Tuesday, September 7, 2010

လှုပ်ရှားနေသော တောင်တန်းစိမ်းများ (၁)

(၂)
မကြောက်သော်လည်း စိုးရိမ်မှုတော့ရှိသည်။ ခရီးချောမောပါ့မလား။ အဖေ အမေ၊ အဖိုးအဖွားတို့ကို ထိုင်ကန်တော့စဉ် အမေက ရိပ်မိပုံရသည်။

“မင်းအမေတို့ကို ခွဲတော့မလို့လား။ သားနဲ့ ပြန်မတွေ့ရတော့ဘူး ထင်တယ်”

အမေက အသံကို ထိန်းပြီး ပြောသည်။ သူက ဘာမှ ပြန်မပြော။ ဘာမှ မဖြစ်သလို အမေကို ကန်တော့ပြီး ပြန်ထွက်လာခဲ့သည်။ အမေ့ရင်ထဲ ဘာဖြစ်ကျန်ခဲ့မည်ကို သူ ဆက်မစဉ်းစားတော့။ သူ ထောင်ထဲမှာ ၂ နှစ် နေခဲ့ရပြီး အပြင်ကိုပြန်ရောက်လာ တော့ အပြင်လောကသည် ပြောင်းလဲသွားပေပြီ။

ထောင်ဘူးဝကအထွက် မဆလ စစ်ထောက်လှမ်းရေးက အပြင်ရောက်ရင် သက်ဆိုင်ရာဌာနသို့ သတင်းပို့ဖို့ မှာသည်ကို သူက ဂရုမစိုက်ပေ။

ထောက်လှမ်းရေးက သွားလေရာ အရိပ်လို တကောက်ကောက် လိုက်နေခဲ့သည်။ သတင်းတပ်ဖွဲ့ ရုံးက ၂ ကြိမ် ခေါ်တွေ့သည်။

“ဘာမှ မဟုတ်ပါဘူး။ ခင်ဗျားအလုပ်နဲ့ ပတ်သက်လို့ပါ။ တပ်ဖွဲ့မှူးရုံးကို ခဏလာတွေ့ပါ”

ဟု ဆိုလာသဖြင့် သူ သွားတွေ့ခဲ့သည်။ သတင်းတပ်ဖွဲ့မှူးဆိုသူက …

“ဒီလိုပါ။ ခင်ဗျားအလုပ်ဌာနက ခင်ဗျား အလုပ်ပြန်ဝင်တာနဲ့ပတ်သက်လို့ ကျွန်တော်တို့ကို မေးပါတယ်။ ကျွန်တော်တို့ဌာနအနေနဲ့ ဝန်ကြီးဌာနတွေက မေးမြန်းတာကို ပြန်ဖြေလေ့မရှိပါဘူး။ ဝန်ကြီးချုပ်ကတဆင့် ထောက်လှမ်းရေး ဌာနကိုမေးမှ မှူးချုပ်က ဖြေပါတယ်”

သူ့ဆိုလိုချက်က အမျိုးသား ထောက်လှမ်းရေးဌာနသည် ဝန်ကြီးဌာနများထက် မြင့်ပြီး ဝန်ကြီးချုပ်နှင့်အဆင့်တူဟု အဓိပ္ပာယ်ရပေသည်။

သူထောင်က ထွက်လာစဉ်မှာပင် ရှေ့ဘာဆက်လုပ်မည်ဆိုသည်ကို ရှင်းရှင်း ပြတ်ပြတ်ဖြစ်ပြီး ဖြစ်သည်။ မိတ်ဆွေ သူငယ်ချင်းဟောင်းတွေထဲမှ တချို့က စိမ်းသွားသည်။ တချို့က ခါတိုင်းထက်ပိုပြီး နားလည်မှုကို ဖော်ပြသည်။ အိမ်လာသတင်းမေးသည့် သူငယ်ချင်းတဦးက ...

