'အဘိဓာန်ဆရာ' ဆိုတာ တွေ့ရှိသမျှ စကားလုံးတွေကို ယဉ်တယ်ရိုင်းတယ် မရွေး အနက်ဖွင့် အဓိပ္ပာယ်ပေးတဲ့ ပညာရှင်ပါ။ ဝေါဟာရတွေကလည်း စကားဟောင်းခေါ် ပေါရာဏသုံး စကားတွေလဲရှိ၊ ခေတ်အလျောက် လိုအပ်လို့ တီထွင်သုံးနှုန်းရတဲ့ ခေတ်ပေါ်စကား တွေလည်းရှိ၊ သိပ္ပံပညာ၊ စက်မှုနည်းပညာ စတဲ့ ပညာရပ်အသီးသီး အတွက်သုံးရတဲ့ ဝေါဟာရ ထူးတွေလည်း ရှိတာမို့ စကားလုံးဖြစ်လာနဲ့ တစ်ပြိုင်နက် အဘိဓာန်ဆရာက အနက်ဖွင့်ဖို့ အားထုတ် ရပါတော့တယ်။
ရှေးဦးစွာ စကားလုံးတွေကို စုရဆောင်းရတယ်။ ဝေါဟာရ ကတ်ပြားပေါ်မှာ တင်ရတယ်။ စကားလုံး ထုတ်ယူရာ စာနယ်ဇင်းများ၊ ကျမ်းကိုး ကျမ်းကားများကို မှတ်သားရတယ်။ အသုံးအနှုန်း ဘယ်လို သုံးသလဲဆိုတဲ့ အထောက်အထားတွေကို အခြေပြုပြီး သကာလ အဆိုပါ စကားလုံးရဲ့ အနက်ကို တိတိကျကျ အဓိပ္ပာယ် ပေါ်လွင်အောင် ဖော်ထုတ်ပြီး အနက်ဖွင့်ဆို ရပါတယ်။ အဘိဓာန်ဆိုတာ အလွန်လက်ဝင်တဲ့ အလုပ်လဲဖြစ်၊ အလုပ်လည်း များလှတဲ့အတွက် အဘိဓာန်ပညာရှင် ဆိုတာ ထမင်းမေ့၊ ဟင်းမေ့၊ ကျမ်းဂန် မျိုးစုံကြားမှာ မွေ့လျော်ပျော်ပိုက် ရရှာပါတယ်။
ကျမ်းစကား၊ ဘန်းစကား၊ နန်း စကား၊ လမ်းဘေးစကားမကျန် အကုန် အစင်မှတ်သား၊ စုဆောင်း၊ အနက်ဖွင့်ရတဲ့ တာဝန်ဟာ အလွန်ကြီးတဲ့ အလျောက် ပညာရှင်တွေ တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်း လုပ်ဆောင်ကြရမြဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အဘိဓာန်ပညာရှင် ရယ်လို့လက်ချိုးရေတွက်နိုင်လောက်အောင် ရှားရှားပါးပါးရှိပါတယ်။ အဘိဓာန်ပညာရှင်တွေ 'တစ်ပုံကြီး'လို့ ဝင့်ဝင့်ကြွားကြွား မဆိုသာပါဘူး။ ဒါပေမဲ့ ကျွန်တော် လက်လှမ်းမီသမျှထဲက ထူးချွန်တဲ့ အဘိဓာန်ဆရာ တစ်ဦး အကြောင်းကို အထူး တင်ပြချင်ပါတယ်။ အဲဒါကတော့ မန္တလေးမြို့က အဘယာရာမ ဆရာတော် အရှင်အဂ္ဂဓမ္မာ ဘိဝံသ ဖြစ်ပါတယ်။ ကုန်းဘောင်ခေတ် မင်းတုန်း လက်ထက် ခန့်က မွေးဖွားခဲ့သူဆိုတော့ နှစ်ပေါင်း(၁၂ဝ)ကျော်ခဲ့ပါပြီ။
