Sunday, August 22, 2010

မြန်မာစာပေခရီး ပင်မရေစီး - တင်မိုး

'မောင်တို့ ကြားကုန်လော့ မယ်တို့ ကြားကုန်လော့ ရှေးဖျား ပုဂံပြေမှာဖြင့် မြန်မာတတွေမှာ ရတနာရွှေငွေ အပေါင်းငဲ့ပြင် မင်းကောင်း နော်ရထာတဲ့ မော်စရာ ဟိုတခေတ်ကိုဖြင့် ဉာဏ်သစ်ကာ တရွှင်ရွှင်နဲ့ ဘဝင်မှာ အမြင်မှန်းကာပ တမ်းတ၍ ကြည်ညိုပါ---'တဲ့။ ဆရာဇော်ဂျီ ဟောကြားခဲ့တဲ့ ပုဂံတရား ဖြစ်ပါတယ်။ ရှေးခေတ် ပုဂံဇာတိမာန် အကြောင်း၊ ပုဂံသားတို့ရဲ့ နှလုံးသားအကြောင်း ဖွဲ့ဆိုခဲ့တဲ့ သံချိုကဗျာ ဖြစ်ပါတယ်။ 'နမ်းလိုသေးသည် စိတ်ကြည်ရာဇ ပုဂံပြည်၌၊ ကုမာရ၏၊ မွေးဖဂုဏာ တုံ့ပြန်ပါသည်၊ မေတ္တာရနံ့ကြူသည်ကို---'တဲ့ ဆရာမင်းသုဝဏ် နမ်းရှိုက်လိုတဲ့ ပုဂံရဲ့ မေတ္တာရနံ့ ဖြစ်ပါတယ်။ ရာဇကုမာရ် မင်းသားက ဖခမည်းတော် ကျန်စစ်မင်းကြီးကို ကျေးဇူးတုံ့ပြန်ခဲ့တဲ့ သားအဖနှစ်ဦးရဲ့ မေတ္တာရနံ့ပါ။ ချိုးကူသံ အေးအေး၊ မေတ္တာရနံ့ပါ။ ချိုးကူသံအေးအေး၊ မေတ္တာရနံ့မွှေးမွှေးနဲ့ ပုဂံတေးကို နားဆင်လို့မဝ တတမ်းတတနဲ့ပါ။ ' တရားမဆိတ်မညံ ဓမ္မက္ခန်အလင်းငယ်နဲ့ ငါးကျိပ်ငါးတန် ပုဂံသနင်း' တို့ရဲ့မင်း အဆက်ဆက် တည်ဆောက်ခဲ့တဲ့ ပုဂံဂုဏ်ရည်ဟာ အင်္ဂလိပ် ကိုလိုနီခေတ်မှာ မှေးမှိန်ရတဲ့ အတွက်
'ဇာတိအပင် အခြေပျောက်ပြန်တဲ့ ဘဝပေမို့ သာကိဝင်တွေ မောက်ဟန်လဲ မပြချင်ဟု နောက်ယမန်သမယဆီက အထောက် မတန်လှခဲ့တဲ့ မြန်မာ့ပလင်ပျံကွန်းပေမို့ ပေါက္ကံကျခါမှ ဆရာ့မှာ အင်မတန်လွမ်း--'ရယ်လို့
ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ပုဂံကို လွမ်းခဲ့ပါတယ်။
ပုဂံဟာ မြန်မာတို့ရဲ့ အသည်းနှလုံး၊ မြန်မာတို့ရဲ့ အသက် သွေးကြော၊ မြန်မာတို့ရဲ့ မျက်စိမျက်ဆန် ဖြစ်ပါတယ်။ ပုဂံကို အကြောင်းပြု ပုဂံကို အမှတ်တရ ဂုဏ်ယူပြီး မိမိရဲ့ အမွန်အမြတ် လုပ်ငန်းတွေကို 'ပုဂံ'လို့ အမည်သညာ ပေးတတ်ကြပါတယ်။
