Friday, September 3, 2010

ဓနသဟာယ အားကစားပြိုင်ပွဲအတွက် အသုံးစရိတ်များ အမြောက်အမြား သုံးစွဲခြင်းကို အိန္ဒိယ စီးပွားရေးလုပ်ငန်းရှင် တစ်ဦး ဝေဖန်


အိန္ဒိယတွင် ဓနသဟာယ အားကစားပြိုင်ပွဲအတွက် အသုံးစရိတ် အမြောက်အမြား သုံးစွဲခြင်းကို ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ဝေဖန်ရေးသားခဲ့ပြီး ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးအတွက် ယင်းငွေများကို သုံးစွဲသင့်ကြောင်း ပြောကြား ခဲ့သည်။

အိန္ဒိယ၏ ဆော့ဖ်ဝဲကုမ္ပဏီကြီး Wipro ၏ ဥက္ကဋ္ဌ အာဇင်ပရန်ဂျီ က အခြေခံ အဆောက်အအုံ စီမံကိန်းများကိုပါ ထည့်သွင်းတွက်ချက်ပါက အားကစားပြိုင်ပွဲအတွက် အသုံးစရိတ်သည် အစိုးရက ခန့်မှန်းထားသည်ထက် နှစ်ဆပိုမိုပြီး ဒေါ်လာ ၆ ဘီလျံ ရှိကြောင်း Times of India သတင်းစာ မျက်နှာဖုံးတွင် ဆောင်းပါးရေး၍ ဝေဖန်ခဲ့သည်။ အိန္ဒိယနိုင်ငံ ကျေးရွာများတွင် အခြေခံကျောင်းများနှင့် ကျန်းမာရေးဌာနများ တည်ထောင်ရာတွင် ယင်းငွေများကို အသုံးပြုနိုင်ကြောင်း မစ္စတာ ပရန်ဂျီက ထောက် ပြခဲ့သည်။ အိန္ဒိယ ဒုတိယ အချမ်းသာဆုံးပုဂ္ဂိုလ်ဟု Wipro မဂ္ဂဇင်းက သတ်မှတ်ထားသော မစ္စတာပရန်ဂျီသည် Wipro ဆော့ဖ်ဝဲကုမ္ပဏီကို နိုင်ငံတကာအဆင့်၌ အောင်မြင်မှုရစေရန် ဦးဆောင်ခဲ့သူ ဖြစ်သည်။

ရိုးရှင်းသော ဘ၀နေထိုင်မှုကြောင့် လူသိများသည့် အသက် ၆၅ နှစ်အရွယ် ပရန်ဂျီ က ဓနသဟာယ အားကစားပြိုင်ပွဲသည် ဆောင်ရွက်ထိုက်သော လုပ်ငန်းကြီး တစ်ရပ်ဖြစ်ကြောင်း သို့သော် ပြိုင်ပွဲအတွက် ကသောင်းကနင်း ပြင်ဆင်မှုများ၊ များပြား လွန်းသော ကုန်ကျစရိတ်များသည် အိန္ဒိယ၏ စစ်မှန်သော လိုအပ်ချက်များနှင့် ရင်း၍ ပေးဆပ်ခဲ့ရကြောင်း ပြောကြားခဲ့သည်။ အောက်တိုဘာလ ၃ ရက်နေ့တွင် ကျင်းပမည့် ဓနသဟာယ အားကစားပြိုင်ပွဲသည် အဓိက ဆောက်လုပ်ရေး လုပ်ငန်းများ နှောင့်နှေးမှု၊ ခြစားမှု စွပ်စွဲချက်များဖြင့် ရင်ဆိုင်နေရသည်။

0 comments:

Post a Comment