မြန်မာသက္ကရာဇ် (၁၂၄ဝ)ခု၊ တပေါင်းလဆန်း(၁၁)ရက်၊ တနင်္ဂနွေနေ့မှာ မြင်းခြံ မြို့နယ်၊ ဗလုံရွာ၊ ဦးရွှေစင်၊ ဒေါ်ရွှေမှဲ့တို့က မွေးဖွားခဲ့ပါတယ်။ ငယ်နာမည် မောင်ဖိုး သင်တဲ့။ ဦးရီးတော်သူ အရှင်နန္ဒမဉ္ဇူက ပညာသင်ပေးပြီး နောင်အခါ မန္တလေးဘုရားကြီး တိုက်မှာနေပြီး စာပေသင်ကြားခဲ့ပါတယ်။
ဘုရားကြီးဆရာတော် ရွှေရေးဆောင်တိုက်၊ မိုင်းခိုင်းဆရာတော်၊ မိုးထားသာသနာ ပိုင်ဆရာတော်တို့ထံမှာ ပညာဆည်းပူးခဲ့တယ်။ ရဟန်းဖြစ်တော့ ပခုက္ကူ၊ ရေစကြိုဆရာ တော်ထံ နိကာယ်ငါးရပ် ပိဋကတ်တို့ကို ဆုံးခန်းတိုင်သင်ယူခဲ့တယ်။ မဟာဝိသုတာရာမ တိုက်မှာ စာချပုဂ္ဂိုလ်ဖြစ်ခဲ့တယ်။ အရှေ့ခင်မကန် ဆရာတော်ထံမှာလည်း အဘိဓမ္မာညဝါ ကျမ်းများလိုက်ခဲ့တယ်။
နောက်ပြီး အရှေ့ဝိသုဒ္ဓါရုံဆရာတော်ထံမှာ မာဂဓသက္ကတ ကျမ်းဂန်အဝဝကို ကျကျနန ဆည်းပူးတယ်။ ပညာလိုလားတဲ့ ဆရာတော်ဟာ သီရိလင်္ကာ ကိုလံဘိုကိုကြွပြီး မာဂဓ သက္ကတကျမ်းများ လေ့လာခြင်း၊ ပို့ချခြင်းတို့ကို ပြုလုပ်ခဲ့တယ်။ မောဂ္ဂလန် နိဿယနဲ့ အဘိဓာန်နိဿယသစ်ကျမ်း တို့ကို ပြုစုခဲ့တယ်။ နောက်မန္တလေးစိန်ပန်းရပ်မှာ အဘယာရာမ ရွှေဂူတိုက်ကို ဦးစီး တည်ထောင်ခဲ့ပါတယ်။ ဘာသာပြန်၊ သက္ကတစာဝါပို့ချ၊ ကျမ်းများပြုစု၊ ထုတ်ဝေစတဲ့ စာပေလုပ်ငန်းတွေကို မနားမနေ ဆောင်ရွက်တော် မူခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ် အတွင်းမှာပဲ မလစ်မဟင်း စာပေပို့ချခြင်း၊ မွန်စာပေသင်ယူခြင်း၊ စစ်ကိုင်း၊ မင်းကွန်း၊ တံတားဦးစတဲ့ စစ်ဘေးလွတ်ရာ ပြောင်းရွှေ့ သီတင်းသုံးခြင်း၊ ရောက်ရာ အရပ်တွင် စာပေတာဝန်၊ တည်းဖြတ်မှုတာဝန်၊ ကျမ်းစာပြုစုမှုတာဝန် စတဲ့တာဝန်တွေကို မညည်းမညူ ထမ်းဆောင် ခဲ့ပြီးနောက် စစ်ကိုင်းတောင် ဥမင်ကိုးဆယ် ရွှေဥမင် ကျောင်းကြီးမှာ ပျံလွန်တော်မူခဲ့ပါတယ်။ မြန်မာသက္ကရာဇ် (၁၃ဝ၅)ခု၊ ပြာသိုလဆန်း(၃)ရက် နေ့မှာပါ။
