Friday, September 3, 2010

သက်သတ်လွတ်စားတဲ့ ကျားရှိသလား (လူထုစိန်ဝင်း)

ဒီနှစ်မရမ်းသီး ပေါ်တာနောက်ကျတယ်။ ဇန်န၀ါရီတစ်ဝက်ကျိုးမှ စပေါ်တယ်။ ခါတိုင်းနှစ်တွေဆို ဒီဇင်ဘာမကုန်ခင်စပေါ်တာ။ စပေါ်တဲ့နေ့မှာ ဈေးကတစ်ဆယ်သား ၂၀၀၀ တဲ့။ မနှစ်ကထက် ၅၀၀ ပိုများတယ်။ တရရနဲ့ တစ်မေးတည်းမေးနေတာကြောင့် စတွေ့တဲ့နေ့မှာ ပဲကလေးတွေက၀ယ်လာကြတယ်။ ဈေးထဲမှာရှိသေးသလားမေးတော့ ရှိတော့ရှိသေးတယ်။ သိပ်များများတော့ မဟုတ်ဘူးတဲ့။

ပေါ်ဦးပေါ်ဖျား


အဲဒါကြောင့် ပြေးစမ်းပါဦးဟဲ့ ဆိုပြီး ချက်ချင်းသွားဝယ်ခိုင်းရတယ်။ ရခဲ့လို့ တော်ပါသေးတယ်။ ဒါတောင် ငါးဆယ်သားရဖို့ သုံးဆိုင်ခွဲဝယ်ခဲ့ ရတာတဲ့။ ပေါ်ဦးပေါ်ဖျားဆိုတော့ ရှားတယ်လေ။ ပေါ်ဦးပေါ်ဖျားဆိုတာက အိမ်နားက ဘိုကလေးဈေး နဲ့ ၃၈ လမ်းဈေးတစ်ခုခုမှာ စရောင်းတဲ့နေ့ကိုပြောတာပါ။ တခြားနေရာများတော့ မသိနိုင်ပါဘူး။ မရမ်းသီးပေါ်ပေါ် သရက်ကင်းလေးတွေပဲ စတွေ့တွေ့၊ ဦးဦးဖျားဖျားမန္တလေးက ဒေါ်ဒေါ်လူထုဒေါ်အမာဆီပို့ မြဲဖြစ် လေတော့ ဒီဝတ္တရားကို မပျက်မကွက်ချင်ဘူး။ ဒေါ်ဒေါ်ရှိစဉ်က မန္တလေး မှာ တမာရွက်ပဲပေါ်ပေါ်၊ ပုရစ်ပဲပေါ်ပေါ် ပေါ်ဦးပေါ်ဖျား ဒေါ်ဒေါ်က နှစ်တိုင်းမပျက်မကွက် ပို့ခိုင်းတတ်တာ ဖြစ်တယ်။ အောင်ဒင် သရက်သီးဆို လည်း နှစ်စဉ်ပျက်တယ်မရှိရပါဘူး။ ဒေါ်ဒေါ်မရှိတော့လည်း သမီးတွေက ၀တ္တရားမပျက်ရှာကြဘူး။ သမီးကြီး ကပို့လိုက်၊ သမီးငယ်နှစ်ယောက်က ပို့လိုက်နဲ့ တစ်လနှစ်ကြိမ်လောက်ကတော့ အနည်းဆုံးအောင်ဆန်းကွင်း ကားဂိတ်ကို သွားယူနေရတာ။ ကိုယ့်ဘက်ကတော့ သရက်ကင်းလေး၊ မရမ်းသီးလေးပေါ်ဦးပေါ်ဖျားများ တစ်နှစ်တစ်ခါလောက် ပို့ရတာ။ မန္တလေးက တော်တော်လေး နောက်ကျမှ ပေါ်တယ်။