စာပေလုပ်ငန်းနဲ့ ပတ်သက်တဲ့ 'ပုဂံ'အကြောင်း တင်ပြချင်ပါတယ်။ အဲဒါကတော့ (၁၉၆၂)ခု၊ သြဂုတ်လ၊ (၁)ရက်နေ့က တည်ထောင်ခဲ့တဲ့ 'ပုဂံ'စာအုပ်တိုက် အကြောင်းပါ။ ပုဂံစာအုပ်တိုက်ကို တည်ထောင်သူ ကတော့ မောင်ကိုဦး ခေါ် ကိုချော ဖြစ်ပါတယ်။ စာရေးဆရာ မင်းကျော်ရဲ့ ညီအရင်းပါ။ အများက'ကိုချော'လို့ ခေါ်ပေမယ့် ကိုမင်းကျော်ကတော့ သူ့ညီကို 'မောင်ရွှေ'လို့ ခေါ်ပါတယ်။
ကိုချောဟာ စာပေစိတ် ရှိတယ်၊ ထုတ်ဝေသူ အနေနဲ့ လာဘ်မြင်တယ်။ လုံ့လဝီရိယ ကြီးသူလဲ ဖြစ်တယ်။ လျင်မြန် ဖျတ်လတ်တယ်။ အပေါင်းအသင်း ကောင်းတယ်။ ဒါ့ကြောင့် ငွေရင်း (၆ဝဝ)ကျပ်မျှသာ ရှိတဲ့ ကိုချောဟာ ပုဂံ စာအုပ်တိုက်ကြီးကို အောင်အောင်မြင်မြင် ထူထောင်နိုင်ခဲ့တာပေါ့၊ ခေတ်သစ်မှာ မြန်မာစာပေ လောကရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်တဲ့ ထုတ်ဝေသူကောင်း တစ်ဦး ဖြစ်လာတာပေါ့။ သူ့အမှတ်တံဆိပ်က အလုပ်သမား၊ လယ်သမား၊ စာပေနဲ့ နိုင်ငံတော်ဆို ထင်ပါရဲ့၊ တူတံစဉ်တွေနဲ့ ကြယ်ပါပါတယ်။ ခေတ်နဲ့ လိုက်လျောညီထွေ ရှိတဲ့ လမ်းကြောင်းကို ရွေးတတ်တယ်လို့ ဆိုရပေလိမ့်မယ်။
မြန်မာ စာအုပ်တိုက် ဝါရင့်သမ္ဘာရင့်တွေ ရှိခဲ့တယ်။ တည်တည်တန့်တန့် ခန့်ခန့်ထည်ထည် ရှိခဲ့ကြပါတယ်။ စာအုပ်တိုက်တွေ အနက် ရှေးအကျဆုံးက 'ဟဟံသာဝတီ' စာအုပ်တိုက်ပါ။ ပေမူ ပုရပိုက်မူ ကနေပြီး ပုံနှိပ်စာအုပ် အဖြစ် ထုတ်ဝေခဲ့တာမို့ မြန်မာစာပေရဲ့ ကျေးဇူးရှင်ကြီးလို့ ခေါ်ရမယ့် စာအုပ်တိုက်ဖြစ်ပါတယ်။ ဟံသာဝတီရဲ့ ကျေးဇူးကြောင့် အနယ်နယ် အရပ်ရပ်မှာ ခိုအောင်းနေကြတဲ့ ပျို့ကဗျာ လင်္ကာ မော်ကွန်း ဧချင်း အဲအန် ကျမ်းဂန် အရပ်ရပ်တွေဟာ ပုံနှိပ်စာအုပ် အဖြစ် ရောက်လာပြီး စာဖတ်သူတွေရဲ့ ရင်ခွင်ထဲ ရောက်ခဲ့ရတာပါ။ ပိဋကတ်တော်တွေလဲ ပုံနှိပ်မူ အဖြစ် ပူဇော်ခွင့်ရခဲ့ခြင်း ဖြစ်ပါတယ်။ ဟံသာဝတီကို တည်ထောင်ခဲ့တဲ့ မစ္စတာ ရစ်ပလေကို ကျောက်ရုပ်ထုပြီး ဂုဏ်ပြုသင့်ပါတယ်။ မစ္စတာ ရစ်ပလေဟာ မင်းတုန်းမင်းကြီး မွေးစားခဲ့တဲ့ ပုဂ္ဂိုလ်ပါတဲ့။ ဟံသာဝတီတိုက်ရဲ့ သမိုင်းကိုတောင် စာတစ်စောင်ပေတစ်ဖွဲ့ ပြုစုထားသင့်ပါပြီ။ ဂန္ထဝင်စာပေကို အမြတ်အစွန်း မမျှော်ကိုးဘဲ ရိုက်နှိပ်ပေးခဲ့တဲ့ ကျေးဇူးဟာ နဲရော့လားဗျာ။
နောက်တော့ ပိဋကတ် ပုံနှိပ်တိုက်တွေ ပေါ်ခဲ့တယ်။ ဇမ္ဗူ့ မိတ်ဆွေတို့၊ ပြည်ကြီးမဏ္ဍိုင်တို့ မန္တလေး ရတနာဒီပံတို့ စသဖြင့် ပေါ့လေ၊ ကျွန်တော်တို့ငယ်ငယ်က ကေနာဂူမီရာ အင်ဆန်း ပုံနှိပ် တိုက်ကထုတ်တဲ့ (၂)ပြားတန် ဆင်တံဆိပ် သင်ပုန်းကြီးစာအုပ်နဲ့ ကကြီး၊ ခခွေး တတ်ခဲ့ရတာ သတိရမိတယ်။ ပြီးတော့ မန္တလေး ဈေးချိုနဲ့ ရန်ကုန် ရွှေတိဂုံဘုရားဈေးက လာတဲ့ ပဒကုသလဝတ္ထုဆန်း မေဓာဝီသမင်မဝတ္ထုဆန်း စတဲ့ ဝတ္ထုဆန်းကလေး ဖတ်ခဲ့ရတာ သတိရမိတယ်။
ဒုတိယကမ္ဘာစစ် အပြီးမှာတော့ ဇွဲစာပေရိပ်မြုံ၊ ပညာ အလင်းပြ၊ ရှုမဝ၊ သွေးသောက် စတဲ့ တိုက်တွေ အပြိုင်အရိုင်း ပေါ်လာကြပြီ။ မန္တလေးက လူထုဦးလှ၊ ဒေါ်အမာတို့ရဲ့ ကြီးပွားရေးတိုက် တိုက်ထုတ် စာအုပ်များကလဲ လူထုရဲ့ နားမျက်စိကို ဖွင့်ပေးခဲ့ တာ ဒီနေ့ လူထုစာအုပ်တိုက်ခေတ်အထိ၊ လွတ်လပ်ရေးခေတ်မှာ တော့ ကိုတင်ဆောင်၊ မစန်း၊ ဦးဘရီနှင့်သမီးများ၊ ခေတ်ပြင်၊ ပြည်သူ့အလင်း၊ မြန်မာပြည်စာအုပ်တိုက်၊ နန္ဒ၊ စာပေလောက၊ ပင်မရေစီး၊ ဝင်းမော်ဦး၊ ပင်းယ၊ ခြင်္သေ့၊ စတာတွေအပြင် လက်ဝဲနိုင်ငံရေး ကျမ်းတွေချည်း ထုတ်ဝေတဲ့ ကျော်လင်းစာပေ၊ အင်တာနေရှင်နယ်၊ ဗော့စတော့ စသဖြင့် စာအုပ်တိုက်တွေ အစီအရီ ပေါ်ပေါက်ခဲ့ကြပါတယ်။
