Wednesday, September 22, 2010

ဗမာ့ခေတ်၊ ကြေးမုံမှ ခေတ်ပြိုင်သို့...အပိုင်း(၂)

မင်းဆွေသစ် / ၁၂ မေ ၂၀၀၈

(က)

“ဂျာနယ်မှ သတင်းစာသို့”

၁၉၅၆ ခုနှစ်၊ အောက်တိုဘာ (၂၂) ရက်။

ဗမာ့ခေတ်သတင်းစာ တာဝန်ခံအယ်ဒီတာအဖြစ်မှ နုတ်ထွက်ခဲ့ပြီး သူသည် ကြေးမုံဂျာနယ်အား ၁၉၅၆ ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်နေ့တွင် စတင်ထုတ်ဝေ၏။ အပတ်စဉ်ထုတ်သည့် ဂျာနယ်ဖြစ်သည်။ ဂျာနယ်က အပတ်စဉ်စောင်ရေ (၄,၅၀၀) ခန့်သာ ကုန်သည်။ မမြတ်သည့် အပြင် အနည်းငယ်ပင် ရှုံးသေးသည်။ ထိုစဉ်က ဂျာနယ်များသည် မဂ္ဂဇင်းနှင့် သတင်းစာများ အကြား၌ ညှပ်နေ၏။ (၅) လခန့် ထုတ်ပြီးနောက် ကြေးမုံဂျာနယ်အား ရပ်၍ ကြေးမုံသတင်းစာ အဖြစ်ထုတ်ရန် သူ ဆုံးဖြတ်လိုက်ရ၏။



ကြေးမုံသတင်းစာက တဦးတည်းပိုင် သတင်းစာမဟုတ်။ အစုစပ်ပိုင် သတင်းစာအဖြစ် ထုတ်ဝေ
၏။ ဦးပွင့်ကောင်း၊ မွန်စံလှိုင် တို့လည်း အစုရှယ်ယာပါဝင်ကြ၏။ (ဦး)ခင်မောင်ရီ၊ ဦးသော်၊ ဆရာ
ဇ၀နတို့က ကြေးမုံတွင် ကိုယ်တိုင်လည်း လုပ်ကြပြီး ရှယ်ယာလည်း ပါဝင်ကြသည်။ ပင်တိုင် ဆောင်းပါးရှင်များအဖြစ် ဒေါက်တာအေးမောင်၊ ရွှေဥဒေါင်း၊ ဇ၀န၊ မောင်ထင်၊ သိန်းဖေမြင့်၊ တက်တိုး၊ တင့်တယ်၊ မာလာ၊ သန်းဆွေ၊ သာဂဒိုးတို့ ရေးကြ၏။ ဆရာသုခက အပတ်စဉ် ၀တ္တုတို ရေး၏။ ကာတွန်းရုပ်ပြောင်များအား ကာတွန်းဦးဖေသိန်းနှင့် ဦးသန်းကြွယ်တို့က ဆွဲ၏။
၁၉၅၇ ခုနှစ် ဧပြီလ (၁၇) ရက်နေ့တွင် ကြေးမုံသတင်းစာအား သူ ဦးစီး၍ စတင်ထုတ်၏။

(ခ)

“ဒုတိယမယားအလိုရှိသည်”

၁၉၅၇ ခုနှစ်၊ မတ်လ။

၁၉၅၇ ခုနှစ် ဧပြီလ (၁၇) ရက်နေ့တွင် သူသည် ကြေးမုံသတင်းစာအား ဦးစီး၍ စတင်ထုတ်ဝေ၏။ ထိုစဉ်က ကြေးမုံတွင် သူပင် အယ်ဒီတာ၊ သူပင် သတင်းထောက်၊ သူပင် ဓာတ်ပုံဆရာ၊ သူပင် မန်နေဂျာ၊ သူပင် ထုတ်ပိုးသူ။ တဦးတည်း သေတ္တာမှောက် လုပ်နေရသည်။ ထိုစဉ်က သူ့အသက် သည် (၃၁) နှစ်ခန့်သာ ရှိသေး၏။

