(၁)
စာဆို (၀ါ) ကဗျာဆရာဟူသည် စိတ်နှင့် အလွန်နီးစပ်သူတို့ ဖြစ်ကြလေသည်။
အမှန်ဆိုရလျှင် လူမှန်သမျှ၌ ကိုယ်အလုပ်၊ နှုတ်အလုပ်၊ စိတ်အလုပ် ရှိကြသည်ချည်း ဖြစ်လေသည်။ လူမှန်သမျှ၌ တွေးခြင်း၊ ကြံခြင်း၊ ဆင်ခြင်ခြင်း၊ သုံးသပ်ခြင်း၊ ခံစားခြင်းတို့ ရှိကြသည်ချည်း ဖြစ်လေသည်။ လူတိုင်း၌ အထက် ဆောင်းပါးတခုတွင် ကျွန်တော် တင်ပြခဲ့သကဲ့သို့ သူ့ကိုနားလည်ရေးအတွက် သူ့နေရာတွင် ကိုယ်ဝင်ကြည့်လိုက်ခြင်းစွမ်းရည် [အင်ပသီ]၊ သူခံစားသကဲ့သို့ လိုက်ခံစားမှုတူညီခြင်း စွမ်းရည် [ဆင်ပသီ] မရှိမဟုတ်၊ ရှိကြသည်ချည်း ဖြစ်လေသည်။ ထို့ကြောင့်လည်း သာမန်တိရစ္ဆာန်တို့၌ မရှိသော မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပက္ခာ ဟုခေါ်သည့် ဗြဟ္မာစိုရ်တရား မည်သော စိတ်အရည်အသွေးတို့သည် လူ၌ ရှိသည်။
စာဆိုများ၌ ထူးခြားသော အာရုံထက်မြက်ခြင်း [Special sensitivity] ရှိသည်ကို ခေါမပညာရှင်ကြီး အရစ္စတိုတယ်လ် လက်ထက်ကတည်းက အသိအမှတ်ပြုခဲ့ကြောင်း ကျွန်တော် ရေးခဲ့ပြီးပြီ။ သူတို့ကား ပြင်ပလောကမှ အာရုံများကို ဖမ်းရာ၌ သာမန်လူများထက် ပို ထက်မြက်သည်။ ထို့ကြောင့်လည်း သူတကာ မမြင်သည်ကို သူတို့ မြင်တတ်သည်။ သူတကာ သတိမပြုမိသည်ကို သူတို့ သတိပြုမိတတ်သည်။ သူတကာ မခံစားတတ်သည်ကို သူတို့ လိုက်ခံစားတတ်သည်။ သူတကာ မတွေးမိသည်ကိုလည်း သူတို့ တွေးမိ တတ်ကြသည်။ သူတို့သည် အခြားသူများ၏ အထက်၌ ရှိနေသည်ဟု ကျွန်တော် မဆိုလိုပါ။ ဥာဏ်သဘော သက်သက်အရာ၌ သူတို့ထက် သာလွန်သူများ ရှိပါသည်။ သူတို့ ၀ါသနာ၊ သူတို့ အလေ့အထကြောင့် အာရုံထက်မြက်ခြင်း အထူးရှိကြောင်းကိုသာ ဆိုလိုပါသည်။
သူတို့အလုပ်ကလည်း လောက၌ ဖြစ်နေသည်ကို ကြည့်သည်။ မှတ်သည်။ ကြည့်ရုံ မှတ်ရုံနှင့် မရပ်သေး၊ တွေးသည်၊ ကြံသည်၊ ဆင်ခြင်သည်၊ သုံးသပ်သည်။ တပြိုင်နက်တွင် လိုက်လည်း ခံစားသည်။ ခံစားရုံမက... ခံစားမှုကိုလည်း သိနေသေးသည်။ တဖန် သူတို့က ဤမျှနှင့် မရပ်သေးဘဲ သူတို့ မြင်သမျှ၊ တွေးသမျှ၊ ခံစားမိသမျှတွေကို တပါးသူအား ထပ်ဆင့် ဝေမျှ ပေးချင်ကြသေးသည်။ သည်အတွက်.... ကိုယ့်စိတ်ကိုလည်း သိမြင်နားလည်ရသည်။ သူတပါး စိတ်ကိုလည်း သိမြင်နားလည်ရသည်။ ထို့ကြောင့် စာဆို (၀ါ) ကဗျာဆရာ ဟူသည် စိတ်နှင့် အလွန်နီးစပ်သူတွေ ဖြစ်သည်ဟု ကျွန်တော် ဆိုခဲ့သည်။ စိတ်၊ စေတသိက်တွေကို အလွန်သတိပြုမူတတ်သူဟု ဆိုလိုရင်း ဖြစ်ပါသည်။ မိမိ၏ စိတ် စေတသိက်တွေကိုလည်း သတိပြုမိတတ်သည်။ သူတပါး၏ စိတ်စေတသိတက်တွေကိုလည်း သတိပြုမိတတ်သည်။ သည်လိုဖြင့် သူတို့သည် လူ့လောက၌ အလွန် 'ကိုယ်ချင်းဖလှယ်ကြည့်နိုင်' တတ်ပြီး အလွန်လည်း 'ကိုယ်ချင်းစာတရား' ရှိတတ်ကြသည်။
ကိုယ်ချင်းဖလှယ်ကြည့်နိုင်မှ ကိုယ်ချင်းစာတရားရှိနိုင်ကြောင်းကိုလည်း ကျွန်တော်ရေးခဲ့ ပြီးပါပြီ။
တခါတရံ ကိုယ်ချင်းစာတရားမှ ထွက်လာသော သူတို့ စာသည် အလွန်သိမ်မွေ့တတ်လေရာ အပေါ်ရံ လျှပ်ကြည့်ရုံနှင့် နားလည်ရန် ခက်ခဲသည်။
ဤကဲ့သို့ နားလည်ရန် ခက်ခဲသော သဘောကို မမျှော်လင့်သော ခေတ်တခုမှ မမျှော်လင့်သော စာဆိုတဦး၏ မမျှော်လင့်သော စာပေပုံသဏ္ဍာန် တခုအတွင်း၌ ကျွန်တော် တွေ့မိခဲ့သည်။
(၂)
ပထမ အင်းဝခေတ်ကြီးသည် အဓိကအားဖြင့် ပျို့ခေတ်ကြီးဖြစ်လေသည်။ ပျို့ခေတ်ကြီးကို ဦးဆောင်သူ များမှာ ရှင်မဟာသီလ၀ံသ၊ ရှင်မဟာရဌသာရ စသော ရဟန်းစာဆိုများ ဖြစ်ကြလေသည်။ ရဟန်းစာဆိုများ၏ မေတ္တာနှင့် စေတနာကား လူတို့ကို လိမ္မာ ယဉ်ကျေးစေလိုခြင်း ဖြစ်လေသည်။ ထိုအရှင်များ၏ စာများသည် ယေဘူယျဆိုလျှင် ပုဂ္ဂလိက အတ္တခံစားမှုကို အသားမပေး။ ရှေ့တန်းမတင်။ ဘုရားဟော ဇာတ်တော်များမှ တရားဓမ္မများ လူတို့စိတ်တွင် မြဲစွာ ပြန့်ပွားရန်သာ ဂရုဓမ္မ ထားတော်မူကြသည်။
တောင်ငူခေတ်ကား လူစာဆိုတို့၏ ခေတ်ကြီးဖြစ်လေသည်။ လူစာဆိုတို့ ခေတ်ပီပီ ပုထုဇဉ်လူသားဘ၀ ကို သူတို့စာတွေက ရောင်ပြန်ဟပ်ပြသည်။
တောင်ငူခေတ်၌ ဧချင်း၊ ရွှေနားတော်သွင်း၊ ရတု ဟူသည့် စာပေပုံသဏ္ဍာန်များ ခေတ်စားသည်။
ရောမအင်ပိုင်ယာကြီး အပြီး၌ ဥရောပသည် အစိတ်စိတ် အမွှာမွှာကွဲသကဲ့သို့ ပထမအင်းဝခေတ်ကြီး အပြီးတွင် မြန်မာနိုင်ငံတော်ကြီးလည်း အစိတ်စိတ် အမွှာမွှာ ကွဲနေသည်။
ရောမအင်ပိုင်ယာ တန်ခိုးထွားစဉ်က ဥရောပသည် ငြိမ်းချမ်းနေရာ... ထိုငြိမ်းချမ်းရေးကြီးကို ကမ္ဘာ့သမိုင်း၌ ပက်(စ်)ရိုးမားန [Pax Romana] ဟုခေါ်သည်။ ရောမက ထိန်းသိမ်းကြပ်မတ်ထားသော ငြိမ်းချမ်းရေးဟု အဓိပ္ပါယ်ရှိသည်။ ရောမအင်ပိုင်ယာကြီး ပျက်စီသွားသောအခါ ဥရောပသည် အစိတ်စိတ် အမွှာအမွှာကွဲသွားပြီး ပဒေသရာဇ်မင်းငယ်တို့ တဦးနှင့်တဦး အပြိုင်အဆိုင် တိုက်ခိုက်ကြ၍ စစ်မက်ထူပြော လာသည်။ ရှေးယခင် ရောမအင်ပိုင်ယာကြီးကဲ့သို့ ပြန်လည် တည်တံ့ ငြိမ်းချမ်းရန် လက်ရုံးရည် နှလုံးရည်သုံးပြီး ကြိုးပမ်းကြသည့် တန်ခိုး အတန်အသင့်ကြီးသည့် ဘုရင်များ ပေါ်ပေါက်လာကြသည်။ဥပမာ.. ဘုရင်ကလိုးဗစ်(စ်) [King Clovis][466-511အေဒီ] ဧကရာဇ်ရှားလ်မိန်း [Emperor Charlemagne][742-814 AD] သူရို့၏ ကြိုးပမ်းချက်သည် ရာခိုင်နှုန်းပြည့် မအောင်မြင်။ အလယ်ခေတ် [Middle Age] အတွင်း၌ စစ်ပွဲများ မစဲ။ ရာခိုင်နှုန်းပြည့် ငြိမ်းချမ်းရေး မရ။
မြန်မာနိုင်ငံတွင်လည်း ပုဂံငြိမ်းချမ်းရေးခေတ်ကြီး၊ ပထမအင်းဝ ငြိမ်းချမ်းရေး ခေတ်ကြီးတွေ ပျက်ပြီးနောက် စစ်မက်ထူပြောသော ပဒေသရာဇ်ခေတ်တွေ ပေါ်လာသည်။ ဘုရင့်နောင်သည် လက်ရုံးရည် နှလုံးရည်ဖြင့် ငြိမ်းချမ်းရေးခေတ်ကြီးတခေတ်ကို တည်ထောင်ပေးခဲ့သည်။ သို့ရာတွင် ဘုရင့်နောင် နတ်ရွာစံ ပြီးနောက် မငြိမ်းချမ်းသော ပဒေသရာဇ်မင်းငယ်တို့၏ ခေတ်သည် ပေါ်လာပြန်သည်။ ညောင်ရမ်းမင်းတြားကြီးနှင့် သားတော် အနောက်ဘက်လွန်မင်းတြားကြီး(မဟာဓမ္မရာဇာ)တို့သည် အပျက်တွေကြားမှ နိုင်ငံတော်သစ်ကို ပြန်လည် ထူထောင်ကြရသည်။ အစိတ်စိတ်အမွှာမွှာ ကွဲနေသည်ကို ပြန်လည် ဆက်စပ် စည်းရုံးယူကြရသည်။ မငြိမ်းချမ်းသော ပဒေသရာဇ်မင်းငယ်တို့၏ သူတလူငါတမင်း ခေတ်မျိုးမှ ဗဟိုမှ ထိန်းသိမ်း ကြပ်မတ်မှုရှိသည့် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးခေတ်သစ်ကြီးတခုကို ထူထောင်ကြရသည်။
သည်လို ကြိုးပမ်းမှုမျိုးတွင် လက်ရုံးရည်ရော၊ နှလုံးရည်ပါ လိုလေသည်။ ကမ္ဘာ့သမိုင်း ဖြစ်စဉ်အရ အပျက်တွေနှင့် အဖျက်သမားတွေကို ရင်ဆိုင်ရ ဖြေရှင်းရသောအခါ လက်ရုံးရေးရာသည် ရှေးဦးစွာ ထင်ရှား အရေးပါလာတတ်သည်။
တောင်ငူခေတ်ဟုခေါ်သော ခေတ်အတွင်း၌ တိုင်ပြုပြည်ပြုရေးအတွက် မလွဲမရှောင်သာသော လက်ရုံးစွမ်းရည် လိုအပ်လှပေရာ... လူ စာဆိုတို့၏ ကဗျာများတွင် လက်ရုံးရည်ကို အားပေးချီးမွမ်းလှုံ့ဆော်သည့် ဧချင်းများ၊ ရွှေနားတော်သွင်း ကဗျာများ ခေတ်စားခဲ့သည့်မှာ မဆန်းဟု ထင်သည်။
ရတုသည်လည်း တောင်ငူခေတ်၏ ထူးကဲသော စာပေပုံသဏ္ဍာန် တခုဖြစ်လေသည်။