တုံ့လှယ်မေတ္တာ


ဒီကြားထဲလူကြုံကောင်းလို့ ထည့်ပေးလိုက်တာမျိုးတွေကလည်း ပြတ်တယ်မရှိဘူး။ နှမတွေဆီပို့ရင်း နဲ့ တစ်လက်စတည်း ယုန်သားကင် ပို့ပေးတဲ့ မိတ်ဆွေအတွက်ပါ ထည့်ပေးလိုက်ရသေးတယ်။ တုံ့လှယ် မေတ္တာဆိုတဲ့ သဘောကရှိတယ် မှုတ်လား။ မြန်မာပီပီမေတ္တာတန်ခိုးတော့ ကောင်းကောင်းယုံတယ်။ ကိုယ်က သူတစ်ပါးအပေါ် စစ်မှန်တဲ့မေတ္တာထားရင် ကိုယ့်အပေါ်စစ်မှန်တဲ့မေတ္တာ ထားသူတွေလည်း ရှိလာမြဲဖြစ်တယ်။ အခု ဒီစာရေးရင်းတောင် မန္တလေး VECကျောင်းက ဆရာမကြီး ဒေါ်ဝင်းဝင်းမေ ပို့လိုက်တဲ့ ငချိတ်ထမနဲစားရင်း ကော်ဖီသောက်နေတာ။ အဲဒီ ဆရာမကြီးကလည်း လူကြုံရှိတိုင်း စားသောက်ဖွယ်ရာလေးတွေ ပို့နေ ကျ။သူတို့တင် မကပါဘူး။တစ်ခါမှ မမြင်ဖူး၊ မတွေ့ဖူးတဲ့ စာဖတ် ပရိသတ်များဆီကလည်း သူတို့ဒေသထွက် စားကောင်းသောက်ဖွယ် တွေ မကြာခဏ ရောက်လာတတ်ပါ တယ်။ အညာဒေသ ကျောက်ပန်းတောင်းက ရောက်လာလိုက်၊ မကွေးက ရောက်လာလိုက်၊ ရှမ်းပြည်နယ် တောင်ကြီးက ရောက်လာလိုက်၊ ပြင်ဦးလွင်နဲ့ သီပေါ၊ ကျောက်မဲက ရောက်လာလိုက်နဲ့ သိပ်မပြတ်လှပါဘူး။


မေတ္တာတွေအနန္တကြောင့်


''မေတ္တာကိုကိုက်စားလို့မရဘူး။ ပိုက်ဆံရှိမှဝမ်းဝတာ'' လို့ တချို့က ပြောတတ်ကြတယ်။ ပိုက်ဆံရှိလို့ ဗိုက်ဝပေမယ့် အသက်ရှည်အောင်တော့ လုပ်မပေးနိုင်ဘူး။ မေတ္တာနဲ့ ထမင်းမ၀ပေမယ့် အသက်ရှည်ပြီး စိတ်ချမ်းသာအောင်တော့ တတ်နိုင်တယ်လို့ပြောချင်တယ်။ ကိုယ်တွေ့ ပါ။ ကိုယ်တိုင်က သုံးကြိမ်သုံးခါ သေရွာပြန်ပါ။ အပယိကဖြစ်တာတွေက တော့ မရေတွက်နိုင်တော့ဘူး ပြောရမှာပါ။ တစ်သက်လုံး သတင်းစာအလုပ်ထဲ စွဲမြဲနေတာကြောင့် ဘာရာထူး၊ အာဏာမျိုးမှလည်း မရှိခဲ့ဖူးပါဘူး။ လူတိုင်းကသေမယ်လို့ ထင်ခဲ့ကြတဲ့ အကြိမ်တွေလည်း မနည်းပါဘူး။ ဒါပေမဲ့ အောက်စီဂျင်ပိုက်တန်းလန်းနဲ့ တစ်နေ့ ဆေးအမျိုးပေါင်း ၁၇ မျိုး သောက်ပြီး နေလာခဲ့တာ အခုအသက် ၇၀ ထဲရောက်ပါပြီ။ မှန်တာပြောရ ရင် ဆေးတွေကြောင့် အသက်ရှင်နေတာလို့ ကိုယ့်ဟာကိုယ်တော့ မထင်ဘူး။ မေတ္တာ၊ မေတ္တာတွေအနန္တကြောင့် ခုထိအောင် အသက်ရှည်နေ တာလို့ ထင်ပါတယ်။