ကြေးမုံထွက်ပြီး တလခန့် တွင် ရန်ကုန်ထုတ်သတင်းစာများ၌ ထူးဆန်းသော ကြော်ငြာတပုဒ်ပါ လာ၏။
“ဒုတိယမယားအလိုရှိသည်”
ကြော်ညာက “သူ့၌ မယားရှိပါသည်။ သို့သော်လည်း ကျန်းမာရေးအခြေအနေအရ ဒုတိယ မယား လိုအပ်ပါသည်။ ဒုတိယမယားအဖြစ် ဖူးစာဆုံလိုသူများ တာမွေစာတိုက်မှတဆင့် “ဖူးစာရှင်” သို့ဟု စာရေးဆက်သွယ်ကြပါ”
ဤကြော်ငြာအား လူအများ စိတ်ဝင်စားကြ၏။ ထို့အတူ ကြေးမုံ၏ သေတ္တာမှောက် “သူ”လည်း စိတ်ဝင်စား၏။ သို့ဖြင့် သတင်းအစအားလိုက်၏။

ကြော်ငြာရှင်က မြန်မာအေးဆေးတိုက်ပိုင်ရှင် “ဆေးဦးအေးမောင်” ဖြစ်သည်။ နောက်နေ့ မျက်နှာ ဖုံးသတင်းအတွက် သူသည် ဓာတ်ပုံဆရာ ကိုရွှေမောင်အား ခေါ်၍ ရေကျော်ရှိ ဦးအေးမောင် တိုက်သို့ သွား၏။ ဦးအေးမောင်နှင့် တွေ့၏။ မေးမြန်း၏။ ဓာတ်ပုံရိုက်၏။ လျှောက်လွှာတင်သည့် ဖူးစာရှင် စာများအား ကြည့်၏။

အားလုံးပြီးစီးပြီးနောက် သူတို့ ကြေးမုံတိုက်သို့ ပြန်ခဲ့ကြ၏။ ကြေးမုံအဖို့ မျက်နှာဖုံးသတင်းထူး တပုဒ်ရပြီ။ သတင်းစာဖတ်သူများအဖို့ ရွှင်ပြုံးဖွယ် ဟာသဆန်သောသတင်း။ ပြီးလျှင် အညှီ အဟောက် အနံ့များလည်း ပါသေး၏။ ထိုစဉ်က ဗမာ့ခေတ်တွင် ၃-၄ လ ရေးခဲ့ရသော “သာဗိန္ဒ” သတင်းကြီးကဲ့သို့ ကြေးမုံသည်လည်း ဤသတင်းအား ဝေေ၀ဆာဆာ အခန်းဆက်ရေးနိုင်မည်။

ဤအတွေးနှင့် သူတို့နှစ်ယောက် ပျော်၏။ တိုက်သို့ရောက်ပြီး ဓာတ်ပုံများအား ဆေး၏။ ဓာတ်ပုံ များမှာလည်း ကောင်းလှ၏။

နောက်တနေ့ ကြေးမုံတွင် ဝေေ၀ဆာဆာပါတော့မည်။ ကြေးမုံတစောင်တည်းကိုယ်ပိုင် “ထူးဦး” သတင်းအဖြစ် ဖော်ပြနိုင်ပေတော့မည်။ အတွေးဖြင့် ပီတိဖြစ်နေမိ၏။

ညနေ (၅) နာရီခန့်တွင် “ထွန်း” နေ့စဉ်သတင်းစာမှ သတင်းထောက် ကိုတင်မောင်ကြီးမှ သူထံသို့ တယ်လီဖုန်းဆက်ပြီး “ယိ” ၏။
“ဟေ့ကောင် မင်းက ကြိတ်ပြီး ကြံသွားတာကိုးကွ” ပြောပြီး ဖုန်းချသွား၏။

