Wednesday, September 22, 2010

သမ္ဖပလ္လာပ စာနယ်ဇင်းသမားများ (လူထုစိန်ဝင်း)

ဂျာနယ်တစ်ဒါဇင်လောက်မှာ အပတ်စဉ်ပုံမှန်စာတွေရေးဖြစ်နေတာကြောင့် စာဖတ်ပရိသတ်အမျိုးမျိုးဆီက ဖုန်းဆက်တာတွေ စာရေးတာတွေ အမြဲလိုလို လက်ခံရရှိလေ့ရှိတယ်။ တချို့ကအားပေးတယ်။ တချို့က ဝေဖန်ထောက်ပြတယ်။ တချို့ကတိုင်တမ်းတယ်။ တချို့ကတိုင်ပင်တယ်။ တချို့ကရင်ဖွင့်တယ်။ အမျိုးစုံပါပဲ။


အပြုသဘောဝေဖန်သုံးသပ်
ဒီအထဲမှာဂျာနယ်တွေနဲ့ပတ်သက်ပြီး အားမလိုအားမရဖြစ်လို့၊ မကြိုက်လို့၊ စိတ်ပျက်လို့ ပြောပါဦး၊ ရေးပါဦးလို့ တိုက်တွန်းတဲ့စာမျိုးတွေက အများဆုံးပါပဲ။ အတတ်နိုင်ဆုံး တာဝန်ကျေအောင် ရေးခဲ့ပါတယ်။ စာနယ်ဇင်းသမားဆိုတာ အမြင်မတော်တာ၊ အကြားမတော်တာမှန်သမျှ၊ တိမ်းစောင်းနေတာမှန်သမျှ အပြုသဘော ဝေဖန်သုံးသပ်တင်ပြရမြဲဖြစ်တဲ့အတိုင်း မော်ဒယ်မိန်းကလေးတွေ ၀တ်စားဆင်ယင်ပုံ လျှပ်ပေါ်လော်လီတာကအစ၊ ၀န်ထမ်းကြီးငယ်တွေ အကျင့်ပျက်တာမျိုးအလယ်၊ လူတိုင်းလိုလို သိက္ခာကိုရိက္ခာနဲ့ လဲပစ်နေကြတာမျိုးအဆုံး ကြိမ်ဖန်များစွာ ရေးခဲ့ပါတယ်။ ဒီအထဲမှာ ကိုယ့်တာကိုယ်လုံအောင်လုပ်ဖို့အတွက် စာနယ်ဇင်းသမားများ လိုက်နာစောင့်ထိန်းရမယ့် ကျင့်ဝတ်တွေအကြောင်းရေးခဲ့တာက အများဆုံးဖြစ်ပါတယ်။

သမ္ဖပလ္လာပဂျာနယ်လစ်
ကျင့်ဝတ်အကြောင်း ရေးလွန်းအားကြီးလို့ ပွဲတကာလည်တက်ပြီး လက်ဆောင်ယူသူတွေ၊ ဂျာနယ်တွေကိုခုတုံးလုပ်ပြီး ကိုယ့်ကိုယ်ကိုလူရာဝင်အောင် လုပ်သူတွေနဲ့ ကြော်ငြာဆောင်းပါးရေးပြီး ပိုက်ဆံရှာသူတွေ စတဲ့စတဲ့ အသိမ်အဖျင်းရေးသူ 'သမ္ဖပလ္လာပဂျာနယ်လစ်'များက ကွယ်ရာမှာ အောက်ကလိအာပြောကြတာတွေလည်း အများကြီးပြန်ကြားရပါတယ်။ ဒါပေမဲ့လည်း အရေးလျှော့လို့ မဖြစ်ဘူး။ စာနယ်ဇင်းဆိုတာ စတုတ္ထမဏ္ဍိုင် ဖြစ်တယ်ဆိုတော့ တည့်မတ်ဖို့အရေးကြီးတယ်။ ခြစားလောက်ကိုက်လို့လည်း မဖြစ်ဘူး။ ခြတွေလောက်တွေ မကပ်နိုင်အောင်တားဆီးကာကွယ်ရမယ်။ လက်နှီးစုတ်ကို အိမ်ပြင်ထုတ်လှန်းသလို ဖြစ်လည်းမတတ်နိုင်ဘူး။ ရှက်တော့ရှက်တာပေါ့။