ထိုခေတ်က စာဆိုတို့သည် မိမိတို့ကိုယ်တိုင်လည်း လက်ရုံးရည်ရှိသော သူရဲကောင်းတပိုင်း ဖြစ်ကြလေ သည်။ သူတို့သည် နှလုံးသားရှိသော စစ်သည် [soldiers with hearts] များ ဖြစ်ကြလေသည်။ သူတို့သည် ဝေးလံခေါင်ဖျားသော အရပ်တပါးတွေဆီ သွားကြရသည်။ လူသူကင်းမဲ့သော တောတောင်ရေမြေ ခရီးတွေ နှင်ခဲ့ကြရသည်။ မြို့ပြ အိမ်ယာ ချစ်သူ ခင်သူတို့နှင့် ဝေးရာ၌ ကျင်လည်နေထိုင်ရသည်။ တာဝန်သိမှုက သူတို့ကို သူရဲကောင်း ဖြစ်စေသည်။ နှစ်လုံးသား ရှိမှုက ချစ်-လွမ်း ရိပ်လွှမ်းသည့် အနုအလှကဗျာ [Romance Poems] များကို ဖန်တီးမှု ဖြစ်စေသည်။
အနုအလှကဗျာများ (၀ါ) ရိုးမင့်(စ်) ကဗျာများသည် လိုင်းရစ် [Lyric] ကဗျာ အမျိုးအစားတွင် ပါဝင်သည်။ လိုင်းရစ်ကဗျာမျိုးကား ဗဟိဒ္ဓခေါ် ပြင်ပ အဖြစ်အပျက် [external events] များ၌ အာရုံမထား။ စာဆို၏ ပုဂ္ဂလိက ခံစားမှုနှင့် စိတ်ညွတ်မှုများ [Personal emotion and sentiment] များကိုသာ ဖော်ကျူးသည်။ အလွန်ပုထုဇဉ်ဆန်သော ကဗျာမျိုး ဖြစ်လေသည်။
လက်ရုံးရည်ခေတ်ဖြစ်သော ဥရောပ၏ အလယ်ခေတ်တွင် ရိုးမင့်စ် ကဗျာများ ထွန်းကားခေတ်စားသည်။ အလားတူ ဖြစ်သော တောင်ငူခေတ်တွင်လည်း ဘုရားတိုင်၊ စစ်ချီ၊ မိုးဘွဲ့၊ ဆောင်းဘွဲ့၊ မယ်ဘွဲ့၊ မောင်ဘွဲ့၊ သစ္စာတိုင် စသော အနုအလှ ကဗျာမျိုး ရတုတို့ ထွန်းကားခေတ်စားသည်။ သမိုင်းပေး အခြေအနေနှင့် လူသားတို့၏ နှလုံးသားတို့ ထိတွေ့ရာမှ ပေါ်လာသော ဓမ္မတာ အကျိုးတရပ် ဖြစ်လေသည်။
လှော်ကားသုံးထောင်မှူး၊ ပြည်န၀ဒေးကြီး၊ နတ်သျှင်နောင်၊ မင်းဇေယျရန္တမိတ်၊ ရှင်သံခို တို့၏ ရတုများကို ဤသို့လျှင် အနုအလှကဗျာတွေ ဖြစ်သာ ယေဘူယျ ကျွန်တော်နားလည်ထားခဲ့သည်။
သို့ရာတွင် ရှင်သံခို၏ 'သာလွတ်ထွတ်တင်' ချီ ရတုပိုဒ်စုံက ကျွန်တော့်ဦးနှောက်ကို များစွာ.... များစွာ အလုပ်ပေးခဲ့သည်။ သူ့ ဤရတုကို သာမန် ချစ်-လွမ်း အနုအလှကဗျာတပိုဒ်ဟု ကျွန်တော် မမြင်ဝံ့။ မမြင်ရဲ...။
(၃)
"သာလွတ်ထွတ်တင်၊ မင်းသာရွှင်၍၊ သဘင်မပြတ်၊ နေ့တိုင်းပတ်သား၊ ပြသာဒ်ပြောင်ရွှန်း၊ မြို့ဘုံနန်းနှင့်၊ ရံဝန်းကိုးမည်၊ ရွှေသားလည်သည်....."
ရတု၏ ဤမျှအထိသည် အနောက်ဘက်လွန်မင်းစံရာ အင်းဝရွှေနန်းတော်ကြီး၏ ကျက်သရေနှင့် ခမ်းနားတင့်တယ်ပုံကို ပြသည်။ သည်လိုဆိုလျှင် ပျော်ဖွယ် မကောင်းပေဘူးလော။
ရှင်သံခို ဆက်၍စပ်ပုံကို ကြည့်ပါ။
"ပျော်မည်မှာဝေး၊ တရေးရေးတည့်၊ ကျော်မွှေးသတင်း၊ ပြည်ထောင်ချင်းတို့၊ ရန်တင်းမ၀ံ့၊ မာန်ကိုညံ့သည်၊ ပေါက်ပျံ့သာနာ၊ ကေတုမှာသို့...."