သူသိလိုက်ပြီ။ ကြေးမုံ၏ “ထူးဦး” သတင်းအား ထွန်းနေ့စဉ်မှလည်း ရသွားပြီ။ သူ၏ “ထူးဦး” သတင်းကြီးသည် ထွန်းနေ့စဉ်တွင်လည်းပါလာမည်။ ဤသို့ဆိုလျှင်...ကြေးမုံ၏ “ထူးဦး” သတင်းသည် “ထူးဦး” မဖြစ်တော့... သာမန်သတင်းမျှသာ ဖြစ်ပေတော့မည်။ တောက် ....။ ဒီသတင်း ထွန်းနေ့စဉ်မှာ မပါစေရဘူး။ ကြေးမုံတစောင်တည်းမှာပဲ ပါရမယ်။ သူဆုံးဖြတ်ချက်ချ၏။ ပြီးလျှင် ကြေးမုံနှင့် ထွန်းနေ့စဉ် သတင်းစာတိုက်တို့၌ အလုပ်လုပ်နေသည့် စက်ဆရာ တဦးအား စေခိုင်း၏။
“ထွန်းနေ့စဉ်ရဲ့ မျက်နှာဖုံးဖောင်ကိုဖြိုကွာ...”

(ဂ)

စိန်ဓားမြှောင်

၁၉၅၇ ခုနှစ်၊ ဇွန်လ...။

ဇွန်လ (၄) ရက်နေ့တွင် ရန်ကုန်မြို့လယ် ဗိုလ်ချုပ်လမ်း၌ ဆေးလိပ်ခုံပိုင်ရှင်သူဌေး ဒေါ်စိန်ညွန့် အိမ်အား ဓားပြတိုက်၏။ စိန်၊ ရွှေ၊ ငွေ (၆) သိန်းကျော်ဖိုးမျှ ပါသွား၏။

နေရာက ရန်ကုန်မြို့လယ်။ တန်ဖိုးက များ၏။ တိုက်ပုံက ပိရိသေသပ်သည်။ ထိုအချိန်၌ ဓားပြ တိုက်မှုသတင်းသည် သတင်းကြီးဖြစ်၍နေသည်။

ရဲတို့က ဓားပြဗိုလ်အား ဇွန်လ (၉) ရက်နေ့တွင်ပင်ဖမ်းမိခဲ့၏။ ဓားပြဗိုလ်က “စိန်ဓားမြှောင်” ဖြစ် သည်။ စိန်ဓားမြှောင်က နာမည်ကြီး ဓားပြဗိုလ်ဖြစ်သည်။ ရသေ့ကြီး ဦးခန္တီ၏ မန္တလေးတောင် အလှူငွေတိုက်အား ဓားပြတိုက်မှုမှ စ၍ ဓားမြမှုပေါင်းများစွာအား ကျူးလွန်ခဲ့သူ...။

ဤသတင်းအား သတင်းစာများက ဖော်ပြကြ၏။ ကြေးမုံသည်လည်း ဤသတင်းအား ဖော်ပြမည်။ သို့သော်... သတင်းဓာတ်ပုံနှင့် ဖော်ပြလို၏။ သို့နှင့်ရဲများကို စိန်ဓားမြှောင်၏ ဓာတ်ပုံတောင်း၏။ မရ...။

သူ...စဉ်းစားကြံဆရပြီ။

“စိန်ဓားမြှောင်” က ဓားပြဗိုလ် မဖြစ်မီ ဆေးဆရာ ဆရာသိန်းဖြစ်ခဲ့၏။ ဆေးဆရာအဖွဲ့တွင် ဆရာ သိန်း၏ဓာတ်ပုံ ရှိနိုင်မည်။
သူ... ရေကျော်ရှိ ဆေးဆရာအဖွဲ့သို့ သွားပြီး ဆရာသိန်း၏ ပုံအား ရှာ၏။ မတွေ့ခဲ့....။ ဆေးဆရာ အဖွဲ့က သူ့အားအကြံပေး၏။ ဆေးဆရာများအားလုံး အစိုးရ၏ ကျန်းမာရေး ၀န်ကြီးဌာနတွင် မှတ်ပုံတင်ကြရ၍ အစိုးရထံတွင် ရှိနိုင်မည်။

သူ...တိုင်းရင်း-မြန်မာ ဆေးဆရာအဖွဲ့ မှတ်ပုံတင်ရုံးသို့ သွား၏။ အရာရှိက အထက်မှ ခွင့်ပြု ချက်မရဘဲ ဖိုင်များအား မပြနိုင်ပါဟု ဆိုပြန်၏။ သူ ကျန်းမာရေးဝန်ကြီးထံသို့ ပြေးရပြန်၏။
ထိုစဉ်က ကျန်းမာရေးဝန်ကြီးက ဒေါက်တာ စိန်ဘန်း။