အဲခေတ်သစ်မှာ ခေတ်မီမီနဲ့ အထိုးဖောက်နိုင်ဆုံး စာအုပ် တိုက်ကတော့ 'ပုဂံ'စာအုပ်တိုက်ပါ။ ဆရာမြသန်းတင့် ဘာသာပြန်တဲ့ စစ်နှင့်ငြိမ်းချမ်းရေး (၁၂)တွဲ၊ သခင်တင်မြ ဘုံဘဝမှာဖြင့်၊ သိန်းဖေမြင့်ရဲ့ စစ်အတွင်းက ခရီးသည်၊ ပြည်သူ့ ကြားမှာ အမှန်ရှာ စတဲ့ စာအုပ်ကောင်းများ အပြင် ဝတ္ထုရှည်ကြီးများကို ပုဂံနှစ်လည်တိုင်း တခမ်းတနား ထုတ်ဝေခဲ့ပါသေးတယ်။
လှိုင်၊ တစ္ဆေ၊ ထီးလှိုင်ရှင်၊ ရေရိုင်းမြေရိုင်း၊ အရေးကြီးပြီ သွေးစည်းကြစို့၊ ဓမ္မဝိလာသ၊ မြန်မာပြည်မြောက်ပိုင်း စတဲ့ ဝတ္ထုရှည်ကြီးများကို အများ စိတ်ဝင်စားအောင် လှုံ့ဆော်ကြော်ငြာပြီး ထုတ်ဝေခဲ့တယ်။ 'ပုဂံ'ဟာ စာဖတ်ပရိသတ် အပေါ်မှာ သြဇာ ကြီးမားခဲ့ပါတယ်။
'စောဦး'ရဲ့ 'တမိုးသောက်သော်'မှ မေမြို့ချစ်ဆွေရဲ့ 'ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပမ်းမှု နေ့စဉ်မှတ်တမ်း' အထိ အကျိုးပြု စာအုပ်ပေါင်း စာအုပ်ပေါင်း (၂၅၅)အုပ် အုပ်အထိ ထုတ်ဝေနိုင်ခဲ့တယ်။ ပုဂံစာအုပ် ဆိုရင် စာဖတ်သူ လူထုက အဆင်သင့် ရင်ဖွင့်ကြိုဆို ခဲ့ကြတယ်။
ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်၊ ငွေကြေးဂုဏ်သိန် တရှိန်ရှိန် တက်၊ အရက်ကလေး တမြမြ၊ ခွက်ကလေးကမချ၊ ငွေစကြေးစတွေ ပိုက်မိတော့ ရုပ်ရှင်ကလေး ရိုက်ချင်ချင်နဲ့ ဓာတ်ရှင် နတ်ဝင်ပါလေရော၊ (၁၉၈ဝ) ဇူလိုင်လထုတ် ပုဂံနောက်ဆုံးထုတ် စာအုပ်အပြီး ဇာခန်းဆီး နောက်ကွယ်မှာ သောက်ဟယ် စားဟယ်နဲ့ ကိုချောခမျာ အရွယ်ငယ်ငယ်နဲ့ ကွယ်လွန် ခဲ့ရပါလေတယ်။ ကိုချောပျောက်တော့ ပုဂံ ပျောက်သွားလိုက်တာ အခုတော့ ပုဂံမှတ်တိုင်ကို ပြန်လည် စိုက်ထူကြပြီတဲ့။ ဒီနှစ်ဆန်းကစပြီး ပုဂံလမ်းစ သစ်ခဲ့ပြီတဲ့။
အောင်မြင်ပါစေလို့ အဝေးကဆန္ဒပြုရင်း .......
ကျန်းမာချမ်းသာကြပါစေ။


တင်မိုး

0 comments:

Post a Comment