“မင်းဆီ လာသာလာရတယ်။ ခပ်လန့်လန့်ပဲ” ဆိုသည့်အပြောကို “ကြောက်ရင် မလာနဲ့ပေါ့ကွ” ဟု ဘုတောပစ်ခဲ့ဖူးသည်။

သူငယ်ချင်းက ပြာပြာသလဲ တောင်းပန်ကာ စကားရော ဖောရောလုပ်ခဲ့သည်။ သူ စိတ်မဆိုးပါ။ ဘာဖြစ်လို့ဆိုတာကိုသာ သူ သုံးသပ်သည်။ လက်ဖက်ရည်ဆိုင်ရှေ့က ဖြတ်အသွား ဆိုင်ထဲကနေ အတင်းခေါ် လက်ဖက်ရည်တိုက်သည့်သူ၊ မုန့်ဟင်းခါးဖိုး အတင်းဝင်ရှင်းပေးသည့် သူများလည်း ကြုံရသည်။ တချို့က လမ်းတွေ့တာတောင် နှုတ်ဆက်ရမည်စိုး၍ မမြင်ချင်ယောင်ဆောင်သွားသည်။

ဒုတိယအကြိမ်တွင်တော့ သတင်းတပ်ဖွဲ့ ရုံးက ခေါ်တွေ့ခြင်းမဟုတ်။ အိမ်လာပြီး မသိမသာ စကားနှိုက်ခြင်း ဖြစ်သည်။ ခင်ဗျားကတော့ အနေမှန်တယ်။ ဘယ်သူတွေကတော့ အိမ်မှာ တရုန်းရုန်းနဲ့ မျက်စိနောက်တယ်ဆိုသည့်သဘော ပြောလာသည်။ သူက ဘာမှမပြော၊ ပြုံးရုံသာ ပြုံးနေလိုက်သည်။

လောကကြီးက မပြောင်းပါဘူး။ လူတွေသာ ပြောင်းသွားတာ။ နိုင်ငံရေးဆိုတာ ကြောက်တတ်သူလည်း ရှိ၊ ချစ်တတ်သူလည်းရှိတဲ့ အရာပေပဲ။ ကာလနှင့် ဆိုင်သည်ဟု ထင်သည်။ အချိန်ကာလသည် ဖြစ်ရပ်ပေါင်းများစွာကို သယ်ဆောင်လာတတ်သည် မဟုတ်ပါလော။ နှစ်နှစ်အကြာမှာ သူသည် လူကောင်းမှသည် သောင်းကျန်းသူ၊ သာမန်လူမှသည် အဖျက်သမား ဖြစ်သွားပေပြီ။

သူ၏ ပုံရိပ်သည် မည်သို့ ရှိမည်နည်း။ သူအလုပ်လုပ်သည့် ဝန်ကြီးဌာနမှ ဝန်ကြီး မဆလခေတ် တိုင်းမှူးဟောင်းက “စက်ရုံ တည်ပါတယ်၊ ကွန်မြူနစ် ထွက်လာ တယ်”ဟု ပြောကြောင်း ပြန်ကြားရသည်။

သူ ထောင်ကထွက်လာတော့ ညီတွေ ညီမတွေက “အစ်ကိုကြီး ထောင်က လွတ်တော့မယ်၊ တို့ဝမ်းသာတယ်” စသည်ဖြင့် ဝမ်းသာအားရ သံပြိုင်ကြွေးကြော် နေကြသံကို ကက်ဆက်ဖြင့်သွင်းထားသည်ကို ပြန်ဖွင့်ပြသည်။ သူတို့အစ်ကိုကြီးသည် ဘယ်တုန်းကမှ ဆိုးသွမ်းသူ မဟုတ်ခဲ့ကြောင်း သူတို့ သိပေသည်။

မန္တလေး-လာရှိုးလော်ကယ်ရထားပေါ်တွင် တွဲထောင့်ချောင်ထဲ ကျပ်ကျပ်သပ်သပ် လိုက်ပါလာရင်း သူသည် တွေးမိတွေးရာ တွေးလာခဲ့သည်။ ရထားက သံပတ်ပေး ထားသော ကစားစရာအရုပ်လေး တရုပ်နှယ် သံလမ်းပေါ်မှာ ပြေးလွှားရင်း အသံမျိုးစုံ လွှင့်ထုတ်နေသည်။

တွဲအလယ် တောင်းတွေ အထုပ်တွေ ခရီးသည်တွေအကြား ဖြစ်သလို မိုးတိုးမတ်တတ် လိုက်ပါလာသည့် ညီသဖွယ်ဖြစ်သော ရဲဘော်ဆီသို့ လှမ်းကြည့်ရင်း မျက်ရိပ်ပြလိုက်သည်။ လူပေါင်းစုံ သယ်ဆောင်ကာ ဘူတာစုံ ခုတ်မောင်းလာသည့် နွားသိုးတကောင်နှင့်တူသော သတ္တဝါကြီးသည် မကြာမီ အရှိန်လျှော့ကာ နောင်ပိန်ဘူတာသို့ ဝင်ရောက်လာပါသည်။

0 comments:

Post a Comment