ဒေါက်တာစိန်ဘန်းနှင့် တွေ့ရန် စောင့်ရပြန်၏။ တွေ့ခွင့်ရတော့ ၀န်ကြီးက ဈေးဆစ်နေသည်။ ပြန်ကြားရေးဝန်ကြီးက ထောက်ခံရင် ပေးမည်ဟု ဆို၏။ သူ ပြန်ကြားရေးဝန်ကြီးထံသို့ သွား ပြန်သည်။ ပြန်ကြားရေးဝန်ကြီးက သခင်ချစ်မောင်ဖြစ်သည်။ သခင်ချစ်မောင်နှင့်သူတွေ့၏။ ရှင်းပြ၏။ သခင်ချစ်မောင်က သဘောတူပြီး ဒေါက်တာစိန်ဘန်းထံ စာရေးပေးလိုက်၏။ သူ ဒေါက်တာစိန်ဘန်းထံ ပြန်လာပြန်၏။ ဒေါက်တာ စိန်ဘန်းက မှတ်ပုံတင် အရာရှိထံ စာရေး ပေးလိုက်၏။

“ယခုစာပါသူ ကြေးမုံသတင်းထောက်အား လိုရာပုံ ထုတ်ပြလိုက်ပါ”
မှတ်ပုံတင်ရုံးမှ ဖိုင်များအား သူကြည့်ခွင့်တော့ရပြီ။ သို့သော်။ မှတ်ပုံတင်ထားသည့် ဆေးဆရာ ပေါင်းက (၂၂,၅၈၃) ဦး။ အမည် အက္ခရာ မစဉ်ထား။ ကောက်ရိုးပုံထဲ အပ်ရှာရသည်ကဲ့သို့...။

အချိန်က မွန်းလွဲ (၂) နာရီခွဲရှိပြီ။ ဆရာသိန်းအမည်ခံ ဆေးဆရာများကလည်း ရှိသေး၏။ ဓားပြ ဗိုလ် ဆရာသိန်းဆိုသူအားလည်း မြင်ဖူးသည်မဟုတ်။ မတတ်နိုင်။ ဖိုင်တခုပြီး တခုဖွင့်၏။ တရွက်ပြီး တရွက် လှန်၏။ ဓာတ်ပုံတပုံပြီး တပုံကြည့်၏။ မတွေ့သေး။ ရုံးဆင်းချိန်ရောက်ပြီ။ ရုံးအရာရှိ ပြန်၍သွားပြီ။ ရုံးစာရေးတဦးအား အစောင့်အဖြစ် ထားခဲ့၏။ ရုံးစာရေးအား လက်ဖက်ရည်တိုက်၍ ဆွဲထားရသည်။

ညနေ (၅) နာရီခွဲပြီ။ သူကြည့်ပြီးသည့်ဖိုင်ကား နှစ်သောင်းပြည့်လုပြီ။ ဆရာသိန်းအား မတွေ့သေး။ သူ့အနံ့အား ရပြီး ဗမာ့ခေတ်နှင့် အခြားသတင်းတိုက်တို့မှ သတင်းထောက်များ ရောက်လာကြ၏။ သူတို့လည်း ဓားမြဗိုလ် ဆရာသိန်း၏ ဓာတ်ပုံအား ရှာကြမည်။ သူကား သူ့ကြည့်ပြီးသား ဖိုင်နှစ် သောင်းခန့် အပုံအား နောက်ရောက်လာသည့် သတင်းထောက်များအား ရှာရန် အပ်လိုက်၏။ ထိုအထဲတွင် ဆရာသိန်းမရှိ။ သူတို့က မသိရှာ။ ရှာကြ၏။ သူမကြည့်ရသေးသော ဖိုင်အား ဆက်၍ ရှာသည်။