ပျော်စရာမကောင်းပါ။ အနည်းဆုံး တယောက်သော သူကလေးအတွက်က ပျော်စရာမကောင်းပါ။ ထိုသူကလေးသည် မူလက သူနေခဲ့ရာ ကေတုမတီ တောင်ငူမှာကဲ့သို့ မပျော်ပါ။ ပျော်ရန်ဝေးပါဘိ။
လက်ရှိ ဧကရာဇ်၏ အနောက်ဘက်လွန်မင်တြား၏ အင်းဝနေပြည်တော်ကို နှိမ်ပြီး ယခုအခါ လက်အောက်ခံ မြို့ဖြစ်နေသော ကေတုမတီတောင်ငူက သာသယောင် ဖွဲ့စပ်ခြင်းကပင် အပြစ်ကြီးလှပြီ။
ရှင်သံခိုက ဤမျှနှင့် မရပ်သေးဘဲ -
"အာဏာလွှမ်းမိုး၊ ဆင့်ကာကြိုးလျှင်၊ ဖြန့်တိုးဝှန့်လှိုက်၊ ဖြုန်းဖြုန်းပြိုက်သည်၊ ရီမိုက်မှိုင်းမျှ ဆွတ်ရှာသောဝ်။" - ဟု မကြောက်မရွံ့ ဆက်ဆိုသည်။
ဤတွင် အင်းဝ ရွှေနန်းတော်တွင်း၌ မပျော်ရှာသော တယောက်သောသူကလေးသည် မည်သူဖြစ် ကြောင်း ပေါ်လာသည်။ သူ့ကို မပျော်အောင် လုပ်နေသူ တရားခံသည် မည်သူဖြစ်ကြောင်းလည်း ပေါ်လာသည်။ "အာဏာလွှမ်းမိုး၊ ဆင့်ကာကြိုးလျှင်...." ဤအပိုဒ်က သဲလွန်စပေးသည်။
ပဒေသရာဇ် ဧကရာဇ်ခေတ်ထုံးစံနှင့်အညီ.... တောင်ငူကို နိုင်ပြီးသောအခါ တောင်ငူက မိန်းမချော၊ မိန်းမလှများကို နိုင်သူမင်းက အင်းဝသို့ ဆောင်ယူခဲ့သည်။ ယခု ထိုကဲ့သို့ မိန်းမချော မင်းသမီးလေးတဦးကို အလိုမတူဘဲနှင့် ဘုရင်က မိဘုရားမြှောက်တော့မည်။ ခမျာလေး ချုံးပွဲချ ငိုကြွေးပြီး ရင်ကွဲပက်လက် ဖြစ်လိမ့်မည်ဟု ရှင်သံခိုက ကန့်ကွက်နေသည်။
အဲသည် ခမျာလေးမှာ ချစ်သူရှိသည်။ ချစ်သူမှ အသဲနင့်အောင် ချစ်ခဲ့ရသည့် ငယ်ချစ်ဦး....။
"ပြာလတ်မွတ်စင်၊ နောင်သာကြင်၍၊ ကေသျှင်မြခက်၊ ဖြာစရွက်လည်း၊ နားထက်မခွေ၊ စုလည်းပြေနှင့်၊ တင့်နေကျစ်လစ်၊ စမ္ပယ်သစ်က၊ ကျွမ်းချစ်ရအောင်၊ ကြိုးသည့်နောင်မူ....."