ဖန်တရာတေနေပြီ
စာဖတ်ပရိသတ်တွေကတောင် ပြောလာရတာဆိုတော့ ပိုပြီးရှက်စရာကောင်းတယ်။ အကြိမ်ကြိမ်ရေးခဲ့တာ 'ဖန်တစ်ရာတေ' နေပြီဖြစ်ပေမယ့်လည်း စာဖတ်သူများကရေးစေ၊ ပြောစေချင်တော့ ရေးရပါဦးမယ်။ အခုမှ ဂျာနယ်လောကထဲလှမ်းဝင်ဖို့ ကြံရွယ်တဲ့လူငယ်လေးတွေ ဆင်ခြင်နိုင်ကြစေဖို့ဖြစ်တယ်။ အံတိုနေပြီဖြစ်တဲ့ 'သမ္ဖပလ္လာပဂျာနယ်လစ်' များမဖတ်ဘဲ ကျော်လွှားသွားကြပါလိမ့်မယ်။

အများဆုံးညည်းညူသံ
စာဖတ်သူများရဲ့ အများဆုံးညည်းညူသံကတော့ သတ်ပုံမှားတာနဲ့ စာအကျအပေါက်မှားတာတွေဖြစ်တယ်။ ၀ါကျတစ်ခုမဆုံးခင် စာကြောင်းကပြတ်သွားပျောက်သွားတော့ အဓိပ္ပာယ်ဆက်စပ်မရဘဲ ဖြစ်တာကို သူတို့တော်တော်စိတ်ပျက်ကြတယ်။ တစ်ခါတလေ စာပိုဒ်တစ်ပိုဒ်လုံးကျန်ခဲ့လို့ စာရေးသူဘာပြောမှန်း မသိလိုက်ရဘူးလို့ဆိုကြတယ်။ တချို့ကညွှန်းတဲ့စာမျက်နှာမှာ အဆက်ကိုရှာမရတာလည်း စိတ်မရှည်ကြဘူး။ တချို့က စာမျက်နှာနံပါတ်ထိုးတာ မထင်မရှားဖြစ်နေတာကို မကြိုက်ကြဘူး။ ကာတွန်းတွေမှာပါတဲ့ စာကသတ်ပုံမှားနေတာကိုတော့ အများဆုံးထောက်ပြကြတယ်။ ကာတွန်းဆိုတော့ ပိုပြီးသိသာထင်ရှားနေတာကိုး။