ညနေ (၆) နာရီ...။
တွေ့ပြီ။

၁၁၊၁၊၁၉၅၆ နေ့စွဲဖြင့် မှတ်ပုံတင်ထားသည့် ဆရာသိန်း၏ပုံ...။ ကိုယ်ရေးအကြောင်းအရာ အစုံ လည်းပါ၏။ အခြားသတင်းထောက်များကမူ သူရှာပြီးသား ဆရာသိန်း မပါရှိသည့် ဖိုင်များအား ကုန်း၍ ရှာနေကြဆဲ ....။

သူ ဘာလုပ်မည်နည်း...။ မပေးနိုင်။ သူ တနေ့ကုန် ပင်ပန်းကြီးစွာ လုံ့လပြုထားခဲ့ရမှုအား ခွဲမပေး နိုင်။

သူ ဓားပြဗိုလ် ဆရာသိန်း၏ ဖိုင်အား ပိုက်၍ ရုံးခန်းအတွင်းမှ ပြတင်းပေါက်အား ကျော်ပြီး ထွက်ခဲ့၏။ ကြေးမုံတိုက်သို့ သူပြန်ရောက်တော့ ညနေ (၆း၄၅) မိနစ်ရှိပြီ။ ဓာတ်ပုံအား ချက်ချင်း “ဘလောက်” လုပ်သည်။

ည (၈) နာရီခန့်တွင် ဗမာ့ခေတ် အယ်ဒီတာချုပ် ဦးအုန်းခင်က လူလွှတ်၍ ဓားပြဗိုလ်၏ဓာတ်ပုံအား ဗမာ့ခေတ်သို့လည်း ပေးရန် သူ့ထံမှ တောင်း၏။ သူမပေး။ ငြင်းလိုက်သည်။ ဦးအုန်းခင်ကလည်း လက်မလျော့ ကျန်းမာရေး ၀န်ကြီးထံ သွား၍တိုင်သည်။ ၀န်ကြီးက အစိုးရပိုင်ပုံဖြစ်၍ ဗမာ့ခေတ် ကိုလည်းပေးရန် သူ့ထံ စာပို့သည်။ ဖုန်းဆက်၍လည်းပြော၏။ သူ မပေးနိုင်။ ဤဓာတ်ပုံအား ကြေးမုံသတင်းစာတစောင်တည်းမှာပင် ဖော်ပြလို၏။

နောက်ဆုံး သူ တောင်းသူများနှင့် အဆက်အသွယ် ပြတ်နိုင်ရန် ဓားပြဗိုလ်ဆရာသိန်း၏ဖိုင်အား လွယ်အိတ်တွင်ထည့်၍ ရုပ်ရှင်ညပွဲ သွား၍ ကြည့်နေလိုက်သည်။

(ဃ)

“(၁၃) ဦးသတင်း”

၁၉၆၁ခုနှစ်။

ဧရာဝတီ ရေတပ်စခန်းတွင် တပ်မှူးများ ညီလာခံအား ကျင်းပ၏။ ညီလာခံက အရင်ညီလာခံများ နှင့်မတူ။ သိုသိုသိပ်သိပ် ရှိလှ၏။ ဤသည်ကို သူ သတိထားမိ၏။ အရင်သူ၏ သတင်းလမ်းကြောင်း များသည်လည်း နုတ်ဆိတ်၍ နေနေကြ၏။ ဤသို့ဆိုလျှင် သတင်းသည် ထူးမည်။ သူက လျှို့ဝှက် လေ၊ ဖိလိုက်လေ နောက်ဆုံး သူ သတင်းတပုဒ်လုံးအား ရလာခဲ့၏။

သတင်းမှာ တတိုင်းတပြည်လုံး တုန်လှုပ်စေသည့် “တိုင်းတုန်” သတင်းမျိုး။ ဤသတင်းအား သူတဦးတည်းသာ ရထား၏။ ကြေးမုံတစောင်တည်း၌သာ ဖော်ပြနိုင်မည့် “ထူးဦး” ၊ “တိုင်းတုန်” သတင်း။ သူ ရင်ခုန်မြန်နေ၏။

အချိန်ကား ည (၁၀) နာရီသာ ရှိသေး၍ နောက်နေ့ထုတ် ကြေးမုံတွင် ဖော်ပြနိုင်ရန် အချိန်မီ သေး၏။ ကြေးမုံသတင်းစာတိုက်သို့ သူပြန်ရောက်သည်နှင့် သူ့သတင်းအား အယ်ဒီတာ (ဦး) ခင်မောင်ရီ တဦးတည်းကိုသာ အသိပေးလိုက်၏။

“တည စောင့်ကြည့်ပါအုံးစို့လားဗျာ...”