အဲဒါကတော့ အလွန်ဝီရိယ ကြီးမားလှတဲ့ အဘိဓာန် သုခမိန်ကြီးရဲ့ ဘဝပုံရိပ် တစေ့တစောင်းပါ။ အဘယာရာမ ဆရာတော် သက္ကတ ကျွမ်းကျင်ပုံနဲ့ စပ်လျဉ်းပြီး ယခု ထေရဝါဒ ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် အရှင်သီလနန္ဒာဘိဝံသ တင်ပြထားတဲ့ စာတမ်းကလည်း အလွန်ပြည့်စုံပြီး ကြည်ညိုဖွယ် ပညာဂုဏ်ကို ပေါ်လွင်စေပါတယ်။ သူ့ဆရာရဲ့ ရာပြည့် ပူဇော်ပွဲမှာ ဖတ်တဲ့စာတမ်းပါ။ အဘိဓာန်ပြုစုပုံနဲ့ ပတ်သက်လို့ ခိုင်ခိုင်မာမာ တင်ပြထားပါတယ်။
ဆရာတော်ပြုစုတဲ့ (၁၇)ကျမ်း၊ တည်းဖြတ်တဲ့ ကျမ်း(၈)ကျမ်း၊ လက်စွဲပြုကျမ်း (၂၂)ကျမ်းတို့ဟာလည်း အံ့ဘနန်းပါ။ ပထမ အဘယာရာမ လက်စွဲကျမ်းတွေ အစချီရရင်တော့ ကုန်းဘောင်ခေတ် မက္ခရာမင်းသားကြီးက စရမယ်ထင်ပါတယ်။ ပြီးတော့ ကျော်အောင်စံထား ဆရာတော် လို ဝေါဟာရတ္ထ ပကာသနီကျမ်းပြု ဆရာ၊ မြန်မာအင်္ဂလိပ် အဘိဓာန်ကို နှောင်းလူတွေ အားကိုးရလောက်အောင် ပြုစုခဲ့တဲ့ ခရစ်ယာန်သာသ နာပြုဆရာကြီး ယုဒသန်စတဲ့ ပုဂ္ဂိုလ် အနည်းငယ်မျှကိုပဲ မျက်စိထဲ မြင်ယောင်ယောင် ရှိပါတယ်။
ပြီးတော့ ကိုလိုနီခေတ်ထဲမှာ ဆိုရင် ဘာသာစကား ပညာရှင်တစ်ဦးဖြစ်တဲ့ ဝဇီရ ဗုဒ္ဓိဦးဖိုးစိန်၊ ပါဋ္ဌိ-သက္ကတ-အင်္ဂလိပ် အဘိဓာန်ကျမ်းပြု ဦးဟုတ်စိန်နဲ့ ပါဠိ အဘိဓာန်ဆရာ လယ်တီပဏဏ္ဍိတ ဦးမောင်ကြီး တို့ကို မြင်မိတယ်။ အဘိဓာန်သမားဟာ စာပေလောက၊ ကျမ်းလောကမှာပဲ ခေါင်းမဖော်နိုင်လောက်အောင် နစ်မြုပ်ပြီး အလုပ်လုပ်ရတာ မဟုတ်လား။ ပြီးတော့ တခဏ အလုပ်လည်းမဟုတ်၊ တစ်ဘဝအလုပ်။
ဂျပန်ခေတ်နဲ့ လွတ်လပ်ရေးခေတ်မှာတော့ အဘိဓာန်လုပ်ငန်းကို တစိုက်မတ်မတ် လုပ်တဲ့ ဆရာဦးဝန်ခေါ် မင်းသုဝဏ်က အထင်ရှားဆုံးပါ။ သူကလည်း အောက်စဖို့ တက္ကသိုလ်တို့မှာ အဘိဓာန်ပညာရပ်ကို ဇောက်ချပြီး ဆည်းပူးလေ့လာခဲ့တဲ့ ပညာရှင် မဟုတ်လား။ အဘိဓာန်အကြောင်း ပြောရမယ်ဆိုရင် 'မှတစ်ပါး အခြားမရှိပြီ' ဆိုတဲ့ ပုဂ္ဂိုလ်မျိုးကိုး။