ကဲ ဘာလိုသေးလဲ


ကြည့်လေ။ အထူးကုသမား တော် ဆရာဝန်မလေးက ပင်ပန်းမှာစိုးလို့ ဆိုပြီး သူအနားယူတဲ့တနင်္ဂနွေနေ့တိုင်း အိမ်အရောက်လာပြီး ကြည့် ပေးတာ။ ခွဲဖို့စိတ်ဖို့ ကိစ္စပေါ်လာတော့လည်း ခွဲစိတ်ဆရာဝန်ကြီးက တစ်ပြားတစ်ချပ်မှမယူဘဲ မေတ္တာနဲ့ခွဲကုပေးတာ၊ သွေးစစ်၊ သလိပ်စစ်၊ ဆီးစစ်စတဲ့ စစ်ဆေးမှုတွေလုပ်ဖို့လို တော့လည်း စာရေးဆရာမောင်ညိုပြာက လူလွှတ်ယူခိုင်းပြီး အားလုံးလုပ်ကိုင်ပြီးမှ အိမ်တိုင်ရာရောက် လာပို့သေးတယ်။ ဓာတ်မှန်ရိုက်ဖို့ လိုတော့လည်း ဖုန်းဆက်လိုက်တာနဲ့ အိမ်အရောက် လာရိုက်ပေးသူက အသင့်။ ဒီကြားထဲ ဆင်းရဲသားများရဲ့ မိတ်ဆွေ၊ စာရေးဆရာများရဲ့ဇီဝက ဆရာလေးတစ်ဦးကလည်း ပြတ်တယ်လို့မရှိ။ ကဲ ဘာလိုသေးလဲ။ အနယ်နယ် အရပ်ရပ်ကစာဖတ်ပရိသတ်များ ကလည်း ဖုန်းနဲ့တစ်မျိုး၊ စာနဲ့ တစ်ဖုံမေတ္တာ၊ စေတနာတွေအလျံပယ် ပို့ပေးနေကြတာ ကြည်နူးပီတိဖြစ်စရာ တွေချည်းပါပဲ။


ရွှေနဲ့စက်ဝယ်လို့မရဘူး


ဒီလိုကြည်နူးပီတိမျိုးတွေကို ပိုက်ဆံနဲ့ ၀ယ်လို့ရနိုင်သလား။ ရာ ထူး အာဏာအရှိန်အ၀ါနဲ့ ဖန်တီးယူလို့ ရနိုင်သလား။ ဈေးကွက်စီးပွားရေးခေတ်မှာ ဘာမဆိုပိုက်ဆံနဲ့ ၀ယ်လို့ရနိုင်ပေမယ့် မေတ္တာစေတနာကိုတော့ ရွှေနဲ့စက်ဝယ်လို့လည်းမရပါ ဘူး။ အတင်းအဓမ္မပေးခိုင်းလို့ လည်းမရပါဘူး။မေတ္တာကို မေတ္တာနဲ့သာ ဖလှယ်လို့ ရပါတယ်၊ စေတနာကို စေတနာနဲ့သာ တုံ့ပြန်ရိုးဖြစ်ပါ တယ်။ ဒီလိုပြောလို့ မေတ္တာဝါဒီ ကြီး၊ သူတော်စင်ကြီးလို့တော့ မထင်ပါနဲ့။ မေတ္တာရဲ့တန်ခိုးစွမ်း အားကိုယုံကြည်ပေမယ့် လူ့လောက မှာ မေတ္တာဆိုတာ ဘာမှန်းမသိ။ စေတနာဆိုတာ နားမလည်၊ကရုဏာ ဆိုတာ မကြားဖူးတဲ့ မေတ္တာနဲ့ မထိုက်တန်သူမျိုးတွေလည်း ရှိတယ်ဆိုတာ ယုံကြည်လက်ခံထား သူဖြစ်ပါတယ်။