(ဦး)ခင်မောင်ရီက တုန်တုန်ရီရီနှင့် ပြောသည်။ သူတို့နှစ်ဦး စဉ်းစားကြသည်။ နောက်ဆုံး သူရ လာသည့် သတင်းအား တည ဆိုင်းထားရန် ဆုံးဖြတ်လိုက်ကြသည်။

နောက်နေ့တွင် ကြေးမုံ၏ ဓာတ်ပုံသတင်းထောက် (ကို) ရွှေမောင်အား သူလိုချင်သည့် ဓာတ်ပုံ များအား ရှာခိုင်း၏။ ညနေတွင် ဓာတ်ပုံ “ဘလောက်” အားလုံး လုပ်၍ပြီးပြီ။ (ကို) ရွှေမောင်ကိုမူ သတင်းအကြောင်း အသိမပေး ။

သတင်းကမူ မနေ့ညကတည်းက ရေးပြီးဖြစ်၏။ ည (၁၂) နာရီတွင်မူ ကြေးမုံသတင်းစာ၌ “တိုင်းတုန်” သတင်းကြီးအား ပုံနှိပ်ပြီးဖြစ်လေပြီ။ သို့သော် ....။
သူနှင့် (ဦး) ခင်မောင်ရီတို့ စိတ်၌ ထင့်နေသေး၏။ အကယ်၍များ အခြားသတင်းစာများမှလည်း သူတို့ကဲ့သို့ပင် ဤသတင်းအား ရ၍ ပုံနှိပ်ပြီးဖြစ်ခဲ့လျှင်...။

“နေးရှင်းနဲ့ အထောက်တော် က ရနိုင်တယ်ဗျ... သူတို့ရမရ သိချင်တယ်ဗျာ”
သူက (ဦး) ခင်မောင်ရီအားပြော၏။
မကြာ...။
သူတို့နှစ်ယောက် လမ်း(၄၀) ရှိ နေးရှင်းသတင်းစာတိုက်သို့ ရောက်သွားကြ၏။ မသိမသာ နေးရှင်းသတင်းစာမျက်နှာဖုံးအား ခိုးကြည့်ကြ၏။ မတွေ့ရ...။

သူတို့ရင်ထဲ၌ အလုံးတလုံး ကျသွား၏။ မပြီးသေး...။ (၃၉)လမ်းရှိ အထောက်တော် သတင်းစာ တိုက်သို့ သွားကြပြန်၏။ အထောက်တော် သတင်းစာတွင်လည်း ထိုသတင်းမပါ။ စိတ်အေးရပြီ။ ကြေးမုံတစောင်တည်းမှ ဖော်ပြပါရှိမည့် “တိုင်းတုန်” သတင်းကြီး...။

“တပ်မတော်မှ ထိပ်သီး အရာရှိကြီး (၁၃) ယောက်အား တပ်မှ နုတ်ထွက်စေသည့် သတင်း...”

(င)

“အင်းစိန်တောရ”

၁၉၆၄ခုနှစ်၊ သြဂုတ်လ (၂၀)ရက်။

သူ၏ သတင်းစာဆရာ ဘ၀များအတွင်း၌ အင်းစိန်တောရ၏ ကျောင်းနှုတ်ခမ်းဝသို့ ရောက်ခဲ့ရ သည်များက အကြိမ်ကြိမ်ပင်။ ၁၉၅၆ ခုနှစ် (၇) တန်း မေးခွန်းပေါက်ကြားမှုသတင်းနှင့် ပတ် သက်၍ ပြန်ကြားရေးဝန်ကြီး ဦးထွန်းဝင်းက သူ့အား အစိုးရလျှို့ဝှက်ချက် ပေါက်ကြားမှု ဥပဒေ
နှင့် ဖမ်းဆီးရန်ကြံ၏။ အာမခံရ၍သာ ထောင်အတွင်း မရောက်ခဲ့ရခြင်း ဖြစ်သည်။