သတ်ပုံလေးတောင် မယုံရတော့
ဒီအချက်တွေအားလုံး အမှန်တွေချည်းပါပဲ။ ရှေးကဆိုရင် ကလေးတွေ သတ်ပုံမသိလို့မေးတဲ့အခါ နီးရာသတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတစ်စောင်ဆွဲယူပြီး "အဲဒီထဲမှာရှာကြည့်" လို့ပြောလိုက်ရုံပဲ။ အဲဒီလောက်အထိကို စာဖတ်ပရိသတ်က ယုံကြည်စိတ်ချထားကြတာ။ ခုခေတ်တော့ သတ်ပုံလေးတစ်ခုတောင်မှ စိတ်ချလက်ချယုံကြည်လို့ရတဲ့ စာနယ်ဇင်းတစ်ခုမှကိုမရှိတော့ဘူးလို့ပြောရင် လွန်မယ်မထင်ဘူး။ နောက်ပြီး ကလေးတွေကို တောင်းရမ်းစားသောက်ခိုင်းတဲ့ သတင်းဖော်ပြရာမှာ ကလေးငယ်တွေရဲ့ဓာတ်ပုံကို ထင်ထင်ရှားရှားကြီး ဖော်ပြတာကိုလည်း စာဖတ်သူများက ထောက်ပြဝေဖန်ကြတယ်။ ဂျာနယ်လစ်ဆိုပြီးတော့ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဥပဒေကို မသိရကောင်းလားလို့ အပြစ်တင်ကြတယ်။ ဒါလည်းမှန်တယ်။ မှုခင်းသတင်းတွေ ဖော်ပြရာမှာ ကလေးသူငယ်ဆိုင်ရာသတင်း၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ ဂုဏ်သရေကိုထိခိုက်နစ်နာသွားစေတဲ့ သတင်းနဲ့ တရားရုံးကို မထေမဲ့မြင်ပြုရာရောက်တဲ့ ရေးသားမှုမျိုးကို သတင်းထောက်နဲ့အယ်ဒီတာတိုင်း သိရှိနားလည်ထားဖို့လိုအပ်ပါတယ်။ ဒီခေတ်မှာ ဒီသုံးချက်နဲ့လွတ်ကင်းအောင် မရေးတတ်ကြတာများတယ်။ မှုခင်းဂျာနယ်မဂ္ဂဇင်းတွေက အဆိုးဆုံးဖြစ်တယ်။ အထူးသဖြင့် ရဲအမှုထမ်းတွေနဲ့ အငြိမ်းစားရဲအမှုထမ်းတွေရေးတဲ့ သတင်းဆောင်းပါးမှန်သမျှဟာ တစ်ဖတ်သတ်ရဲအမြင်နဲ့ ရေးသားလေ့ရှိပြီး ရုံးတော်ကစီရင်ချက်မချမီကတည်းက စွပ်စွဲခံရသူများကို ပြစ်မှုကျူးလွန်သူအဖြစ် ကြိုတင်သတ်မှတ်ပြီးဖြစ်ကြတာကို တွေ့ရတယ်။

ရဲကစွပ်စွဲသူသာဖြစ်တယ်
ရဲအလုပ်က ပြစ်မှုကိုခိုင်လုံအောင်တည်ဆောက်ပြီး ရုံးတင်တရားစွဲဖို့ဖြစ်တယ်။ တရားစွဲတင်ခံရသူဟာ ရဲကတရားခံအဖြစ်စွဲတင်သူသာဖြစ်တယ်။ အမှန်တကယ်ပြစ်မှုကျူးလွန်သူ ဟုတ်၊ မဟုတ် တတ်အပ်သေချာ ဘယ်သူမှမပြောနိုင်သေးဘူး။ သက်သေအထောက်အထားခိုင်လုံလို့ ရုံးတော်ကအပြစ်ရှိကြောင်းစီရင်ချက်ချပြီးမှသာ အပြစ်ရှိတယ်လို့ ပြောနိုင်တာဖြစ်တယ်။ ဒါတောင်အောက်ရုံးအဆင့်ဆင့်က အပြစ်ရှိတယ်လို့ ဆုံးဖြတ်ထားခဲ့ပေမယ့် အမြင့်ဆုံးရုံးတော်က အယူခံမှာကွင်းလုံးကျွတ်လွှတ်ပေးလိုက်တာမျိုးတွေ ရှိတတ်သေးတယ်ဆိုတာ သိထားရမယ်။