ဤစကားများနှင့် ခမျာလေး၏ ချစ်သူကို ဖော်ပြသည်။
ကြိုးသည့်နောင်....။ နောင်......။
ရှေးဆရာတို့က နောင် ဆိုသည်မှာ စစ်ရှုံးဘုရင် နတ်ရှင်နောင်ကို ဆိုလိုသည်။ ယခု အနောက်ဘက်လွန်မင်း မိဘုရားမြှောက်မည့် ခမျာလေး၏ ချစ်သူမှာ... ဟိုအဝေးမှာ ကျန်ရစ်သည့်.... နတ်ရှင်နောင်။
ဤရတုကြောင့် အနောက်ဘက်လွန်မင်းတြား ရာဇမာန်တော်ရှ၍ ရှင်သံခိုအား ကွပ်မျက်မည် ပြုသည်။ ပြည်ငထင်ငယ် လျှောက်ထားတောင်းပန်မှ ရှင်သံခိုကို အသက်ချမ်းသာပေးသည်။
သမိုင်းကား ဤသို့ဆိုထားသော်လည်း ကျွန်တော့်စိတ်တွင်း၌ တစုံတရာ မကျေမလည်ဖြစ်နေသည်။
ပဒေသရာဇ်၊ ဧကရာဇ်စံနစ်တွင် အောင်နိုင်သူက ရှုံးသူ၏ သမီး၊ နှမတို့ကို သိမ်းယူ မိဘုရားမြှောက်ခြင်းမှာ အဆန်းမဟုတ်။ ထုံးစံ..။ အစဉ်အလာ...။ ရှုံးသည့်ကိစ္စထားဦး၊ အညံ့ခံသောအခါ၊ အောက်ကျို့ မဟာမိတ်ပြုသောအခါများတွင်လည်း နှမ၊ သမီးကညာတို့ကို ဆက်သလေ့ရှိသည်။
ဤမဆန်းသော ထုံးစံ ရှိနေကြားက.. အဆန်းလုပ်ပြီး ရှင်သံခိုသည် 'သာလွတ်ထွတ်တင်' ချီ ရတုကို ဘာ့ကြောင့် စပ်ပါသနည်း။
ရှင်သံခိုကို မစပ်မနေနိုင်အောင် လှုံ့ဆော်တွန်းဆွသော မိုးတစ်(ဖ်) [motive] ခေါ် ဇောစေတနာက ဘာပါသနည်း။
ရှင်သံခိုသည် အနောက်ဘက်လွန်မင်းတြားအပေါ် ရန်ညှိုးသို မုန်းတီးသူ ဖြစ်သောကြောင့် သိက္ခာချခြင်းလော။
ဤသို့ဆိုရန်မှာ ခက်သည်။ သက္ကရာဇ် ၉၇၂ ခုနှစ်တွင် မင်းတြားကြီး တောင်ငူကို အလိုတော်ပြည့် ကတည်းက မင်းတြားကြီး၏ ဘုန်းတော်ဘွဲ့ကို ရှင်သံခို ရေးသားဆက်သွင်းခဲ့သည်။ နတ်ရှင်နောင်ကို ဘုရင်ခံအဖြစ်နှင့် တောင်ငူတွင် အုပ်စိုးစေပြီး မင်းတြားကြီး အင်းဝသို့ အပြန်တွင် ရှင်သံခိုလည်း လိုက်ပါလာခဲ့သည်။ ပြိုကွဲပျက်စီးနေသည့် နိုင်ငံတော်ကြီးကို ပြန်လည်စုစည်း တည်ထောင်နေသည့် မင်းတြားကြီး၏ စေတနာနှင့် ဘုန်းလက်ရုံးကို ရှင်သံခို ကြည်ညိုလေးစားသည်။ နောင်၌ စပ်သော 'မင်းရဲဒိဗ္ဗဧချင်း' သည် ရှင်သံခို၏ စံပြုရသော လက်ရာဖြစ်သည်။ ထိုဧချင်းတွင် မင်းတြားကြီးနှင့် ဘေးလောင်းတော်၊ ဘိုးလောင်းတော်တို့ စွမ်းရည်များကို လေးလေးစားစား ကြည်ကြည်ညိုညို စပ်ထားသည်။ မင်းတြားကြီး၏ လက်ထက်တော်အတွင်း လက်ဆောင်ယူမှူး ရာထူးနှင့် တင့်တင့်တယ်တယ် နေခဲ့သည်။
မင်းတြားကြီးကို မုန်းတီးသောကြောင့် သိက္ခာချခြင်း မဟုတ်ကြောင်း အလွန်ထင်ရှားသည်။
မနေနိုင်၊ မထိုင်နိုင် အတင်းပြောမိခြင်း [gossiping] လော...။