၁၉၅၉ ခုနှစ် မတ်လတွင်မူ ကြေးမုံသတင်းစာအား ချိပ်ပိတ်၏။ တာဝန်ခံအယ်ဒီတာ ဦးကြည် မြင့်အား ဖမ်း၏။ သူ့အားလည်း ဖမ်းရန်ရှာ၏။ သူက အဖမ်းမခံဘဲ ၀ရမ်းပြေးနေခဲ့သည်။ ၁၉၆၂ ခုနှစ် ဗိုလ်နေ၀င်း အာဏာသိမ်းပြီးနောက် တော်လှန်ရေး အင်အားစုများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းသည်။ အလံနီ ကွန်မြူနစ်ပါတီမှ ဗိုလ်နေ၀င်းတို့ အဖွဲ့နှင့် ဆွေးနွေးရန် ရန်ကုန်သို့လာ၏။ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်က ရဲနီကျော်ဝင်း။ ရဲနီကျော်ဝင်းက သူနှင့်မိတ်ဟောင်း ဆွေဟောင်း၊ ရဲဘော် ရဲဘက်ဟောင်း။ သို့နှင့် ရန်ကုန်တွင် သူနှင့် ရဲနီ
ကျော်ဝင်းတို့ မကြာမကြာ တွေ့ဆုံကြ၏။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်သည့်အခါ၌ သူ့အား ဗိုလ်နေ၀င်းမှ ထိန်းသိမ်းရန် ရှာ၏။ သူကား အဖမ်းမခံ။ ရှောင်ပုန်း၍ နေခဲ့သည်။ (၆) လခန့် ၀ရမ်းပြေးဘ၀နှင့်။ ၁၉၆၄ခုနှစ်၊ သြဂုတ်လ (၂၀) ရက်နေ့။ နေ့စဉ် နံနက် (၅) နာရီခန့် နိုးနေကြ။ သူသည် ဤနေ့ နံနက်တွင်မူ စောစီးစွာမနိုး။ သူ့ အိမ်မှ ထမင်းချက်သည့်သူမှ သူ့အခန်းတံခါးအား လာခေါက်၍ နိုးမှ နိုးတော့၏။ ဧည့်ခန်းတွင် ဧည့်သည်များစောင့်နေသည်ဟု ဆိုသည်။

သူ...သိလိုက်ပြီ။
ငါ့ကိုဖမ်းဖို့လာတာပဲ။ အလိုလို စိတ်အသိက သိလိုက်၏။ သို့သော်... မတတ်နိုင်။ ယခင်အကြိမ်များ ကဲ့သို့ ရှောင်ချိန်တိမ်းချိန်မရတော့။ သူ့အား စုံထောက်များက ဖမ်းလိုက်ကြ၏။ ပထမ ဘောင်ဒရီ လမ်းသို့ ပို့သည်။ ထိုမှတဆင့် အင်းစိန်ထောင်သို့။ အင်းစိန်ထောင်သို့ ရောက်သည်။ သူ့အရင် စောစီးစွာရောက်နှင့်ကြသည့် ဒဂုန်တာရာ၊ အထောက်တော်လှအောင်၊ (ကို) ခင်မောင်ရီတို့က သူအား သံတိုင်အကြားမှ ပြုံး၍ နုတ်ဆက်ကြ၏။

ထောင်စာရင်းသွင်းရန် ထောင်ရုံးခန်းအတွင်း သူ့အား ထိုင်စေ၏။ ထောင်စာရင်းသွင်းရန်အတွက် စောင့်ရပြန်၏။ အချိန်တို့က ကြာသည်။ စားပွဲပေါ်ရှိ လုပ်သားပြည်သူ့ သတင်းစာအား ဆွဲယူ၍ ဖတ်ကြည့်မိသည်။

“ဟေ့လူ...ဒါ ထောင်ဗျ၊ ထောင်။ ဒီသတင်းစာကို ခွင့်မရှိဘဲ မဖတ်ရဘူး။ ထောင်ထဲမှာ ခွင့်မရှိဘဲ ဘာမှ မလုပ်ရဘူး။ နားလည်လား”
ထောင်မှူးဆိုသူက သူ့အား ကြိမ်း၏။
သူ ...နားလည်လိုက်၏။
သူ....၌ လွတ်လပ်မှုဟူသမျှ မရှိတော့ပြီ...။