ပေါ့ပေါ့သဘောထားတဲ့ကိစ္စများ
စာဖတ်ပရိသတ်များကမသိကြလို့ ပြောတဲ့ရေးတဲ့အထဲမှာမပါပေမယ့် ခုခေတ်ဂျာနယ်သမားတွေ ပေါ့ပေါ့သဘောထားပြီး မှားတတ်ကြတာတွေလည်း ထောက်ပြချင်တယ်။ ပထမတစ်ချက်ကတော့ စာရေးသူတစ်ယောက် ရေးတဲ့စာကို ဂျာနယ်အယ်ဒီတာကလွဲပြီး တခြားသူကိုဂျာနယ်ထဲမပါခင်မှာ ပေးဖတ်တဲ့အလေ့ဖြစ်တယ်။ (စာပေစိစစ်ရေးကို ၀တ္တရားအရပေးဖတ်ရတာက သီးခြားကိစ္စပါ)။ ဥပမာ လူထုစိန်ဝင်းနာမည်နဲ့ရေးခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်ပါ အယူအဆတစ်ရပ်ကို တခြားစာရေးသူတစ်ဦးက စောဒကတက်တာ၊ ကန့်ကွက်ချေပတာလုပ်ဖို့ ရေးလိုက်တဲ့ဆောင်းပါးကို လူထုစိန်ဝင်းကို လာပြတာမျိုးဖြစ်တယ်။ ဒါမျိုးက လုံးဝမလုပ်အပ်တဲ့ကိစ္စဖြစ်တယ်။ အဲဒီဆောင်းပါးကို ဂျာနယ်ရဲ့ပေါ်လစီနဲ့ ညီ၊ မညီသုံးသပ်ပြီး အယ်ဒီတာက ထည့်လိုကထည့်နိုင်တယ်။ ပယ်လိုက ပယ်နိုင်တယ်။ တခြားသူများကို မပြရပါဘူး။

မဖြစ်မနေထည့်ရတဲ့ကိစ္စ
စာတစ်ပုဒ်ဂျာနယ်မှာထည့်ခြင်း၊ မထည့်ခြင်းဟာ ဂျာနယ်ရဲ့ပေါ်လစီနဲ့ ညီ၊ မညီဆိုတဲ့ အချက်နဲ့ပဲဆုံးဖြတ်ရတယ်။ ဗဟုခေတ်မို့ ကိုယ့်ပေါ်လစီနဲ့ ဆန့်ကျင်တဲ့အယူအဆကို ထည့်ရမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်မရှိဘူး။ ဂျာနယ်က ၀တ္တရားအရ မထည့်မနေထည့်ပေးရမယ့် စာကတစ်မျိုးပဲရှိတယ်။ သတင်းဆောင်းပါးပါ အချက်အလက်မှားယွင်းတဲ့အတွက် မှားယွင်းဖော်ပြခံရသူက အထောက်အထားခိုင်ခိုင်လုံလုံနဲ့ တင်ပြတာမျိုးဆိုရင် အယ်ဒီတာအဖွဲ့က သီးခြားအတည်ပြုချက်ပြုလုပ်ပြီး မှားယွင်းကြောင်းသေချာပါက ပြင်ဆင်ချက်နဲ့ မှားယွင်းဖော်ပြခံရသူကို တောင်းပန်ချက်ကို သိသာထင်ရှားစွာဖော်ပြပေးရခြင်းဖြစ်တယ်။ အမှားပါတဲ့ သတင်း၊ ဆောင်းပါးကို ပြူးတူးပြဲတဲဖော်ပြထားခဲ့ပြီး အမှားပြင်ဆင်ချက်နဲ့ တောင်းပန်ချက်ကျတော့ မသိမသာ၊ မထင်မရှား ဖော်ပြထားတာမျိုး လုံးဝမလုပ်သင့်ဘူး။

ဗိုက်အငှားနဲ့ ဓားထိုးခံ
နောက်မလုပ်သင့်တဲ့ အချက်တစ်ခုကတော့ ဂျာနယ်မဂ္ဂဇင်းတစ်စောင်ကို နာမည်တပ်ပြီးဆန့်ကျင်ဝေဖန်တဲ့ (တစ်ခါတရံပုတ်ခတ်တိုက်ခိုက်တဲ့) စာမျိုးကိုကိုယ့်ဂျာနယ်မှာ ထည့်ပေးတာမျိုးဖြစ်တယ်။ ဒါမျိုးက 'ဗိုက်အငှားနဲ့ဓားထိုးခံသလို' ဖြစ်ရုံမက စာနယ်ဇင်းအချင်းချင်းစည်းမစောင့်ရာလည်း ရောက်တယ်။ နောက်တစ်ချက်ကတော့ ရိုက်မစစ်ရဘဲနဲ့ ကလောင်နာမည်ကို အလွယ်တကူ ဖွင့်ဟပြောကြားမှုမျိုးဖြစ်တယ်။ မြန်မာစာရေးဆရာအများစုဟာ 'ကလောင်အမည်' တစ်ခုခုခံယူပြီး စာရေးလေ့ရှိကြတယ်။ တချို့ကလောင်နာမည်တွေ အများကြီးထားပြီးရေးကြတယ်။ သူ့အကြောင်းနဲ့သူ အမျိုးမျိုးရှိကြတယ်။ တချို့ကလူမသိစေချင်လို့ ကလောင်နာမည်ခွဲပြီး ရေးတာမျိုးလည်းရှိတယ်။