ရှင်သံခို၏ ဦးရီးသည် မင်းဇေယျရန္တမိတ်ဖြစ်ပြီး၊ အဘိုးကား လှော်ကားသုံးထောင်မှူးဖြစ်၍ မျိုးရိုးသစင်ကာ အစဉ်အလာကြီးသူ ဖြစ်လေသည်။ သူရေးသော စာများကလည်း သူ၏ မြင့်မားသော ဥာဏ်ရည်နှင့် ပြည့်ဝသောပညာကို ပြနေသည်။ ရှင်သံခိုသည် သိမ်ဖျင်းသော အတင်းပြောရန် စိတ်ဓါတ် အောက်တန်းမကျ။ ဘုန်းကြီး၍ ဓါးထက်သော မင်း၏ အတွင်းရေးကို အတင်းပြောမိသည်အထိလည်း ရှင်သံခို မမိုက်မဲနိုင်။
သည်ကြားထဲက အသက်အန္တရာယ်နှင့် သေချာပေါက်နီးလှသော ဤရတုကို ရှင်သံခို ဘာ့ကြောင့် စပ်ရသနည်း။
ကျွန်တော်က 'သာလွတ်ထွတ်တင်' ချီ ရတုကို အခေါက်ခေါက် အခါခါ ဖတ်သည်။ စာဆိုဖော်လိုသော ပုံရိပ်တွေ ပေါ်လာအောင် ဖမ်းကြည့်သည်။ သူ၏ ခံစားမှု [emotion] နှင့် စိတ်ညွတ်မှု [sentiment] ကို သိနားလည်အောင် ကြိုးစားသည်။ ဆင့်တမင့်ကို နီးစပ်အောင် စိတ်ညွတ်မှုဟု ဘာသာပြန်ရသော်လည်း မပြည့်စုံပါ။ ဆင့်တမင့် ဟူသည်မှာ စိတ်သမူဟ [complex] တခု ဖြစ်လေသည်။
အပြုအမူနှင့် မှန် မှား ဆုံးဖြတ်ချက်ချရန် အခြေခံသတ္တိသဘောပေးသည့် ခံစားမှုနှင့် စိတ်သဘောထား [opinion] တို့ သိမ်မွေ့ နက်နဲစွာ ပေါင်းဖွဲ့ ပေါ်လာသော စိတ်သမူဟ ဖြစ်လေသည်။
သြော်... ဖြည်းဖြည်းနှင့် ရှင်သံခို၏ စိတ်သမူဟကို ကျွန်တော် နားလည်လာသည်။
'ရှင်ကောင်းမွတ်ပြာ၊ မဲ့ရုပ်ဝါနှင့်၊ ပြည်ရွာကိုပစ်.....'
သည်စကားတွေက 'ရှာဆွတ်လွတ်ကြင်' စသည့် ရတု၏ ဒုတိယပိုဒ်၌ ပါသည်။
ပုံရိပ်....။
မိမိချစ်မြတ်နိုးသော ဇာတိမြေ..၊ ချစ်သူခင်သူတွေကို ခွဲခွါကာ... တပါးသူ၏ တပါးမြေသို့ လိုက်ပါရသည့် မိန်းမပျို....မဟုတ်၊ မက.. မိန်းမပျိုလေးများ။
သြော်.. ကျန်ရစ်သူများလည်း မည်သို့ ကျန်ရစ်ရှာခဲ့သနည်း။
"ခေါ်ယောင်ခေါ်မှား၊ ကိုယ်ကားသည်မှာ၊ မေတ္တာအသက်၊ ပုံလျက်ဝေမှိုင်း၊ အဆိုင်းဆိုင်းတည့်၊ နေ့တိုင်းတန့်ဆည်၊ မခံ့သည်ကို......"
ဤစကားတွေက 'ပြာလွတ်မွတ်စင်' စသော ရတု၏ တတိယပိုဒ်၌ပါသည်။
ရှင်သံခိုသည် ဂုဏ်မြောက်လှသော 'စစ်ချီရတု' များလည်း စပ်ခဲ့သေးရာ.. ခေတ်၏ဓမ္မတာအတိုင်း နှလုံးသားရှိသည့် စစ်သည်စာဆို ဖြစ်လေသည်။ သူကား တာဝန်ကိုလည်းသိသည်။ နှလုံးသားလည်း ရှိသည်။
'သာလွတ်ထွတ်တင်' ချီ ရတုမှာ သူ့နှလုံးသားသန့်သန့်မှ ထွက်လာသည်။
ခေတ်၏ သဘာဝကြောင့် နိုင်ငံနှင့် ပြည်သူအကျိုးအတွက် စစ်ချီ၊ စစ်တက်၊ စစ်တိုက်ခြင်းတွေ ပြုကြရသည်။
သို့ရာတွင် တောင်ငူခေတ်နောက်ပိုင်းသည် စစ်မက်ထူပြောလှပြီး ငြိမ်းချမ်းသောကာလ ရှားပါးလှသည်။
ရှင်သံခိုသည် မငြိမ်းချမ်းသောကာလမှ ပြည်သူတွေ၏ ဘ၀ကို ကရုဏာသက်မိဟန်တူသည်။
ငိုမဲ့မဲ့ မျက်နှာလေးများနှင့် မိဝေးဘဝေး ချစ်သူခင်သူတွေနှင့် ဝေးရာ တပါးမြေသို့ လိုက်ပါခဲ့ရသူကလေး များ။