(စ)

တဘ၀လုံးရင်းခဲ့သူ

လွတ်လပ်မှုဟူသမျှ ဆိတ်သုဉ်းသည့် ဗိုလ်နေ၀င်း၏ စစ်ဖိနပ်အောက်၌ သူသည် မည်သို့မျှ
အံမ၀င်၊ ရှင်သန်၍မရ ....။ သူကား ....မြင်သလိုရေးမည်။ ယုံကြည်သည့်အတိုင်း ဖော်ထုတ်မည်။ မြင်ရဲ၏။ တွေးရဲ၏။ ရေးရဲ၏။ သူ့ကလောင်က... ကလောင်နီ။ သို့သော်...အိုးဝေ (ဦး) ညိုမြ ရေးသလို လက်ဝဲယိမ်းသည့် အလံနီကလောင်ဟူ၍မဟုတ်။ ရေးရဲသော ရဲရဲနီသည့် ကလောင်နီ။
“ဒေါင်းအိုးဝေ”တွင် ရေး၏။
“Voice of Burma” တွင် ရေး၏။
“ခေတ်ပြိုင်တွင် ပင်တိုင်ဆောင်းပါးများရေးသည်။ ပြီးလျှင်... အယ်ဒီတာချုပ်အဖြစ်လည်း ဆောင် ရွက်၏။”

ဗိုလ်နေ၀င်းအကြောင်းအား နှိုက်နှိုက်ချွတ်ချွတ်ဖွင့်ချ၏။ ဒေါင်းအိုးဝေတွင် ရေးခဲ့သည့် “ချိပ်စု ရှု့မောင်” သည် ဟာသလည်းပါပြီး ဗိုလ်နေ၀င်း၏ အကျင့်ဆိုးကိုလည်း ဖွင့်ပြ၏။ တချိန်က “လက်နက်နှင့် ဒီမိုကရေစီလဲမည်” စစ်တမ်းနှင့်အတူ လက်နက်ကိုင်အဖွဲ့များ လက်နက်ချခဲ့ကြ၏။ ပထစအစိုးရက လက်နက်ချသူများအား အခမ်းအနားတွင် ဖော့ဦးထုပ်တလုံးစီဝေ၏။ ထိုအခါ သူက ကြေးမုံမှ ဝေါဟာရအသစ်ထွင်၍ သတင်းရေးသည်။

“လက်နက်နှင့် ဖော့ဦးထုပ်လဲမည်”
ယခုလည်း (နအဖ) စစ်အုပ်စု၏ အမျိုးသားညီလာခံနှင့် ဖွဲ့စည်းပုံသစ်အား ခေတ်ပြိုင်မှနေ၍ ...
“တစ်မတ်သားအစိုးရ” ၊“တမတ်သား ပါလီမန်” ဟူ၍ ဝေါဟာရသစ်ပေးပြန်၏။

ပြည်သူအတွင်း ရှင်း၏။ သူကား... ၂၀၀၈ ခုနှစ် ဧပြီလ (၄) ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်၌ ကွယ်လွန်ခဲ့လေပြီ။ ကွယ်လွန်ချိန်၌ အသက် (၈၂) နှစ်ရှိပြီ။ လူ့ဘ၀ သက် တမ်းတလျှောက်လုံး၌ သူကား သတင်းစာနယ်ဇင်းဘ၀ထဲ၌ပင် သူ့ဘ၀အား တဘ၀လုံး ရင်းခဲ့သူ။

မြေ၀သုန်ရေ...
ဂုဏ်ပြုအပ်တဲ့ ဧည့်သည်ယောက်ကို
ဆီးကြိုပေတော့...။
(အော်ဒင် )

ကိုးကား-
-ကြေးမုံဦးသောင်း၏ ဗမာ့ခေတ်မှ ကြေးမုံသို့
-အောင်ဗလ၏ ဧ၀ံမေသုတံ
- အောင်ဗလ၏ နိုင်ငံ့အရေး

0 comments:

Post a Comment