ကြောက်ရမ်းရှက်ရမ်း


စာသင်ကျောင်းတွေပေါ် ဗုံးမကြဲဖို့ အီရတ်နဲ့ အာဖဂန်နစ္စတန်က မိခင်တွေက အသနားခံ တောင်းပန်နေကြပေမယ့် အချည်းနှီးပဲ မဟုတ်လား။ မူလတန်း ကျောင်းသူကျောင်းသားငယ်လေးတွေ နေ့စဉ်နဲ့အမျသေဆုံးနေကြဆဲပါပဲ။ လူမပါတဲ့ လေယာဉ်တွေနဲ့တော့'ကြောက်ရမ်း ရှက်ရမ်း' ရမ်းပြီး 'ဗုံးမကြဲပါနဲ့'လို့ မဟာမိတ် အာဖဂန်သမ္မတကိုယ်တိုင် က တောင်းပန်ပေမယ့်လည်း ဂရုမစိုက်ပါဘူး။ 'မကောင်းသူထိပ် ကောင်းသူထိပ်' ဆိုတဲ့သဘောနဲ့ မောင်းသူမဲ့ လေယာဉ်တွေပေါ်ကနေ ပြီး ဗုံးတွေဒလကြမ်းကြဲချနေကြ ဆဲပါပဲ။ လောကမှာသက်သတ်လွတ်စားတဲ့ ကျားမရှိပါဘူး။ အလား တူပါပဲ။ လူကြီးလူကောင်းစကား နားလည်တဲ့ ကောင်းဘွိုင်သေနတ် သမားမျိုး ဘယ်တုန်းကမှ မရှိပါဘူး။ နောင်လည်းဘယ်တော့မှ ရှိလာမှာ မဟုတ်ပါဘူး။


သူ့နေရာသူနေ၊ကိုယ့်နေရာကိုယ်နေ


မေတ္တာတရားကိုယုံတယ်။ ဒါပေမဲ့ ကျားကသက်သတ်လွတ်စား တယ်ဆိုတာတော့ မယုံပါဘူး။ ဒါ ကြောင့်ကျားရှေ့မှာ ဒူးတုပ်ထိုင်ပြီး မေတ္တာပို့တာမျိုးတော့ မလုပ်နိုင်ပါ ဘူး။ ပုထုစဉ်ဆိုတော့ ပုထုစဉ်လိုပဲ စဉ်းစားပြီး ပုထုစဉ်လိုပဲတုံ့ပြန်ရမှာ ပဲ။ ကိုယ်ကတော့ သက်သက်မဲ့ ကျားနားရွက်သွားပြီး တံတွေးမဆွတ် ပါဘူး။ သူ့စည်းကိုယ့်စည်းဆိုတာ နားလည်ပါတယ်။ ကျားကကျားနေရာနေ၊ လူကလူနေရာနေရင် ပြီးတာပါပဲ။ ကျားကလူသားစားချင်လို့ စည်းဖောက်ပြီး လူ့ရပ်ရွာထဲကျူးကျော် ၀င်ရောက်လာရင်တော့ ဘယ်သည်းခံနိုင်မှာလဲ။ ဓားဆွဲတန်ဆွဲ၊ တုတ်ဆွဲတန်ဆွဲ လုပ်သင့်တာတော့ လုပ်ရမှာပဲ။ သက်သတ်လွတ်စားတဲ့ ကျားရှိပါတယ်လို့တော့ လာမပြောနဲ့။ ဘယ်တော့မှယုံမှာမဟုတ်ဘူး။ မေတ္တာတရားကိုတော့ယုံတယ်။ ဒါပေမဲ့ ကျားကိုတော့မယုံဘူး။

0 comments:

Post a Comment