"ခေါ်ယောင်ခေါ်မှား၊ ကိုယ်ကားသည်မှာ....." ကျန်ရစ်ခဲ့ကြရသူများ...။
သူတို့ အားလုံးအပေါ် ရှင်သံခို ကရုဏာသက်သည်။ ကိုယ်ချင်းစာသည်။ တပါးသူနေရာ ကိုယ်ဝင်ကြည့် ပြီး သူ့လိုပင် ကိုယ်ခံစားမိသည်။
သည်မေတ္တာ၊ သည်ကရုဏာ၊ သည်ဇောစေတနာတွေကြောင့် 'သာလွတ်ထွတ်တင်' ချီ ရတုကို ရှင်သံခို စပ်မိသည်။
သည်ရတုသည် သာမန်.. လိုင်းရစ်ကဗျာမျိုး မဟုတ်။ အခြားရတုတွေလို စာဆို၏ ပုဂ္ဂလိက ခံစားမှုကို စပ်ပြသည်မဟုတ်။ စာဆို၏ ပုဂ္ဂလိကအချစ် နှင့် အလွမ်းကို ဖွဲ့ဆိုခဲ့သည်မဟုတ်။ သူ့ရတုက သူတပါးအကြောင်း၊ သူတပါးတွေ၏ ခံစားမှုအကြောင်း...။
သြော်.. 'စစ်နှင်ငြိမ်းချမ်းရေး' အကြောင်း စာပေဆိုလျှင် ကျွန်တော်တို့သည် တပါးနိုင်ငံမှ စာပေတို့ကို လက်ညှိုးထိုးပြ ချီမွမ်းကြသည်။
တောင်ငူခေတ်က ရှင်သံခို ရေးပြခဲ့သော ဤ 'စစ်နှင့်ငြိမ်းချမ်းရေး' ကဗျာကိုကား.. သတိမပြုမိကြ။
မိမိ၏ အသက်အန္တရာယ်ကိုပင် မမှုသော ရှင်သံခို၏ ကဗျာဇောစေတနာကို နှိုက်နှိုက်နှဲနှဲ မဆင်ချင်မိကြ။
ရှင်သံခိုကား အလွန် ကိုယ်ချင်းဖလှယ် ကြည့်နိုင်သောကြောင့် အလွန် ကိုယ်ချင်းစာနာတတ်သူ စာဆိုဖြစ်လေရာ သူ့ရတုက ပုဂ္ဂလိက အတ္တမှ လွတ်မြောက်သည့် သိမ်မွေ့လှသော မေတ္တာတရားနှင့် ကရုဏာတရားတို့ကို အလွန်နက်နဲ ညင်သာသောနည်းနှင့် လင်းလဲ့ပြလေသည်။
မြန်မာ ရှေ့ဟောင်းစာပေလောက၌ ရှင်သံခိုကဲ့သို့ စာဆိုတဦးရှိခဲ့သည်ကို ဂုဏ်ယူပါ၏။
ထိုနည်းတူစွာ ရှင်သံခိုကို နားလည်ခွင့်လွှတ်ပြီး အသက်ချမ်းသာပေးရုံမက စာဆိုတဦးအဖြစ် ဆက်လက်ချီးမြှောက်သူ အနောက်ဘက်လွန်မင်းတြားကြီးကိုလည်း ချီးမွမ်းရပေမည်။
မင်းတြားကြီး၏ အမြှော်အမြင်ကြီးမားပုံ၊ ကျေးဇူးသစ္စာသိတတ်ပုံ၊ သဘောထားကြီးပုံ၊ ပညာရှိ လူတော်လူကောင်းတို့ကို မြတ်နိုးချီးမြှောက်ပုံတို့ကို သမိုင်းစာမျက်နှာများတွင် များစွာတွေ့ရသည်။ အနောက် ဘက်လွန်မင်းတြားကား..... မင်းတြားဟူသော ၀ိသေသနဂုဏ်နှင့် ထိုက်တန်လှပေသည်။ မဟာဓမ္မရာဇာဟူသော တရားဝင်ဘွဲ့တော်သည်လည်း သင့်မြတ်မှန်ကန်လှသည်။
စာဆိုကလည်း နှလုံးသား သန့်စင် ရဲရင့်သည်။ မင်းတြားကလည်း သဘောထားကြီးမား မြင့်မြတ်သည်။
သူတို့နှစ်ဦးကား အလွန်လှပ တင့်တယ်သော သမိုင်းပန်းချီကားတကားကို ရေးခြယ်ပြသခဲ့ကြသည်ဟု ကျွန်တော်ယုံကြည်မိပါသတည်း။
တက္ကသိုလ်ဘုန်းနိုင်။
[တက္ကသိုလ်ဘုန်းနိုင်- အမြင့်သို့ အာရုံညွန့်တက်ခြင်း(သို့မဟုတ်)ကဗျာ - ပထမနှိပ်ခြင်း၊ ၂၀၀၂ ဇူလိုင် မှ ကူးယူဖော်ပြပါတယ်။]
0 comments:
Post a Comment