွဲ့ဝင်များကို အစိုးရ ဂေဟာသို့ ဖိတ်ခေါ်၍ တော်လှန်ရေးကောင်စီ ဥက္ကဌကြီး (ယခု နိုင်ငံတော် သမ္မတကြီး ဦးနေ၀င်း) က “စကားပြောသံကလည်း ပြောင်းတယ်။ တခု၊ နှစ်ခု၊ သုံးဂု လို့ ပြောင်းတယ်။ ပြောင်းတဲ့အတိုင်း ရေးယင် မကောင်းဘူးလား။ .... စာပျက်နေတဲ့ ဥစ္စာကို ထပ်ပြော ပါရစေအုံး။ သတ်ပုံကလဲ ကိုးရိုး ကားယား၊ အကြောင်းအရာကလဲ ကိုးရိုးကားယား ဖြစ်နေတယ်။ .... ရေးတဲ့အတိုင်း ဖတ်ယင် မဖြစ်ဘူးလား။ ရေးတော့ အမှန် ဖတ်တော့ အသံ ဆိုတော့ ဒုက္ခ သိပ်ရောက်တယ်။” ဟူ၍ မိန့်ကြား ခဲ့ပါသည်။
- ဟူသော စာပိုဒ် (မူရင်း သတ်ပုံအတိုင်း ဖော်ပြထားပါသည်)။
သူ့အလိုအတိုင်းသာဆိုလျှင် - ဇဂါးမများနဲ့၊ ဒဂယ်ပြောဒါ၊ မသိဒေါ့ဘူး၊ ရီးဇား ထားဒယ်၊ ပြန်ဒေါ့လေ၊ ရေးဂျင်သလိုသာ ရေးဘာ၊ အသုံးဃို မကျဘူး - စသည်ဖြင့် ရေးကြရဖွယ် ရှိလေသည်။
တတ်ယောင်ကား ၀င်လုပ်သော ဦးနေ၀င်းကို ဖော်လံဖားခဲ့သည့် ပညာရှင်များကြောင့် ၁၉၈၀ ကျော်နှစ်များမှာ မြန်မာစာရေးထုံး ကမောက်ကမဖြစ် ကုန်ပြီး အားလုံး - တစ်ခု၊ တစ်ကောင်၊ တစ်ယောက် - တွေ ဖြစ်ကုန် သည်မှာ ယနေ့အထိပင် ဖြစ်လေသည်။ သို့ကြောင့်လည်း သည် ကိစ္စကို ဆန့်ကျင်သည့် အနေဖြင့် ကျနော် တို့က -တခု၊ တကောင်၊ တယောက် - ကိုသာ ယနေ့အထိ သုံးနေကြခြင်း ဖြစ်သည်။
သည်လောက်ဆို ကျနော် စာလုံးပေါင်းမမှားကြောင်းနှင့် - တခု၊ တကောင်၊ တယောက် - ဟု ဘာကြောင့် ကျနော်တို့ သုံးစွဲနေကြောင်း သိလောက် ပေပြီ။
၂။ မြန်မာနိုင်ငံ လွတ်လပ်သည့် သတင်း အေဂျင်စီ (BINA) က YouTube ပေါ်တင်ထားသည့် - ဧည့်သည်ကြီးရဲ့ သောင်ရင်းမြစ်ကမ်း အလွမ်း ခရီးစဉ်၊ ၂၀၀၆ (ဧပြီ၊ ဇွန်) - ဆိုသော Video Clip မှာ ဆရာကြီး တင်မိုး မကွယ်လွန်မှီ ပြောကြားခဲ့သည့် စကား။ (သည်မှာ သွားကြည့်နိုင်ပါသည်)
..... မြန်မာစာနဲ့ ပတ်သက်ပြီးတော့ ... ..... မကျေနပ်သလိုပါပဲ။ ကျနော်လည်း - တစ်တွေ - ကို မကျေနပ်ဘူး။ (ရီသံများ...) ဒီ တစ်တွေကြောင့်ပဲ ဒို့တိုင်းပြည်များ တစ်နေသလားလို့ ... (ရီသံများ...) ။ ... အဲတာ ကျနော် သိရသလောက်ကတော့ ဦးနေ၀င်းက... မြန်မာစာ.... သူက... မြန်မာစာကို... ရေးထုံးတွေကို သူက... ကိုင်မယ်ပေါ့ဗျာ။ သူက တနည်းအားဖြင့်ဆိုရရင် မြန်မာစာကို... ဟုတ်လား... မြန်မာစာကို သူ အားပေးတယ် ဆိုတဲ့ သဘောပေါ့ နော... ။ အားပေးတယ်ဆိုတော့ မတတ်ဘဲနဲ့ အားပေးတော့ ဒုက္ခရောက်ကုန်တော့တာပေါ့... ဟုတ်လား....
ဆရာကြီးပြောပြသည့် သည်စကားအရလည်း - တစ်ခု၊ တစ်ကောင်၊ တစ်ယောက် - ပြသနာကို ရှင်းလင်း လောက်ပေပြီ။
ဆရာကြီးပြောခဲ့သလို ကျနော်တို့ တိုင်းပြည်ကို တစ် မနေစေကြရင်ဖြင့် - တစ်ခု၊ တစ်ကောင်၊ တစ်ယောက် - အစား - တခု၊ တကောင်၊ တယောက် - ဟုသာ သုံးစွဲကြဖို့ အဆုံးသပ်အနေနဲ့ ရှင်းပြ တိုက်တွန်းလိုက် ရပေသည်။
(အောင်သာငယ်)
Facebook မှ ကူးယူဖော်ပြသည်။
0 comments:
Post a Comment