အယ်ဒီတာဆိုတာ နှုတ်စောင့်စည်းရတယ်
ဒီလိုလူမသိစေချင်လို့ နာမည်ဝှက်နဲ့ရေးနေတာကို အယ်ဒီတာတွေက ခပ်လွယ်လွယ်၊ ခပ်ပေါ့ပေါ့နဲ့ လူရှေ့သူရှေ့မှာ ထုတ်ပြောလေ့ရှိကြတယ်။ ဒါဟာ အယ်ဒီတာတစ်ယောက် စောင့်ထိန်းရမယ့် ကျင့်ဝတ်စည်းကမ်းကိုဂရုမစိုက်၊ အလေးမထားရာရောက်ပါတယ်။ အထူးသဖြင့် ဝေဖန်ရေးစာမျိုးရေးတဲ့အခါ ရေးသူများဟာသူတို့ရေးမှန်း လူမသိစေချင်ကြပါဘူး။ ဒါကို အယ်ဒီတာက နှုတ်စောင့်စည်းရပါတယ်။ အဲဒီစာရေးတာ ဘယ်သူလဲလို့မေးသူကလည်း မမေးအပ်ပါဘူး။ စာရေးသူ အချင်းချင်း စောင့်ထိန်းအပ်တဲ့ကျင့်ဝတ်မျိုးပါ။

မြောင်းထဲရောက်ပြီမှတ်
ဂျာနယ်မဂ္ဂဇင်းသမားတစ်ယောက်ကိုသွားပြီး "စောင်ရေဘယ်လောက်ရှိသလဲ" ဆိုတဲ့မေးခွန်းမျိုးလည်း မမေးအပ်ဘူး။ သူတို့ဟာ သူတို့ပြောချင်ပြောပါစေ။ ကိုယ်ကတော့ မမေးအပ်ပါဘူး။ ဒါမျိုးကို လုပ်ငန်းလျှို့ဝှက်ချက် (Trade Secret)လို့ခေါ်ပါတယ်။ ဒီလိုကိစ္စမျိုးတွေက စာနယ်ဇင်းပညာ စာအုပ်ကြီးတွေထဲမှာ ဘယ်ပါမှာလဲ။ လူကြီးသူမတွေက လုပ်ရင်းကိုင်ရင်း လူငယ်တွေကို နှုတ်ကပြောကြ၊ ဆုံးမသွားကြတာပါ။ အခုခေတ်တော့ အဲဒီလိုဆုံးမသွန်သင်မယ့် လူကြီးသူမတွေရှိကြတော့တာ မဟုတ်လေတော့ လူငယ်လေးတွေမှာ စမ်းတ၀ါးဝါးနဲ့ မှားပြီးရင်းမှားနေကြတာတွေ့နေရတယ်။ လွန်ကဲလာတဲ့အခါ စာဖတ်ပရိသတ် မျက်စိဆံပင်မွေးစူးစရာဖြစ်လာတယ်။ အဲဒီကတစ်ဆင့်တက်ပြီး မျက်စိနောက်လာပြီဆိုရင်တော့ မြောင်းထဲရောက်သွားပြီသာမှတ်ပေတော့။

0 comments:

Post a Comment