ဆရာပြုစုခဲ့တဲ့ 'တက္ကသိုလ် မြန်မာသတ်ညွှန်းကျမ်း' တို့ မြန်မာအဘိဓာန် (ကကြီးမှ ဆလိမ်အထိ)ဆိုတဲ့ ကျမ်းတွေဟာ ပညာရှင်တွေရဲ့ လက်ကသုံး တောင်ဝှေး ဆိုတာ အများသိပြီး ဖြစ်ပါတယ်။ မြန်မာဝေါဟာရ အဖွင့်ကျမ်း (ပုံမနှိပ်ရသေး)နဲ့ မြန်မာ သတ်ပုံ မိတ်လင်စုံ၊ မြန်မာဝေါဟာရ သတ်ပုံဆရာကြီး ဦးအုန်းရွှေရဲ့ မှတ်ချက်စကားနဲ့ ပြောရမယ် ဆိုရင် ဆရာဦးဝန်က ''တင်ပြလိုက်ပြီဆိုတဲ့ ဝေါဟာရ အနက်တစ်ခုကို ဘယ်ပညာရှင်ကမှ စောဒကတက်မယ်လို့ မကြံလေနဲ့တော့။ သူ့လောက်ထောင့်စုံ၊ ကျမ်းစုံ၊ လက်ကုန်နှိုက်ထားတဲ့ ပညာရှင်မရှိနိုင်တော့ဘူး''တဲ့။
နောက်ဖော်ပြချင်သေးတဲ့ ပညာရှင်ကြီးကတော့ ကျောက်စာဝန် ဦးဖိုးလတ် လတ်ပါ။ သူ့ရဲ့ မြန်မာဝေါဟာရအဖွင့်ကျမ်းတွေကို မြည်းစမ်းကြည့်ရုံနဲ့ သူ့ရဲ့ပညာဂုဏ်ကို ရိုသေလောက်ပါတယ်။ မြန်မာစကားနဲ့ နှီးနွယ်တဲ့ တိုင်းရင်းသား ဘာသာစကားတွေကိုပါ စေ့စေ့စပ်စပ် နှိုင်းယှဉ်လေ့လာ တင်ပြထားတဲ့ ကျမ်းကောင်းကျမ်းမွန်များ ဖြစ်ပါတယ်။ တစ်သက်လုံး ဆည်းပူးခဲ့တဲ့ ချွေးနှဲစာရတနာတွေကို မြန်မာစာချစ်သူတို့ကို ဖြန့်ဝေပေးခဲ့ခြင်း ဖြစ်ပါတယ်။
ပါဠိ-မြန်မာမှာ ဆရာကြီးတစ်ဆူ ပါရဂူမြောက် ဆိုရလောက်တဲ့ ဆရာကြီး ဒဂုန်ဦးထွန်းမြင့်ရဲ့ ပါဠိသက်ဝေါဟာရ အဘိဓာန်ကြီး ကလည်း ကျောက်ထီးတန္တု အလေးပြုရတဲ့ အဘိဓာန်တစ်ဆူပါ။ အခြား ပေါရာဏ အဘိဓာန်ဆရာ မှော်ဘီဆရာသိန်း ကြီး၊ ကဗျာဖွဲ့နည်း ကျမ်းဆရာ ဦးတင့်ဆွေ စသည်တို့လည်း ရှိလေသေးရဲ့။
ဆရာတော်ဘုရားကြီးရဲ့ နှစ်တစ်ရာပြည့် စာတမ်းကို ဖတ်မိတာနဲ့ အလွန်လေးစား ကြည်ညိုဖွယ် ကောင်းလှတဲ့ အဘိဓာန် သုခမိန်ဆရာတော်ကြီး အကြောင်း တစွန်းတစမျှ သိခွင့်ရအောင် သောတရှင်တို့ကို ဝေငှလိုက်ခြင်း ဖြစ်ပါတယ်။ မြန်မာ့တွင်းထွက် ရတနာ စိန်ကြီးတစ်လုံးလို့ ဆိုပါရစေတော့။ ကျန်းမာချမ်းသာကြပါစေ။
(၁ဝ၊၆၊၂ဝဝ၄)
0 comments:
Post a Comment